တွေ့ဆုံမေးမြန်း - ဖြိုးမင်းဟိန်း၊ ဓာတ်ပုံ - ဇော်ဘီ
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘမ်ဘူး ဝါးကုန်ထုတ်သမဝါယမအသင်းအနေဖြင့် ဝါး အသက်မွေးဝမ်းကျောင်းပညာသင်တန်းကို နေပြည်တော် ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာ ဘမ်ဘူးဝါးထုတ်ကုန် သမဝါမယအသင်းခန်းမ၌ ဇွန် ၃၀ ရက်က ဖွင့်လှစ်ခဲ့ရာ အသင်းတာ၀န်ရှိသူများနှင့် သင်တန်းသားများ၏ သင်တန်းနှင့် ပတ်သက်သည့် စကားသံများကို ဖော်ပြလိုက်ပါသည်။
ဦးတိုင်းကျော် (ဥက္ကဋ္ဌ)
ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်း
ကျွန်တော်တို့ ဒီသင်တန်းကို ပို့ချ ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူ တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့၊ ဝါးတွေကို စိုက်ပျိုးထုတ်လုပ်ခြင်း အားဖြင့် သဘာဝပတ်၀န်းကျင်ကို ထိန်းသိမ်းနိုင်ဖို့၊ သစ်အစားထိုး ဝါးကုန် ကြမ်းတွေကို အသုံးပြုနိုင်ဖို့ အဓိက ရည်ရွယ်ချက်နဲ့ ဒီသင်တန်းကို ပထမ အကြိမ် ပို့ချတာဖြစ်ပါတယ်။ မကြာမီ ကာလမှာ ဝါးကနေ နိုင်ငံခြားဝင်ငွေရရှိ အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
အသင်းအနေနဲ့ ရှေ့ဆက်လုပ်ဆောင် သွားမှာတွေ ရှိပါတယ်။ သက်တမ်း ရင့်တဲ့ သုံးနှစ်သားဝါးတွေကို ရွေးချယ်ပြီး ကြာရှည်ခံအောင် ဆေးစိမ်တာတွေ လုပ်ပြီးတဲ့အခါ အခြောက်ခံပါတယ်။ အဲဒီအခြောက်ခံပြီးသား ဝါးတွေကို အသင်းအနေနဲ့ ရောင်းချပေးပါတယ်။ ရောင်းချတဲ့အခါ အခု သင်တန်း လာရောက်တက်တဲ့သူတွေ အနေနဲ့ ထုတ်လုပ်သူတွေ ဖြစ်လာပါမယ်။ သင်တန်းသားတွေအနေနဲ့ ဝါးနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေ၊ လက်မှုပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ အခါ ဒီဆေးစိမ်ပြီးဝါးတွေကို အသင်း ကနေ ပြန်လည်ရောင်းချပေးပါတယ်။ သင်တန်းသားတွေအပြင် ကြာရှည်ခံ ဝါးကို အသုံးပြုသူတွေကိုလည်း ရောင်းချ ပေးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အသင်းက လက်ရှိ ဇမ္ဗူသီရိမြို့နယ် သမဝါယမအသင်း လက်အောက်မှာရှိတဲ့အတွက် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ကုန်ထုတ်လုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးကျော်ဝင်း (ဒုတိယဥက္ကဋ္ဌ)
ဘမ်ဘူးဝါးကုန်ထုတ် သမဝါယမအသင်း
ကျွန်တော်တို့ ဒီနေ့ ဘမ်ဘူးဝါးကုန် ထုတ် သမဝါယမအသင်းအနေနဲ့ ပထမ ဆုံး ပို့ချတဲ့သင်တန်းဖြစ်ပါတယ်။ အရင် က မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း အနေနဲ့ ဝါးသင်တန်းတွေ ပေးတာတော့ရှိ ပါတယ်။ ယခု ဒီသင်တန်းရဲ့ ထူးခြားချက် ကတော့ ကိုယ်သင်ချင်တဲ့ သင်တန်းကို ရွေးချယ်ပြီး သင်ယူပိုင်ခွင့်ရှိပါတယ်။ ဒီဇိုင်းရေးဆွဲနည်း၊ စာရင်းကိုင်နည်း၊ အဆောက်အအုံပိုင်း၊ ပရိဘောဂအပိုင်း၊ လူသုံးကုန်ပစ္စည်းပြုလုပ်နည်း၊ စိုက်ပျိုး ရေး ဆေးပြုလုပ်နည်း ဒါတွေကို သင်ယူ နိုင်ပါတယ်။ ဒီသင်တန်းသားတွေ လက်တွေ့ပြုလုပ်ထားတဲ့ လက်မှုပစ္စည်း တွေကိုလည်း ဈေးသက်သက်သာသာနဲ့ ပြန်လည်ရောင်းချပြီး သင်တန်းသားတွေ အတွက် စရိတ်အနေနဲ့ ပြန်လည်အသုံးပြု ပါတယ်။ ဒီသင်တန်းကို တက်ရောက်ဖို့ လာတဲ့ သင်တန်းသားတွေဟာ မြိတ်က လာတာရှိတယ်။ ဧရာဝတီတိုင်းဒေသ ကြီးက လာတာရှိတယ်။ စစ်ကိုင်းတိုင်း ဒေသကြီးကလာတဲ့ သင်တန်းသား ရှိတယ်။ မန္တလေးကလာတဲ့ သင်တန်း သားတွေအပြင် နယ်ခံသင်တန်းသား စုစုပေါင်း ၃၀ ကို ၁၀ ရက်ကြာ သင်ကြား ပို့ချပေးနေပါတယ်။ သင်တန်းဖွင့်ပြီး သုံးရက်ခန့်ကြာတဲ့အခါ နည်းနည်းပါးပါး တတ်မြောက်လာပြီဆိုရင် သင်တန်း ကနေ တစ်နေ့ နေ့တွက်ခ ကျပ် ၅၀၀၀ ပြန်ပြီးပေးပါတယ်။ သင်တန်းကို အခမဲ့ အပြင် နေရာထိုင်ခင်းလည်း ပေးထား ပါတယ်။ စားစရိတ်ကိုတော့ သင်တန်း သားတွေအနေနဲ့ မိမိအစီအစဉ်နဲ့ပဲ စားစေပါတယ်။ သင်တန်းသားတွေ အသုံးပြုမယ့် ဝါးတွေကိုလည်း သင်တန်း အနေနဲ့ အခမဲ့ အသုံးပြုခွင့်ပေးထား ပါတယ်။
ကိုကျော်ဆန်းဝင်း (သင်တန်းသား)
သာဝတ္ထိမြို့နယ်
ဘမ်ဘူးဝါးထုတ်ကုန် သမဝါယမ အသင်းလီမိတက်က ပို့ချတဲ့ ဝါးအသက် မွေးဝမ်းကျောင်း ပညာသင်တန်းကို လာရောက်တက်ဖြစ်တဲ့ ရည်ရွယ်ချက်က ဒီသင်တန်းမှာ တတ်အောင်သင်မယ်၊ သင်ပြီးတော့ ဈေးကွက်ကိုလည်း သင်တန်းသားတွေ စုစုစည်းစည်းနဲ့ ထုတ်လုပ်ရောင်းချမယ်၊ ဒီသင်တန်းက ရရှိတဲ့ပညာတွေကို ကျွန်တော်တို့ ရပ်ရွာ တွေကို ဆင့်ပွားပို့ချမယ်။ ဒီလိုပို့ချပေး မယ်ဆိုရင် အလုပ်လက်မဲ့ ပြဿနာတွေ၊ ဆင်းရဲမှုလျှော့ချရေးတွေမှာ တစ်စိတ် တစ်ဒေသကနေ ဖြည့်ပေးနိုင်ပါမယ်။ ဒီသင်တန်းမှာ စားပွဲ၊ အဆောက်အအုံ၊ လက်မှုပညာနဲ့ ဝါးပေါင်းခံရည်ကရရှိတဲ့ လူသုံးကုန်ပစ္စည်း ပြုလုပ်နည်းတွေ သင်ကြားပေးမယ်လို့ သိရပါတယ်။
ကိုနိုင်လင်းဦး (သင်တန်းသား)
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်
ဒီသင်တန်းမှာ အဆောက်အအုံပိုင်း၊ ပရိဘောကအပိုင်း၊ လက်မှုအပိုင်းတွေ ပို့ချပေးပါတယ်။ ကျွန်တော်က ပရိဘောက အပိုင်းကို အဓိကထား တက်ရောက်တာ ပါ။ အဲဒီအပြင် အဆောက်အအုံအပိုင်းကို လည်း ဒုတိယဦးစားပေးအနေနဲ့ တက်ရောက် သင်ကြားသွားမှာပါ။ ဒီသင်တန်းဆင်းပြီး နေရပ်ပြန်တဲ့အခါ ဝါးနဲ့ပတ်သက်တဲ့ ပညာတွေ ပြန့်ပွား သွားအောင် ဆင့်ပွားသင်တန်းတွေအပြင် လက်တွေ့လုပ်ငန်းတွေပါ မျှဝေသွားဖို့ရှိ ပါတယ်။ ဒီသင်တန်းအနေနဲ့ သင်တန်း ကြေးပေးစရာမလိုဘဲ သင်တန်းသား အချင်းချင်းစုပြီး ချက်ပြုတ်စားတဲ့ စရိတ် သာကုန်ကျပါတယ်။ သင်တန်းတက် ရောက်ပြီး တစ်ပတ်ခန့်ကြာတဲ့အခါ လုပ်ငန်းကျွမ်းကျင်သွားရင် နေ့တွက် စရိတ် တစ်နေ့ ကျပ် ၅၀၀၀ နှုန်း သင်တန်းက ပြန်လည်ပေးပါတယ်။ ။



