ဘားအံ ဇူလိုင် ၃
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်း သင်တန်းဖွင့်ပွဲနှင့် ဂဟေဆက် သင်တန်းဆင်းပွဲကို ဇူလိုင် ၁ ရက်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတတ်ကျွမ်းသည့် ပညာရပ်များ ဖြင့် မိမိဒေသအကျိုး၊ မိမိရပ်ရွာအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဂဟေဆက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။ ဂဟေဆက်သင်တန်း၌ သင်တန်းသား သင်တန်းသူ ၂၇ ဦး သင်တန်းဆင်းခဲ့ကြသည်။ အိမ်တွင်းလျှပ်စစ် သွယ်တန်းခြင်း သင်တန်း၌ သင်တန်းသား ၂၀ က ဇူလိုင် ၁ ရက်မှ ၂၉ ရက် အထိ တက်ရောက်ကြမည် ဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)



