ရန်ကုန် ဇူလိုင် ၇
(၁၉) ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည် ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် Nanning International Convention & Exhibition Center (NICEC) ၏ Hall 13 , 2F, Zone D တွင် ပြခန်း ၂၄ ခန်း ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲတွင် ပါဝင်ပြသမည့် ကုမ္ပဏီများအနေ ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကန့်သတ်ချက်များ ကြောင့် ကိုယ်တိုင်သွားရောက်ခွင့် ရရှိမည် မဟုတ်ဘဲ မိမိတို့ ပါဝင်ပြသမည့် မြန်မာ့ ထွက်ကုန်ပစ္စည်းများကို ပေးပို့၍ တရုတ်နိုင်ငံရှိ ကိုယ်စားလှယ်က တာဝန်ယူပြသမည်ဖြစ် ကြောင်း သိရသည်။ ပါဝင်ပြသမည့် ကုမ္ပဏီ များသည် မြန်မာနိုင်ငံသား ကုမ္ပဏီများ ဖြစ်ရ မည်ဖြစ်ပြီး တရုတ်နိုင်ငံ၌ ကုမ္ပဏီခွဲ (သို့မဟုတ်) ကိုယ်စားလှယ်ရှိသူဖြစ်ရန် လိုအပ် သည်။
ပြခန်းတွင် မြန်မာထွက်ကုန် ပစ္စည်းများ ကိုသာ ပြသရမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ တာဝန်ယူပြသမည့် ကိုယ်စားလှယ်အား မြန်မာကုမ္ပဏီမှ ကိုယ်စားလှယ်လွှဲထား ကြောင်း စာအထောက်အထားပေးအပ်ရန်နှင့် မြန်မာထွက်ကုန်ပစ္စည်းများမဟုတ်သော အခြားနိုင်ငံထွက်ကုန်ပစ္စည်းများကို ပြခန်းများတွင် ပြသရောင်းချခွင့်မပြုကြောင်း မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
(၁၉) ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသော မြန်မာ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် ပြပွဲဆိုင်ရာ အချက်အလက်များ သိရှိနိုင်ရန်အတွက် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးရေးဌာနခွဲ ရုံးအမှတ် (၃)၊ နေပြည်တော် ဖုန်း-၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ နှင့် အီးမေးလ် moctradefair@gmail.com နှင့် moctradefair@myantrade.gov.mm တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။
ကိုရိုး



