နေပြည်တော် ဇူလိုင် ၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အစိုးရ နည်းပညာကောလိပ်(နေပြည်တော်)၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က စိုက်ပျိုးမည့်ပျိုးပင်များကို ဝန်ထမ်း များနှင့် ကျောင်းသား ကျောင်းသူများကိုယ်စား အစိုးရနည်းပညာကောလိပ် (နေပြည်တော်) ကျောင်းအုပ်ကြီးကို လည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အစိုးရနည်းပညာ အထက်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီးကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦးက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းကျောင်း (နေပြည်တော်) ကျောင်းအုပ်ကြီးကို လည်းကောင်း ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး (အပေါ်ယာပုံ) နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ကံ့ကော်ပင်ကို စိုက်ပျိုးပေးကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ကံ့ကော်ပင်နှင့် ခရေပင်များကို စိုက်ပျိုးပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဝန်ထမ်း များ၊ ကျောင်းသား ကျောင်းသူများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးကြ သည်။ ယနေ့ကျင်းပသော သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော် ပင် ၂၀၀ နှင့် ခရေပင် ၄၀၀ စုစုပေါင်း အပင် ၆၀၀ စိုက်ပျိုးကြသည်။
ယခုနှစ် မိုးရာသီကာလအတွင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ ကျောင်း များဖြစ်ကြသည့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူ တာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်းများတွင် ရတနာ တန်းဝင်အပင်များ၊ အရိပ်ရလေကာပင်များ၊ နှစ်ရှည် သီးပင်စားပင်များနှင့် အလှပန်းပင်များ စုစုပေါင်း ၃၄၀၀၀ ကျော်တို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များသည် Sydney Accord နှင့်အညီဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အစိုးရနည်းပညာကောလိပ် (နေပြည်တော်) တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူ များ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လက်တွေ့ခန်းများ၊ သင်ထောက်ကူ ပစ္စည်းများ၊ အလုပ်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများကို လိုအပ်သည်များ မှာကြားပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ယနေ့ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပသော အစိုးရနည်းပညာကောလိပ် (နေပြည်တော်) တွင် နည်းပညာဘွဲ့သင်တန်း(Bachelor of Technology (B.Tech)) များဖြစ်ကြသည့် မြို့ပြအင်ဂျင်နီယာ (Civil Engineering) ၊ စက်မှုအင်ဂျင်နီယာ (Mechanical Engineering) ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ (Electrical Power Engineering) ၊ စက်မှုလယ်ယာနည်းပညာ (Farm Machinery Technology) နှင့် အစားအသောက်နည်းပညာ(Food Technology) အထူးပြုဘာသာရပ်များကို သင်ကြား ပေးမည်ဖြစ်သည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန အနေဖြင့် အစိုးရနည်းပညာကောလိပ် ငါးကျောင်း အား(နေပြည်တော်၊ ရွှေဘို၊ မန္တလေး၊ ကျောက်ဖြူ၊ တောင်ဒဂုံ) တို့တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်များပါဝင်သော မည်သည့်ဘာသာတွဲများဖြင့်မဆို အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ လျှောက်ထားနိုင်မည် ဖြစ်ပြီး သင်တန်းကာလ လေးနှစ်ပြီးစီးပါက Bachelor of Technology (B.Tech) ဘွဲ့ကို တိုက်ရိုက် အပ်နှင်းချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



