နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို  ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေး အဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

 

(ယမန်နေ့မှအဆက်)


နေပြည်တော်တိုင်းအွန်လိုင်းသတင်းအေဂျင်စီမှ  အယ်ဒီတာချုပ် ဦးမင်းမောင်က မြန်မာနိုင်ငံ အာဆီယံအထူးကိုယ်စားလှယ် သံအမတ် အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကမ္ဘောဒီယားနိုင်ငံမှ ဝန်ကြီး နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E. Mr. Prak Sokhonn သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက် ပြီး နေအိမ်တွင် ပြန်လည်ရွှေ့ပြောင်းထားရှိရန်အတွက် စာတစ်စောင် ထွက်ရှိလာသည်ကို တွေ့ရကြောင်း၊ ယင်းနှင့်ပတ်သက်၍  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    မည်သို့သဘောထား မှတ်ချက်ရှိ သည်ကို သိလိုကြောင်း မေးမြန်းသည်။

 


ဥပဒေအထက်တွင် မည်သူမျှမရှိ


ဗိုလ်ချုပ်ဇော်မင်းထွန်းက  မီဒီယာများအနေဖြင့်  ယင်းကိစ္စနှင့် ပတ်သက်၍ မိမိအား အတော်များများ မေးပြီးဖြစ်ကြောင်း၊  ယခင်  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း    ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး မိမိအနေဖြင့်  ပုံသေတစ်ခုသာ ဖြေကြားခဲ့ကြောင်း နံပါတ် ၁ အချက်မှာ ဥပဒေအထက်တွင် မည်သူမျှမရှိကြောင်း၊ နေရာ ပြောင်းရွှေ့ထားသည့်အခါတွင်လည်း    ယခင်နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း    ဒေါ်အောင်ဆန်းစုကြည်၏    စားဝတ်နေရေး၊ ကျန်းမာရေးနှင့်ပတ်သက်ပြီး   အထူးတလည်   စောင့်ရှောက်မှုများ ပြုလုပ်ထားကြောင်း၊ အဓိကအားဖြင့် လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စများ၊ တရားရုံးထုတ်သည့်အချိန်တွင် ပိုမိုအဆင်ပြေစေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ “ဥပဒေအထက်တွင် မည်သူမျှမရှိ”ဟု မိမိအနေဖြင့် ပြောလိုကြောင်း ဖြေကြားသည်။

 


NHP သတင်းဌာနမှ သတင်းထောက် နန်းစုစုစံက တရားဥပဒေ စိုးမိုးရေးနှင့်  ပတ်သက်သည့်   မေးခွန်းကို   မေးမြန်းသွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် ယနေ့တွင် CDM   ပညာရေးဝန်ထမ်းများနှင့်   PDF  များသာမက  အကြမ်းဖက် နိုင်ငံရေးလှုံ့ဆော်သူများကြောင့် နေရပ်စွန့်ခွာပြီး လမ်းမှားပေါ်ရောက် နေသည့် လူငယ်လူရွယ် CDM ဝန်ထမ်းများအပါအဝင် အားလုံးကို ပြန်လည်ဖိတ်ခေါ် နေသည်ကို တွေ့မြင်ရကြောင်း၊ တစ်ဖက်တွင်လည်း ပြည်ပနိုင်ငံတချို့၏ သွေးထိုး ပါဝင်ပတ်သက်မှုများကြောင့် ဥကရစ်ထ တိုက်ပွဲများကဲ့သို့ဖြစ်စဉ်များ    ပေါ်ပေါက်လာသည်ကို    တွေ့မြင်ရ ကြောင်း၊   ထို့ကြောင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ အနေဖြင့် ပြည်သူ့ဘဝကို  ပြန်လည်ခံယူလိုသူများတွက် လုံခြုံရေး အာမခံချက် မည်မျှအထိ တာဝန်ယူပေးမည်ဆိုသည်နှင့် ပြည်ပနိုင်ငံ များ၏ စွက်ဖက်မှုပါဝင်လာသည့် တိုက်ပွဲများ နောင်တွင်ရှိမလာရန် မည်ကဲ့သို့ တာဝန်ယူသွားမည်ကို သိလိုကြောင်း၊ ယနေ့ဖြစ်ပေါ်နေသည့် အနယ်နယ်အရပ်ရပ်မှ   ခိုးဆိုးလုယက်မှုများ၊   အာဏာပါဝါသုံးပြီး ဥပဒေမဲ့ပြုကျင့်နေသည့်    ကိစ္စရပ်များအပေါ်   ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက်  မည်သို့စီမံဆောင်ရွက်နေသည်ကို  သိလို ကြောင်း မေးမြန်းသည်။

 


တည်ငြိမ်အေးချမ်းမှုရရှိရေးဆောင်ရွက်လျက်ရှိ


ဗိုလ်ချုပ်ဇော်မင်းထွန်းက   မိမိတို့   ပြန်လည်ဖိတ်ခေါ်ခဲ့သည့် အထဲတွင်လည်း ပါဝင်ပြီးဖြစ်ကြောင်း၊ ပြည်သူ့ဘဝလုံခြုံအေးချမ်းစွာ နေနိုင်ရေးအတွက် အာမခံပြီးဖြစ်ကြောင်း၊ PDF အဖွဲ့များ အနယ်နယ် အရပ်ရပ်မှ   အလင်းဝင်ရောက်လာသည်မှာ  ၂၀၅  ဦး  ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းတို့ရှေ့တွင်   တချို့သော CDM ဝန်ထမ်းများ၊ တချို့သော သူများ ပြန်လည်ဝင်ရောက်လာသူများရှိကြောင်း၊ ယင်းသို့ ပြန်လည် ဝင်ရောက်လာသည့်အချိန်တွင်   ဝန်ထမ်းစည်းကမ်းအရ  လုပ်သင့် လုပ်ထိုက်သည်များ ဆောင်ရွက်ပြီး အလုပ်ပြန်လည်လုပ်နေသူများရှိပြီး အလုပ်မှထွက်သွားသူများလည်းရှိကြောင်း၊  ၅၀၅(ခ)ဖြင့် အနုပညာရှင် များလည်း လွတ်လာသူများရှိကြောင်း၊  ၎င်းတို့လည်း  အေးချမ်းစွာနေထိုင်လျက်ရှိကြောင်း၊ လမ်းပေါ်တွင် ခိုးဆိုးလုယက်မှုများ၊ တချို့သော လက်နက်ရရှိသူများအနေဖြင့် ဓားပြမှုများ ကျူးလွန်နေသည်လည်း ရှိကြောင်း၊   ထိုကိစ္စများကို   လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့်   အမြန်ဆုံး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် မိမိတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဒေသအသီးသီးတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ များကို   ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊  ယင်းပြည်သူ့လုံခြုံရေး အဖွဲ့များတွင် ပြည်သူလူထုအနေဖြင့် တစ်တပ်တစ်အားပါဝင်ပေးရန် လိုကြောင်း၊ မိမိတို့အနေဖြင့်   ဒီမိုကရေစီနိုင်ငံကို   ပြန်လည်ထူထောင် သည့်နေရာတွင်  တည်ငြိမ်အေးချမ်းရေးက  ပိုမိုအရေးကြီးကြောင်း၊ ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးရှိရန်၊  တရားဥပဒေ  စိုးမိုးမှုရှိရန် အတွက် ပြည်သူလူထုက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် မိမိအနေဖြင့် တိုက်တွန်းလိုကြောင်း ဖြေကြားသည်။
97  မီဒီယာမှ   သတင်းထောက်ချုပ်   နန္ဒလင်း(ထားဝယ်)က  ၁၆-၆-၂၀၂၂ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF မှ ဌာနေကိုယ်စားလှယ် Mr. Marcoluigi Corsi သည် ၎င်း၏ ခန့်အပ်လွှာ ကို လာရောက်ပေးအပ်ခဲ့သည်ကို သိရှိရကြောင်း၊ ကုလသမဂ္ဂ ကလေး များ ရန်ပုံငွေအဖွဲ့ UNICEF နှင့် နိုင်ငံတော်အစိုးရတို့၏ ကျန်းမာရေး ကဏ္ဍနှင့်  ပညာရေးကဏ္ဍတို့တွင်  ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေကို သိလိုကြောင်း မေးမြန်းသည်။

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်း UNICEF အဖွဲ့သည် ကျန်းမာရေး ဝန်ကြီးဌာနနှင့် ယခင်ကတည်းက လက်တွဲဆောင်ရွက်လျက်ရှိသည့်  ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းဖြစ်ကြောင်း၊ ယခုအချိန်ထိ လည်း လက်တွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန နှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်  အသေးစိတ်ကို  ကျန်းမာရေး ဝန်ကြီးဌာနမှ  တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 


UNICEF နှင့် ပူးပေါင်းဆောင်ရွက်မှု


ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF သည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာလတာရှည်စွာ  လက်တွဲဆောင်ရွက်ခဲ့သည့်  အဖွဲ့အစည်းဖြစ် ကြောင်း၊ ထိုသို့လက်တွဲပူးပေါင်းဆောင်ရွက်သည့်အချိန်တွင် အသက် တစ်နှစ်အောက်ကလေးများနှင့်  ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ၊  အာဟာရမြှင့်တင်ရေး လုပ်ငန်းများကို    အဓိကထား    ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဆောင်ရွက်မည့်လုပ်ငန်းများလည်းရှိကြောင်း၊ ထိုသို့ဆောင်ရွက်မည့်လုပ်ငန်းများမှာ အသက်တစ်နှစ်အောက် ကလေးများ နှင့်  ကိုယ်ဝန်ဆောင်မိခင်များအတွက်  ပုံမှန်ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ရာတွင် လိုအပ်သည့်ကာကွယ်ဆေးများကို  နိုင်ငံတော် ရန်ပုံငွေဖြင့် ဝယ်ယူရာ၌ အရေအတွက် ခန့်မှန်းတွက်ချက်ခြင်း၊ Gavi Alliance အဖွဲ့နှင့်  အသက်တစ်နှစ်အောက်များအတွက် ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Co-Financing နည်းစနစ် ဖြင့် ကာကွယ်ဆေးများဝယ်ယူရန် ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေး များ   ပြတ်လပ်မှုမရှိစေရေး   ဆောင်ရွက်ပေးခြင်းတို့ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရေးနှင့် ပတ်သက်သည့် အခြေခံအဆောက်အအုံ များ ဆောင်ရွက်ခြင်း၊ အအေးလမ်းကြောင်းထိန်း ရေခဲသေတ္တာများကို ကျေးလက်ကျန်းမာရေးဌာနများ၊     ကျေးလက်ကျန်းမာရေးဌာနခွဲ များတွင်    တိုးချဲ့တပ်ဆင်ရန်    စီစဉ်ဆောင်ရွက်ခြင်း၊   ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်စပ် ပစ္စည်းများကို ပံ့ပိုးပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆိုင်ရာ  ပြည်သူလူထု၏အမြင်ကို လေ့လာဆန်းစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆိုင်ရာ   သတင်းအချက်အလက်များဆိုင်ရာ လိုအပ်သည့် အိုင်တီနည်းပညာပစ္စည်းများကို ပံ့ပိုးပေးခြင်း၊ ကျန်းမာရေးဝန်ထမ်းများ အတွက်နှင့်    အအေးလမ်းကြောင်းထိန်း     ဝန်ထမ်းများအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ    ပို့ချခြင်း၊   အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့်ဆေးဝါးနှင့်   အာဟာရဖြည့်စွက်စာများ ပံ့ပိုးခြင်း၊ အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေးလုပ်ငန်းများအတွက် ပံ့ပိုး ခြင်းဖြစ်ကြောင်း၊   ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂ ကလေးများ   ရန်ပုံငွေအဖွဲ့    UNICEF   ကဲ့သို့သော    မိတ်ဖက်အဖွဲ့ အစည်းများကို ထိုကဲ့သို့သောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်   အမြဲတမ်းလက်ကမ်းကြိုဆိုလျက်ရှိပါကြောင်း   ဖြည့်စွက် ဖြေကြားသည်။

 


နေပြည်တော်  မှုခင်းနှင့်သတင်းစုံ    အွန်လိုင်းသတင်းအေဂျင်စီမှ သတင်းထောက် ဦးဇော်ဝင်းက မိမိအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ အတွက် တမူးနယ်စပ်တွင် အရေးပေါ်လိုအပ်နေသည့် အကူအညီများ ကို တစ်မိနစ်ခန့်တင်ပြလိုကြောင်း၊ တမူးခရိုင်သည် အိန္ဒိယနယ်စပ်နှင့် မိုင်ပေါင်းရာချီပြီး တစ်ဆက်တည်းဖြစ်ကြောင်း၊ လမ်းတစ်လမ်းသာ ရှိကြောင်း၊ ထိုလမ်းတွင် နိုင်ငံရေးအခြေအနေ၊    ကျန်းမာရေးအခက်အခဲ အရ   သွားလာရန်အတွက်  ယခုအချိန်တွင် မိုးရာသီဖြစ်သည့်အတွက် ကြောင့် အခက်အခဲများစွာ   ကြုံတွေ့လျက်ရှိကြောင်း၊   လက်ကျိုး ခြေကျိုးများကို    တစ်ရက်နှစ်ရက်ခန့်      စောင့်၍ရသော်လည်း ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် တမူးဆေးရုံကြီးတွင် လုံးဝကုသ၍   မရကြောင်း၊ ကလေးနှင့်  မန္တလေးကို  ပို့ရကြောင်း၊ ထိုအချိန်တွင် ပရဟိတကားများအနေဖြင့် သွားသော်လည်း  အသက်အန္တရာယ် ကြောင့် အခက်အခဲများစွာ ကြုံတွေ့လျက်ရှိကြောင်း၊   ယခင်က    ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ဦးသူရရှိသဖြင့်  အဆင်ပြေကြောင်း၊ ကိုဗစ်ကာလတွင်လည်း    လူနာများကို    ကုသပေးကြောင်း၊   ယခုအခါ  ဒေါက်တာ ဦးသူရပြောင်းသွားပြီး ထပ်မံရောက်ရှိသည့် ခရိုင်ဆရာဝန်ကြီး ကလည်း  ကိုးဆယ့်ခြောက်ပါးရောဂါဖြင့်  သေဆုံးသွားကြောင်း၊    ထို့ကြောင့် တမူးခရိုင်အတွင်း အဓိကအားဖြင့်    ကိုယ်ဝန်ဆောင်မိခင်များ အတွက် ဆေးရုံကြီးတွင်     ခွဲစိတ်ကုသနိုင်ရန်    နိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်ရန် ပြည်သူလူထုအနေဖြင့် မျှော်လင့်လျက်ရှိကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက     ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  လိုအပ်သည်များကို အသေးစိတ်မှတ်ထားပေးရန်နှင့် ပြန်လည်စိစစ်ပြီး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်တိုင်    ကျန်းမာရေးနှင့်ပတ်သက်၍    လူ့အသက်ထက် အရေးကြီးတာ ဘာမျှမရှိဟု ခံယူထားကြောင်း၊  ဦးစားပေးအဆင့်တွင် ပါဝင်ကြောင်း၊  စိစစ်ပြီး  ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြား သည်။

 


Without ကားများ လိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိ


ဆက်လက်ပြီး နေပြည်တော် မှုခင်းနှင့်သတင်းစုံ အွန်လိုင်းသတင်း အေဂျင်စီမှ ဦးဇော်ဝင်းက နိုင်ငံတော်အစိုးရအနေဖြင့် Without ကား များကို   ဖမ်းဆီးပြီး   တရားစွဲတင်ခြင်း၊  လေလံတင်ရောင်းချခြင်းမှ အခွန်ဝင်ငွေများရရှိနေသည်ကို  သိရှိရကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ အတွင်းတွင်   Without  ကားများရှိနေနိုင်ကြောင်း၊ ထို့ကြောင့် တပ်မတော်မှ အာဏာကို  ခေတ္တထိန်းထားသည့်အချိန်တွင် အချိန် ကာလတစ်ခုသတ်မှတ်ပြီး ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊ လေလံတင် ရောင်းချခြင်းထက် အစီအစဉ်တစ်ခုအနေဖြင့် လိုင်စင်ထုတ်ပေးခြင်း၊ တစ်ခုခုသတ်မှတ်ပေးခြင်း၊    နိုင်ငံတော်၏   အခွန်ဘဏ္ဍာရရှိအောင် အစီအစဉ်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုလိုင်စင်မဲ့ကားများနှင့်ပတ်သက်၍ သတင်းမျိုးစုံကို အွန်လိုင်းပေါ်တွင်လည်း   တွေ့မြင်ကြောင်း၊   ယခင် နယကအစိုးရလက်ထက်တွင် ၈၅ ရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်ပြီး တရားဝင်ယာဉ်အဖြစ်   မှတ်ပုံတင်ပေးထားသည့်   မှတ်ပုံတင်သည့် လုပ်ငန်းလုပ်ခဲ့ခြင်းရှိကြောင်း၊ ယာဉ်အရေအတွက် ၆၀၀၀ ကျော်ရှိ ကြောင်း၊ ထိုအချိန်တွင် အခြေအနေက  တစ်မျိုးဖြစ်ကြောင်း၊ ယခု လက်ရှိအခြေအနေတွင် တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ဖြစ်အောင်   ဆောင်ရွက်မည်ဆိုပါက  တရားဝင် တင်သွင်းလာသည့် ယာဉ်ပိုင်ရှင်များ   နစ်နာမှုရှိပြီး   ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် ကား Showroom များနှင့် Sale Center များလည်း ထိခိုက်လာနိုင်ကြောင်း၊   ကန့်ကွက်မှုများ  ဖြစ်လာနိုင်ကြောင်း၊ ပြည်တွင်းကားဈေးကွက်လည်း   ကမောက်ကမဖြစ်လာနိုင်ကြောင်း၊ ထို့အပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက်ကျော်လွန် သည့် ကိစ္စလည်းဖြစ်ကြောင်း၊  နိုင်ငံတကာ၏   ကျင့်သုံးနေသည့် စနစ်များကိုလည်း  ဆန့်ကျင်ရာရောက်ကြောင်း၊ တရားမဝင်တင်သွင်းမှု ကိုလည်း  အားပေးရာရောက်မည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများမှ ခိုးလာသည့်ယာဉ်များဖြစ်ပါက ပြဿနာ ပိုပြီးကြီးလာနိုင်ကြောင်း၊ ပိုပြီးကန့်ကွက်ခံရနိုင်ကြောင်း၊ ဝယ်လာသည့် ယာဉ်များသည် Second Hand ဖြစ်သည်ကိုလည်း သိပြီးဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လည်း    မလိုလားအပ်သည့်   ကိစ္စများ   ရှုပ်ထွေးလာနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လိုင်စင်ဖြင့် ထုတ်ပေးရန် အစီအစဉ်မရှိ ကြောင်း ဖြေကြားသည်။

 


မြန်မာသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးကိုကိုကြီးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖော်ဆောင်ခဲ့သည့် ညောင်နှစ်ပင် ခန်းမကြီးကို နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင်သွားကြည့်ပြီး အကြီးစား ပြင်ဆင်နေမှုများကို တွေ့ရပါကြောင်း၊ ယခင်အစိုးရခေတ်က စာအုပ် စိမ်းကြီး   ဖော်ဆောင်ခဲ့သည့်နေရာဟူ၍ အမုန်းတရားဖြင့် မပြုပြင်ဘဲ အမိုးများနှင့်     ခုံများပျက်စီးနေသည်များကို     တွေ့ရပါကြောင်း၊ တိုင်းရင်းသားအဖွဲ့များနှင့်     တွေ့ဆုံသည့်နေရာတွင်   ဖက်ဒရယ် ဒီမိုကရေစီစနစ်   ဖော်ဆောင်ရန်အတွက် ဆက်လက်ဆွေးနွေးမည်ဟု နိုင်ငံ့ခေါင်းဆောင်အနေဖြင့်   ပြောကြားသည်ကို  တွေ့ရပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ပါဝင်သင့်  ပါဝင်ထိုက်သူများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက်   ၂၀၂၃   ခုနှစ်   ရွေးကောက်ပွဲမတိုင်မီ ညောင်နှစ်ပင်ညီလာခံ ပြန်လည်ကျင်းပရန် အစီအစဉ် ရှိ/မရှိ သိလိုပါ ကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက ညောင်နှစ်ပင်သွားခြင်းမှာ ယခင်က သမိုင်းဝင်ခဲ့သည့် အဆောက်အဦဖြစ်သည့်အတွက်ကြောင့် ပြန်လည် ထိန်းသိမ်းသင့်သည့် ရည်ရွယ်ချက်ဖြင့် သွားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်  ပတ်သက်ပြီး  ကျောင်းဖွင့်ရန်  ဆောင်ရွက်နေခြင်းရှိ ကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးနှင့်ပတ်သက်ပြီး အထူးစီမံကိန်းများ ဆောင်ရွက်နေခြင်းများရှိခြင်းကြောင့် သွားရောက်စစ်ဆေးခြင်းဖြစ် ကြောင်း၊ ရိုးရိုးသားသားဖြစ်ကြောင်း ဖြေကြားသည်။ 

 


တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက မေးခွန်း မမေးမီ ကျေးဇူးတင်စကားပြောလိုပါကြောင်း၊ သတင်းစာရှင်းလင်းပွဲကို  တချို့က ဝေဖန်မှုများရှိကြောင်း၊ သတင်းစာရှင်းလင်းပွဲတက်သောသူ နှင့်  မတက်သောသူဟူ၍   ရှိပါကြောင်း၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့်အဖွဲ့များက အလကားပါဟု ပြောကြကြောင်း၊ မိမိလက်ခံလိုက်သည်မှာ ဒေါက်တာ ဇော်မြင့်မောင် နှင့်  ဒေါက်တာ အောင်မိုးညိုတို့က စတုတ္ထမဏ္ဍိုင်မရှိဟု ပြောသည့်အချိန် တွင် စတုတ္ထမဏ္ဍိုင်ကို လေးစားပါသည်ဟု ပြောခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို  ကျေးဇူးတင်ပါကြောင်း၊  သတင်းစာရှင်းလင်းပွဲတွင် မိမိမေးသည့် ကားများအလဟဿဖြစ်နေသည်ကို ချက်ချင်းအကောင် အထည်ဖော်ဆောင်သည့်အတွက်    ဝမ်းသာပါကြောင်း၊    သံတမန် နည်းလမ်း(ဗီယင်နာကွန်ဗန်ရှင်း)ကို  ချိုးဖောက်သည့်   နိုင်ငံများက မိမိတို့နိုင်ငံကို သွေးတိုးစမ်းပါကြောင်း၊ သံအမတ်ကြီးအဆင့်မှ ယာယီ သံရုံးတာဝန်ခံအနေဖြင့် ထားခဲ့သည့်နိုင်ငံများကို မိမိတို့နိုင်ငံကလည်း ပြတ်ပြတ်သားသား ယာယီသံရုံးတာဝန်ခံအနေဖြင့် ထားခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို မိမိနိုင်ငံကပိုင်ပြီး မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို မစော်ကားနှင့်ဟု  (ဂျီနီဗာကွန်ဗန်ရှင်း)ကို လက်မှတ်ထိုးထားပြီး ၁၆၄ နိုင်ငံမြောက်ဝင်ထားသည့် မိမိတို့ မြန်မာ နိုင်ငံ၏   သတ္တိကိုပြသည်ဟု    မိမိအနေဖြင့်   ယူဆပါကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည့် “၎င်းဘဝတွင် မလုပ်ရဲတာ မရှိဘူး”ဟူသည့် စကားကို မိမိယူသုံးလိုပါကြောင်း၊ တစ်ဖက်က ၎င်းတို့ အမြင်ဖြစ်သည့်  NLD  ပါတီမှ  ဒေါ်အောင်ဆန်းစုကြည်  အပါအဝင် သမ္မတ ဦးဝင်းမြင့်နှင့် ဝန်ကြီးများကို အဂတိလိုက်စားမှုဖြင့် အရေးယူ ကြောင်း၊ တပ်မတော်ကအနိုင်ကျင့်သည်ဟု စွပ်စွဲနေသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက     တာဝန်ယူထားချိန်တွင် ၎င်းကိုယ်တိုင်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်များ၊ ဝန်ကြီးများကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်  မှားသည့်သူအား မှားသည့် အတိုင်း အရေးယူမည်၊ အပြစ်ရှိသူကို အပြစ်ရှိသည့်အတိုင်း  အရေးယူ မည်ဆိုသည်ကို  လက်တွေ့လည်းပြနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရတက်လာပြီး NLD နှင့် ယခင် အဂတိလိုက်စားခဲ့သည့်ပုဂ္ဂိုလ်များကို ကြော်ငြာသကဲ့သို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် တာဝန်ထမ်းဆောင်နေသည့် အချိန်တွင်လည်း ၎င်း၏လက်ထက်တွင် ၎င်းခန့်ထားသည့်ဝန်ကြီးများ ကို အဂတိနှင့်ငြိလျှင်  အဂတိဖြင့်အရေးယူပါကြောင်း၊ ဥပဒေနှင့်မညီ လုပ်ထားသည့်  ပုဂ္ဂိုလ်များကို  ဥပဒေနှင့်အညီ   အရေးယူကြောင်းကို တရားဝင်ပြန်ကြားပေးရန်   အစီအစဉ်   ရှိ/မရှိ   သိလိုပါကြောင်း၊ ထို့နောက် ဥကရစ်ထစခန်းတွင် သုံးရက်သုံးညကြံ့ကြံ့ခံပြီး နိုင်ငံတော်ပိုင် သည့်လက်နက်များ  မဆုံးရှုံးရအောင်  အသက်ပေးကာကွယ်ခဲ့သည့် တပ်ကြပ်မြင့်လွင် အပါအဝင်  အရာရှိ/စစ်သည်များကို  တစ်ဆင့်မြှင့် ရာထူးတိုးပေးသည်ဟု ဝမ်းသာစွာကြားသိရပါကြောင်း၊ ဆရာ မြင့်လွင် သည်   မိမိအနီးကပ်သွားနေသည့်အတွက်  ပိုသိပါကြောင်း၊  ၎င်းက စစ်ကူရောက်ပြီလားဟုမေးသည့်အခါ မိမိတို့မျက်ရည်ကျခဲ့ပါကြောင်း၊ မိမိလည်းထိုသို့ကြုံဖူးပါကြောင်း၊ စစ်ကူရောက်ပြီဟုပြောသည့်အခါတွင် ၎င်းဦးခေါင်းချသွားပါကြောင်း၊   ယင်းစစ်သည်မျိုးကို   နိုင်ငံတော် အနေဖြင့် ဘွဲ့ထူး/ဂုဏ်ထူးချီးမြှင့်ရန် အစီအစဉ် ရှိ/မရှိ နှင့် ထိုနေရာတွင် ရှိသည့်   အခြားစစ်သည်များလည်း   ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း၊ ထိုသို့ သုံးရက်လေးရက် ကြံ့ကြံ့ခံခဲ့သည့် စစ်သည်များကို ရာထူးတိုးမြှင့်ပေးရုံ သာမက ဘွဲ့ထူး/ဂုဏ်ထူးပေးရန် အစီအစဉ်  ရှိ/မရှိ ထပ်လောင်းသိလိုပါ ကြောင်း မေးမြန်းသည်။ 

 


ဗိုလ်ချုပ် ဇော်မင်းထွန်းက    သတင်းထောက်ကြီးပြောခဲ့သည့်  “ကျွန်တော် ဘဝတွင် မလုပ်ရဲတာမရှိဘူး” ဆိုသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏   စကားမှာ   အပြည့်အစုံပြောရမည်ဖြစ်ကြောင်း၊ နားလည်မှုလွဲမည်ဆိုသည့်အတွက်  မိမိရှင်းပြလိုပါကြောင်း၊  နိုင်ငံရေး ပါတီများနှင့်   တွေ့ဆုံသည့်အခါတွင်  ၎င်းပြောခဲ့သည်များရှိကြောင်း၊ ယင်းကိုသတင်းဌာနတစ်ခုက “မလုပ်ရဲတာမရှိဘူး”ဟု ဖြတ်ပြီးသုံးခဲ့ ကြောင်း၊  မိမိအနေဖြင့် အပြည့်အစုံပြောပြရလျှင်   ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ပြောခဲ့သည်မှာ “နိုင်ငံတော်အရေးအတွက်၊  နိုင်ငံတော်၏ အကျိုးစီးပွားအတွက် ကျွန်တော်မလုပ်ရဲတာ မရှိဘူး”ဟု ပြောခဲ့ခြင်း ဖြစ်ကြောင်း၊ လူယုတ်မာများက နိုင်ငံတော်အရေးနှင့် နိုင်ငံတော် အကျိုးစီးပွားကိုဖြုတ်ပြီး  “မလုပ်ရဲတာမရှိဘူး”  ဟု လုပ်ခဲ့ပါကြောင်း ပြောကြားသည်။ 

 


အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အရေးယူမှုများ


သတင်းထောက်ကြီး၏ ဒုတိယမေးခွန်းကိုဖြေရလျှင် မိမိတို့ စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမမေးခွန်းဖြစ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့်နေ့မှစ၍ ဇွန် ၂၉ ရက်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားစာစုစုပေါင်း ၁၅၀၀    ရောက်ရှိပါကြောင်း၊   ကော်မရှင်က  အစည်းအဝေးသုံးသပ် တင်ပြပြီး စုံစမ်းစစ်ဆေးပါကြောင်း၊ အထောက်အထား ခိုင်လုံစွာဖြင့် ပေးပို့လာသည့်  တိုင်ကြားစာ ၄၀ အပေါ်တွင် စုံစမ်းစစ်ဆေးနိုင်ရန် အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့များ  ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးပေါ်ပေါက်ချက်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ နှင့်  အရေးယူဆောင်ရွက်နေသူများအနေဖြင့်  နိုင်ငံရေးရာထူးလက်ရှိ ဖြစ်ခဲ့သူ ၇၀၊   နိုင်ငံ့ဝန်ထမ်းနှင့်   ပြင်ပပုဂ္ဂိုလ်   ၆၃   ဦးဖြစ်ပါကြောင်း၊ တရားစွဲဆိုမှုအနေဖြင့်   နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့သူ  ၇၀၊ အဆင့်မြင့် အရာရှိ ရှစ်ဦး၊ အရာထမ်း ခြောက်ဦး ၊ ပြင်ပပုဂ္ဂိုလ် ခြောက်ဦး စုစုပေါင်း ၉၀ ဖြစ်ပါကြောင်း၊ ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃၀ (ခ)အရ  နိုင်ငံဝန်ထမ်း ဥပဒေဖြင့် စုစုပေါင်း ၄၃ ဦး အရေးယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆင့်မြင့်အရာရှိတစ်ဦး၊ အရာထမ်း ၄၁ ဦးနှင့် အမှုထမ်း ၁ ဦးဖြစ်ပါကြောင်း၊ NLD ပါတီမှပုဂ္ဂိုလ်များသာ အရေးယူခြင်းမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းနှင့် ပြင်ပပုဂ္ဂိုလ် ၆၃ ဦး အရေးယူ ထားပါကြောင်း၊   NLD   လက်ထက်ကို   မိမိပြောလိုပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးအဆင့် ၃၈ ဦး၊ ဒုတိယဝန်ကြီးအဆင့်  ၇၁  ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအပါ ဝန်ကြီး ၁၆၅ ဦး၊ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ စုစုပေါင်း ၂၇၄ ဦး ခန့်အပ်ခဲ့သော်လည်း အဂတိလိုက်စားမှု ကျူးလွန်ကြောင်း တိုင်ကြားခံရသည့် နိုင်ငံရေး ရာထူးနှင့် လက်ရှိဖြစ်ခဲ့သူများကိုသာ စစ်ဆေးပေါ်ပေါက်ချက်အရ အရေးယူခြင်းဖြစ်ပါကြောင်း၊ NLD  လက်ထက်တွင် ခန့်အပ်ခဲ့သူ ၂၇၄ ဦး ရှိပြီး ခိုင်လုံ၍အရေးယူထားသည်မှာ မည်မျှသာရှိသည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ကွာခြားချက်မည်မျှရှိသည်ကို တွက်ဆကြည့်လျှင် သိနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေကြေးများနှင့်ပစ္စည်းများ နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် NLD အစိုးရလက်ထက် ၂၁-၆-၂၀၁၈ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ပြဋ္ဌာန်းပြီးနောက်တွင်     ကော်မရှင်အနေဖြင့်    လာဘ်ပေး လာဘ်ယူမှုများအပါအဝင် နိုင်ငံတော်၏ ငွေကြေးနှင့်ပစ္စည်း နစ်နာ ဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး   အရေးယူနိုင်ခဲ့ပါကြောင်း၊   ကော်မရှင် အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပိုင်း တွင် တရားစွဲဆိုတင်ပို့သည့်   အမှုပေါင်း  ၁၉၄  မှုအနက်  နိုင်ငံတော် ဘဏ္ဍာငွေ  နစ်နာဆုံးရှုံးခဲ့သည့်အမှု ၈၇ မှုရှိပြီး နိုင်ငံတော်အနေဖြင့် မြန်မာကျပ်ငွေ သန်းပေါင်း ၁၉၃ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် နစ်နာဆုံးရှုံးခဲ့ရသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ကော်မရှင်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုပြီး သန့်ရှင်းသည့်အစိုးရနှင့် ကောင်းမွန်သည့် အုပ်ချုပ်မှုဖြစ်ရန် ဆောင်ရွက်လျက်ရှိသကဲ့သို့     နိုင်ငံတော်အစိုးရအနေဖြင့်    အဂတိ လိုက်စားမှုနှင့်ပတ်သက်ပြီး ကျောသားရင်သားမခွဲခြားဘဲ ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။