လယ်ဝေး ဇူလိုင် ၂
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်နှင့် ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ်ရှိ ကိုနှင့်ညီ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံနှင့် မြို့ကုန်းကျေးရွာ အနီးရှိ မဒန်းရေလွှဲဆည်တို့ကို ဇွန် ၂၉ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ကိုနှင့်ညီ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ၌ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ လှမျိုး သန့်နှင့် ခြံတာဝန်ခံတို့က ဘက်စုံ စိုက်ပျိုးမွေးမြူ ရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြပြီး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံဖြစ်၍ သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး၊ တိရစ္ဆာန်အညစ်အကြေးမှတစ်ဆင့် Biogas ထုတ်လုပ်နိုင်ရေးနှင့် ဘက်စုံမွေးမြူရေးခြံ ဖြစ်၍ အခြားတိရစ္ဆာန်များကို လည်း တိုးချဲ့မွေးမြူရန် စသည်တို့ကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် မဒန်း ရေလှောင်တမံ၏ အောက်ဘက် ၂၈ မိုင်အကွာ မြို့ကုန်းကျေးရွာအနီးတွင် တည်ရှိသည့် မဒန်းရေလွှဲ ဆည်သို့ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၅) မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမိုးလွင်က မဒန်း ရေလွှဲဆည်နှင့် ပတ်သက်သည့် အချက်အလက်များ၊ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း များ (၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်)အတွင်း လုပ်ငန်း လျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှုများ၊ မဒန်းတမံ၊ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် မဒန်းရေလွှဲဆည်၏ အချက် အလက်များ၊ ဆည်ရေပေးဝေနိုင်မည့် ဧရိယာစသည် တို့ကို ရှင်းလင်းတင်ပြသည်။
မဒန်းရေလှောင်တမံစီမံကိန်းသည် လယ်ဝေး မြို့နယ် နနွင်းကျင်းကျေးရွာအနီးတွင် တည်ရှိပြီး မြေသားတမံအမျိုးအစားဖြစ်ကာ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ဧက ပေ ၃၆၅၀၀ ဖြစ်သည်။ ၂၀၀၄-၂၀၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည်။ မဒန်းရေလွှဲဆည်ကို ၂၀၁၁-၂၀၁၂ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပြီးစီးခဲ့ ကာ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
ဆောင်ရွက်ပြီး လုပ်ငန်းပိုင်းများမှ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး ၈၈၈ ဧက ရေပေးဝေလျက်ရှိပြီး စီမံကိန်းပြီးစီးပါက ဧက ၆၀၀၀ ခန့်ကို ဆည်ရေပေးဝေသွားနိုင်မည် ဖြစ်ကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)



