နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်   ဇူလိုင်   ၆


ရွေးကောက်ပွဲအတွက်    မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို      ယနေ့မွန်းလွဲ ၂ နာရီတွင်  နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌရုံး  အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 


အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊  ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးခင်ရီ နှင့်   ဒေါက်တာမျိုးသိန်းကျော်၊     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်   ဦးအောင်လွင်ဦး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်၊  ဦးဇော်ဝင်း၊  ဦးအောင်ထွန်းခိုင်နှင့်   တာဝန်ရှိသူများ တက်ရောက် ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့်တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းက       အမှာစကားပြောကြားရာတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို   ၂၀၂၂   ခုနှစ် မတ် ၁၄ ရက်မှ စတင်ကျင်းပခဲ့ရာ   သုံးကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ဧပြီ ၂၁ ရက်မှစ၍   ထုတ်ပေးထားပြီးဖြစ်သည့်  နိုင်ငံသားစိစစ်ရေးကတ်     ဒေတာများပြုစုရေး၊ ဒေတာအတွင်း  ထည့်သွင်းရေးတို့ကို   ဆောင်ရွက် ခဲ့ကြောင်း၊   ထိုသို့ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများ၊     လူဝင်မှု ကြီးကြပ်ရေးနှင့်    ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊   တပ်မတော်သားများ၊    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊   စေတနာ့ဝန်ထမ်းများ    စုစုပေါင်း အင်အား ၃၆၀၀ ကျော်၊   ကွန်ပျူတာအလုံးရေ  ၃၀၀၀ ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းပူးပေါင်း လိုက်နာဆောင်ရွက်ခဲ့ကြသည့်အတွက်  ဇွန် ၂၁ ရက် တွင်  လက်ရေးမူဖြင့် ထုတ်ပေးထားရှိသည့် နိုင်ငံသား စိစစ်ရေးကတ် ၅၁ သန်းကျော်  စာရင်းကို  ကွန်ပျူတာ ဒေတာအတွင်း ၂ လအတွင်း ထည့်သွင်းနိုင်ခဲ့ကြောင်း။

 

လျင်မြန်စွာဆောင်ရွက်နိုင်မည်


ဒုတိယအဆင့်အနေဖြင့်  ပုံစံ ၆၆ / ၆ ပါ အချက် အလက်များအား ပုံစံ(၄) ရှိ စာရင်းများနှင့်တိုက်ဆိုင် စစ်ဆေးရမည်ဖြစ်ကြောင်း၊   ဒုတိယအဆင့် လုပ်ငန်း ပြီးစီးမှသာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အပြန် အလှန်စစ်ဆေးခြင်း  ဆောင်ရွက်ရန်      ရပ်ကွက်၊ ကျေးရွာများအလိုက်  မြေပြင်ကွင်းဆင်းဆောင်ရွက် ခြင်းများ  လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊  အဆိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်    စိစစ်ခြင်းပြီးစီးမှသာ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက   ဖွဲ့စည်းပေးထားသည့် National   Data   Base     တွင်     စာရင်းဇယားများ မှန်ကန်လုံခြုံစွာ ရောက်ရှိမည်ဖြစ်ကြောင်း၊ National Data Base Main Server တွင်ရှိနေသည့် အချက်အလက် များကို    အသုံးပြု၍    သက်ဆိုင်ရာဌာနများအနေဖြင့်   လိုအပ်သည့် အချက်အလက်စိစစ်ခြင်း လုပ်ငန်းများ လျင်မြန်စွာ       ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊  ထို့ကြောင့် အဆင့်(၂)နှင့် အဆင့် (၃)ပါ လုပ်ငန်းစဉ် များကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ လွတ်လပ် ပြီး    မျှတသည့်ရွေးကောက်ပွဲ၊         မှန်ကန်သည့် ရွေးကောက်ပွဲ၊ စာရင်းအတိအကျရှိသော ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်ကြောင်း၊  သို့ဖြစ်၍ နိုင်ငံသူ နိုင်ငံသား များနှင့်  ဌာနဆိုင်ရာများအတွက်  အကျိုးရှိစေမည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ  စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက   မဲစာရင်းများ    မှန်ကန်စေရေး  တိုက်ဆိုင်စစ်ဆေးခြင်းဆိုင်ရာ       ကိစ္စရပ်များကို လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌  လူဦးရေစာရင်းကောက်ယူခြင်း ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍     လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက  မဲစာရင်းမှန်ကန်စွာ ရရှိရေး    ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


ရှင်းလင်းတင်ပြ

ယင်းနောက်       နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက        လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရင်းအချက်အလက် ကောက်ယူခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။ 

 

နိဂုံးချုပ်အမှာစကားပြောကြား

ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက     နိဂုံးချုပ်အမှာစကား    ပြောကြားပြီး အစည်းအဝေးကို   ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။                       

သတင်းစဉ်