နေပြည်တော် ဇူလိုင် ၆
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထ အကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည့် “မျှစ်စိုက်ပျိုးထုတ်လုပ်ရေးတန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေ အိမ်ထောင်စုများ ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေးဆိုင်ရာ စီမံ ကိန်း” ၏ လုပ်ငန်းအစီအစဉ်များ ထဲမှတစ်ခုဖြစ်သော အကျိုးဆောင် တောင်သူများသို့ ဝါးပျိုးပင် ပေးအပ် ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏ ခရိုင် လယ်ဝေးမြို့နယ် အောင်သပြေ ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနား တွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က မျှစ်နှင့် မျှစ်ချဉ်ကဲ့သို့သော ဒေသထွက် စားသောက်ဖွယ်ရာ များ၊ ဝါးအခြေခံ လက်မှုကုန်ချော များကို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်ပြီး ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိ ရေးနှင့် ဝင်ငွေတိုးတက်ရေး အလားအလာကောင်းများလည်း ရှိနေရာ ယခုကဲ့သို့ ဝါးစိုက်ခင်း များ တည်ထောင်နိုင်ရေးအတွက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ ဖြင့် ထောက်ပံ့အားပေးခြင်း အပေါ် အကျိုးဆောင် တောင်သူ များအနေဖြင့် လုပ်ငန်းများ ဖြစ် ထွန်းအောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး က အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီး တို့က ဝါးပျိုးပင်နှင့် ဓာတ်မြေ ဩဇာများကိုပေးအပ်ရာ အကျိုး ဆောင်တောင်သူများက လက်ခံ ရယူကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာ ကြသူများက ဝါးပင်များ စုပေါင်း စိုက်ပျိုးပေးကြသည်။
ယနေ့ အခမ်းအနားတွင် ကျလို့ဝါးပျိုးပင် ၂၂၀၀ ကို အကျိုးဆောင် တောင်သူများထံ ပေးအပ်ပြီး လယ်ဝေးမြို့နယ်အောင်သပြေကျေးရွာနှင့် ပျဉ်းမနား မြို့နယ် ဆိတ်ဖူးတောင်ကျေးရွာ များအတွက် တစ်ရွာလျှင် ဝါးစိုက်ခင်း ငါးဧကစာအတွက် ပျိုးပင်နှင့် သွင်းအားစုများ ထောက်ပံ့ထားကြောင်း သိရ သည်။ လာမည့်နှစ် စိုက်ပျိုးရာသီ များတွင်လည်း ဒေသနေပြည်သူ များ ဝါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရန် ပျိုးခြံတည်ထောင် ဆောင်ရွက်ထားရှိကြောင်း သိရ သည်။
သတင်းစဉ်



