ရန်ကုန် ဇူလိုင် ၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား လမ်းရှိ The Global New Light of Myanmar သတင်းစာတိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ သတင်းစာတိုက်အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီးအား The Global New Light of Myanmar သတင်းစာတိုက် အထွေထွေမန်နေဂျာ၊ စာတည်းမှူးချုပ်နှင့် စာတည်းအဖွဲ့ဝင်များက သတင်းစာအား အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြောင်းလဲဖော်ဆောင် မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ပိုမိုပါဝင်ပူးပေါင်းဆောင်ရွက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက The Global New Light of Myanmar သတင်းစာ၏ အနာဂတ်တွင် ပုံဖော်လိုသည့် အနေအထားကို ဆွေးနွေးပြီး ယခုထက် ပိုမိုကောင်းမွန်သည့် အနေအထားကို ရောက် အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းမှန်များကို ပြည်သူများထံ နည်းလမ်းပေါင်းစုံဖြင့် ရောက်ရှိအောင် ဆောင်ရွက်နေသည့်အတွက် သတင်းများကို ဖတ်ချင် စဖွယ်ဖြစ်အောင်၊ စိတ်ဝင်စားဖွယ်ကောင်းအောင် ဖော်ပြပေးသွားရန် လိုကြောင်း၊ နိုင်ငံပိုင်မီဒီယာတစ်ခုအနေဖြင့် ပြည်သူလူထု၏ အခြေအနေ မှန်ကို သုံးသပ်ပြီး သတင်းမှန်များရရှိခြင်းဖြင့် နိုင်ငံနှင့် ပြည်သူအတွက် ပိုမိုပါဝင်ပူးပေါင်းဆောင်ရွက်လာစေရန် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာတည်းဌာနနှင့် ပုံနှိပ် စက်ခန်းကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာရေးရာလေ့လာ ရေးအဖွဲ့နှင့် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး သတင်းအချက်အလက်ဌာနခွဲ(ရန်ကုန်)၌ တွေ့ဆုံသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး အကြီးစားပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
သီဆိုဖျော်ဖြေမှု ရိုက်ကူးခြင်းအားကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Studio-1 တွင် Friday Night Show တင်ဆက်ရန် “သီချင်းဒိုင်ယာရီ” အစီအစဉ်ရိုက်ကူးရေး ဆောင်ရွက်လျက်ရှိကြသည့် မြန်မာပြည်သိန်းတန်နှင့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ပြီး သီဆိုဖျော်ဖြေမှု ရိုက်ကူးခြင်းအား ကြည့်ရှုအားပေးသည်။
ပါဝင်သီဆိုဖျော်ဖြေ
အဆိုပါ “သီချင်းဒိုင်ယာရီ” အစီအစဉ်အား ၂၀၂၂ခုနှစ် ဇူလိုင် ၈ ရက် သောကြာနေ့ည ၉နာရီခန့်တွင် MRTV HD မှ ထုတ်လွှင့်ပြသ မည်ဖြစ်ရာ ယင်းအစီအစဉ်တွင် မြန်မာပြည်သိန်းတန်နှင့်အတူ စောဒယ်နီရယ်၊ ချိုမီမီဇော်နှင့် အိအိလှိုင်တို့က ပါဝင်သီဆိုဖျော်ဖြေကြ မည်ဖြစ်ပြီး သရုပ်ဆောင် နေဒွေးနှင့် သဉ္ဇာမြင့်မိုတို့က အစီအစဉ် တင်ဆက်သူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



