ရာသီဥတုကြောင့် ဓနိတောဆိပ်ခံတံတား ပျက်စီးခဲ့ရမှုကို ပြန်လည်ပြင်ဆင်ဆောင်ရွက်နေ
နေပြည်တော် ဇူလိုင် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ပင်မသိုလှောင် ဖြန့်ဖြူးရေးဌာနကြီး ရန်ကုန်(ဓနိတော)သို့ သွားရောက်စစ်ဆေးသည်။
လိုအပ်သည်များ မှာကြား
ဦးစွာ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်နှင့် တာဝန်ရှိသူတို့က ပင်မသိုလှောင်ဖြန့်ဖြူးရေးဌာနကြီး ရန်ကုန် (ဓနိတော)၏ သမိုင်းအကျဉ်း၊ သိုလှောင်နိုင်မှု အခြေအနေ၊ ရာသီဥတုကြောင့် ဓနိတောဆိပ်ခံတံတား ပျက်စီးခဲ့ရမှုနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ မြန်မာ့မီးရထားမှ သိုလှောင်ကန်များနှင့် ဆိပ်ခံ ဘောတံတား ငှားရမ်းသုံးစွဲခဲ့မှုအခြေအနေ၊ မြန်မာ့ မီးရထားမှ ဒီဇယ်ဆီဝယ်ယူရရှိမှု အခြေအနေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ထားရှိမှု အခြေအနေများကို ရှင်းလင်း တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆိပ်ကမ်းနယ်မြေဖြစ်၍ စနစ်တကျရှိစေရေးနှင့် လိုအပ်သည်များကို မှာကြား သည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆီသိုလှောင်ကန်များနှင့် ဆိပ်ခံတံတားတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



