သတင်းဆောင်းပါး-မြင့်ဦး(မြိတ်)
မြိတ် ဇူလိုင် ၂
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီကမ်းရိုးတန်းတွင် နေထိုင်သော ပြည်သူများမှာ ရေလုပ်ငန်းကို အမှီပြုပြီး နေထိုင်အသက်မွေးသူ များပြားသည်၊၊
ထိုင်းနိုင်ငံသို့
ရေထွက်ပစ္စည်းတင်ပို့မှု
တနင်္သာရီကမ်းရိုးတန်းဒေသသည် အနောက် ဘက်တွင် အက်ဒမန်ပင်လယ်ကြီးနှင့် ထိစပ်နေပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် နယ်ချင်းထိစပ်နေ သည်။ တနင်္သာရီရိုးမတစ်လျှောက် ကုန်းတွင်းပိုင်း နှင့် နယ်ချင်းထိစပ်နေသလို ကော့သောင်းခရိုင် ဘက်မှာလည်း ပင်လယ်ရေပြင်နှင့် နယ်ချင်းထိစပ် နေသည်၊၊ ထို့ကြောင့် ရေခံမြေခံကောင်းသည့် တနင်္သာရီတိုင်းဒေသကြီးသည် ကုန်းလမ်း၊ ရေလမ်း များဖြင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နိုင်သည့် ဒေသတစ်ခုဖြစ်သည်၊၊
ရေလုပ်ငန်းကဏ္ဍသည် တိုင်းဒေသကြီး၏ အဓိကလုပ်ငန်းဖြစ်ပြီး ခေတ်အဆက်ဆက် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေထွက်ပစ္စည်း တင်ပို့နေခဲ့ရသည်၊၊ ထိုင်းနိုင်ငံ ရေထွက်ပစ္စည်းတင်ပို့မှု၏ အဓိကထောက်တိုင် သည် ရနောင်းမြို့နှင့် မဟာချိုင်ဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်းများ၊ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် အဓိကလည်ပတ်နေသည့် ဒေသများဖြစ်သည်၊၊ ရေသယံဇာတများ၊ ရွှေ့ပြောင်း လုပ်သားများ တင်ပို့ပေးနေရသော်လည်း ငါးဈေးကွက်ကြီးသည် မြန်မာနိုင်ငံတွင် တည်ရှိနေခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် တည်ရှိနေခဲ့သည်မှာ ဆယ်စုနှစ် များစွာကြာခဲ့ပြီ ဖြစ်သည်၊၊
ရေသယံဇာတများဆုံးရှုံးနေ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လွန်ခဲ့သည့် နှစ် ၂၀ ကျော်ကတည်းက တည်ရှိခဲ့သည့် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးသည် ထိုင်းရောက် ငါးဈေးကွက်ကြီးကို မြန်မာနိုင်ငံသို့ ပြန်လည်ယူဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ သော်လည်း အစိုးရအဆက်ဆက် ကူညီပံ့ပိုးမှု အားနည်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ရေသယံဇာတများဆုံးရှုံးခြင်း၊ အခွန်အခများနစ်နာ ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးခြင်းများ ဖြစ်ပေါ်နေခဲ့ရသည်။
“လက်ရှိငါးဈေးကွက် အခြေအနေကိုပြောရရင် တော့ ကျွန်မတို့မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီးရှိနေပါတယ်၊၊ တနင်္သာရီတိုင်း ဒေသကြီးမှာဆိုရင်လည်း ငါးဖမ်းလှေကြီးတွေ ထောင်နဲ့ချီပြီးရှိပါတယ်။ ငါးဈေးကွက်ကို လက်ရှိ အစိုးရက ပြန်လည်ပတ်နိုင်အောင် ကူညီဆောင်ရွက် ပေးမယ်ဆိုရင် နိုင်ငံတော်ရဲ့ဝင်ငွေတွေ၊ အလုပ် အကိုင်အခွင့်အလမ်းတွေ မြန်ဆန်စွာနဲ့ အချိန်တို အတွင်းရရှိလာမှာပါ၊၊ ထိုင်းနိုင်ငံမှာက တနင်္သာရီ တိုင်းဒေသကြီးကထွက်တဲ့ ရေထွက်ကုန်တွေ အပေါ်မှီခိုပြီး ငါးဈေးကွက်ဆိုတာ ဖြစ်ပေါ်နေတာပါ၊၊ ကျွန်မတို့နိုင်ငံမှာ ငါးလေလံဈေးကြီးရှိနေသားနဲ့ ဥပဒေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့ ကြတော့ ထိုင်းနိုင်ငံမှာ ကျွန်မတို့နိုင်ငံရဲ့ ငါးတွေနဲ့ငါးဈေးကွက်ကြီးဖြစ်ပြီး လည်ပတ်နေခဲ့တာပါ၊၊ မြိတ်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီး ဟာ ပုဂ္ဂလိကတစ်ဦးတည်း ပိုင်ဆိုင်တာမဟုတ်ပါဘူး၊၊ ငါးလုပ်ငန်းဦးစီးဌာနက ၃၀ ရာခိုင်နှုန်း၊ တိုင်းရင်းသား လုပ်ငန်းရှင်က ၁၀ ရာခိုင်နှုန်း၊ နိုင်ငံခြားကုမ္ပဏီက ၆၀ ရာခိုင်နှုန်းပါဝင်တယ်၊၊ အစိုးရအနေနဲ့ ကူညီ ဆောင်ရွက်ပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငါးဈေးကွက်ကြီး ပြန်လည်ရောက်ရှိလာမှာပါ’’ ဟု အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီး၏ MD ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ရေထွက်ပစ္စည်းတင်ပို့မှုမှ နှစ်စဉ် ဒေါ်လာသန်း ၇၀၀ မှ ၈၀၀ ခန့်သာ ရသော် လည်း ထိုင်းနိုင်ငံအနေဖြင့် တစ်နှစ်လျှင်ရေထွက် ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ခုနစ်ဘီလီယံကျော်အထိရရှိနေကြောင်း သိရသည်။ ထိုင်းနိုင်ငံ ရနောင်းမြို့ တွင်ရှိသည့် ရေထွက်ကုန်များ၏ ၉၀ ရာခိုင်နှုန်းကျော် မှာ မြိတ်ကျွန်းစုမှ တင်ပို့ပေးနေသည့် ရေထွက်ကုန် များဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတစ်ခုလုံး၏ ရေထွက် ကုန် ၃၀ ရာခိုင်နှုန်းကျော်မှာ ရနောင်း ငါးဈေးကွက် မှ ရရှိခြင်းဖြစ်ကြောင်း ထိုင်းငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အလုပ်အကိုင် အခွင့်အလမ်းများ
ဖော်ဆောင်နိုင်မည်
ပင်လယ်ရေထွက်ကုန်တင်ပို့မှုမှ ရသင့်သည့် အခွန်အခများ ယိုဖိတ်နေသလို လူသားအရင်းအမြစ် ယိုဖိတ်မှုများဖြစ်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံ တွင် ငါးဈေးကွက် ပြန်လည်ဖော်ဆောင်ပေးပါက နိုင်ငံတော်မှ အခွန်အခများ မှန်ကန်စွာ ရရှိမည့် အပြင် အလုပ်အကိုင် အခွင့်အလမ်းများစွာလည်း ဖော်ဆောင်လာနိုင်မည် ဖြစ်သည်။
“မြိတ်မြို့မှာရှိတဲ့ ငါးလေလံဈေးအောင်မြင်ဖို့ဆိုရင်သက်ဆိုင်ရာတာဝန်ရှိသူတွေ ကူညီပံ့ပိုးပေးရ မယ့်အပြင် FOB စနစ်ကိုလည်း လျှော့ချဖို့လိုမယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ငါးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုများ
လက်ရှိမြိတ်မြို့မှာရှိသည့် ငါးလေလံဈေးကြီး သည် MIC မှ ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံခွင့်ရ ထားပြီး ဒေါ်လာဆယ်သန်း ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်သလို ရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း ၂၀ ထပ်တိုး ရန်တင်ပြခဲ့သော်လည်း ယခင်အစိုးရလက်ထက် တွင်ကြန့်ကြာမှုဖြစ်နေခဲ့သည်ဟု သိရသည်။
ကုန်သွယ်မှု ဒေါ်လာတစ်ဘီလီယံအထိ
တက်လာနိုင်
“ကျွန်မတို့ ငါးလေလံဈေးကြီးတည်ထောင်ခဲ့ တာက ငါးဈေးကွက်တစ်ခုတည်းတင်မဟုတ်ပါဘူး၊၊ တရားမ၀င်ကုန်သွယ်မှုတွေ လျှော့ချဖို့အတွက် လည်းပါခဲ့တယ်၊၊ တရားမ၀င်ကုန်သွယ်မှုလို့ဆိုရာမှာ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း၊ လောင်စာဆီ မှောင်ခို၊ အစားအသောက်မှောင်ခို၊ ရေထွက်သယံဇာတ တွေကို အခွန်လျှော့ပြတာတွေ၊ ထိန်းသိမ်းရမယ့် ရေသယံဇာတတွေ ဖမ်းတာကို တားဆီးရေး အတွက်လည်းပါတယ်၊၊ ငါးလေလံဈေးကြီးကို နိုင်ငံတော်အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးပြီး စနစ်တကျလည်ပတ်မယ်ဆိုရင် တနင်္သာရီတိုင်းဒေသကြီးတစ်ခုတည်းမှ တစ်နှစ်ကို ကုန်သွယ်မှု ကနေ ဒေါ်လာတစ်ဘီလီယံအထိ တက်လာနိုင်ပါ တယ်၊၊ အလုပ်အကိုင်အခွင့်အလမ်းလည်း သောင်းနဲ့ ချီပြီးပေးထားလို့ ရလာပါလိမ့်မယ်’’ ဟု ဒေါ်ဌေးဌေးဝင်း က ဆက်လက်ပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးကြီး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အင်းလေး မြိုင်စက်မှုဇုန်တွင် တည်ရှိသည့် မြန်မာအပြည်ပြည် ဆိုင်ရာ ငါးလေလံဈေးကြီးမှာ ငါးတင်ချဆိပ်ကမ်း တံတားကြီး၊ ငါးဂိုဒေါင်၊ လေလံခင်းသည့် နေရာများ၊ ရုံးခန်းများ၊ အအေးခန်းများ၊ ဌာနဆိုင်ရာပေါင်းစုံ ပါဝင်သည့် One Stop Service ရုံးများ၊ ကျယ်ပြန့် သည့် မြေနေရာများ၊ လမ်းများဖောက်လုပ်ထားပြီး အသင့်အနေထားရှိနေကာ နိုင်ငံတော်မှ ဥပဒေ အတိုင်း ကူညီဆောင်ရွက်ပေးနိုင်ပါက အခွန်အခ ၀င်ငွေများစွာရရှိကာ အလုပ်အကိုင်အခွင့်အလမ်း များစွာ ဖန်တီးပေးနိုင်မည့် မြန်မာနိုင်ငံ၏ တစ်ခု တည်းသော အပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးကြီးဖြစ်လာမည် ဖြစ်သည်။



