နေပြည်တော် ဇွန် ၃၀
သီလဝါအထူးစီးပွားရေးဇုန်၌ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ပြည်ပနိုင်ငံ အသီးသီးမှ လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ ဆိုင်ရာ သံရုံးများမှတစ်ဆင့် ဖိတ်ခေါ် ထားကြောင်းသိရသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါ အထူးစီးပွားရေးဇုန်တွင် ၂၀၂၂ ခုနှစ် ဧပြီလအထိ နိုင်ငံဒေသပေါင်း ၂၀ မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၂၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၁၇၂ ဒသမ ၉၀၂ သန်းအထိ ခွင့်ပြုပေး ထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများ တွင် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်နိုင်ရန်အတွက် (က) ဓာတ်မြေ သြဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ) ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ဂ) သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ဃ) စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်း၊ အဆိုပါလုပ်ငန်းများနှင့် ဆက်စပ် သည့် လုပ်ငန်းများ၊ (င) တန်ဖိုးမြှင့်စား သောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်း များ၊ (စ) လျှပ်စစ်ယာဉ်များ ထုတ်လုပ် သည့်လုပ်ငန်းများ၊ (ဆ) ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းများ၊ (ဇ) အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက် မည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန်လည်း ဖိတ်ခေါ်လျက်ရှိသည်။
သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် နိုဝင်ဘာလမှ ၂၀၂၂ခုနှစ် ဧပြီလအထိ ရင်းနှီးမြှုပ်နှံမှုများ တွင် စက်မှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၆၁ ဒသမ ၄၈၄ ရှိခဲ့ပြီး အရေအတွက်မှာ ၉၇ ခုအထိ ရှိလာခဲ့သည်။
ကုန်စည်ရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင် ရေးနှင့် ထောက်ပံ့ရေး၊ ဝန်ဆောင်မှု၊ အိမ်ရာအဆောက်အအုံဖွံ့ဖြိုးမှု၊ ဟိုတယ် ကဏ္ဍစသည်ဖြင့် ကဏ္ဍများတွင် အများ ဆုံး ရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ထို့အတူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၂၂ ဇန်နဝါရီလ အထိ ရင်းနှီးမြှုပ်နှံမှုအခြေအနေများအရ ဂျပန်နိုင်ငံမှ အများဆုံးရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၃၁ ဒသမ ၃၆ ရာခိုင်နှုန်းခန့်ရှိကာ စင်ကာပူနိုင်ငံမှ ၃၀ ဒသမ ၂၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၈ ဒသမ ၇၅ ရာခိုင်နှုန်းတို့ဖြင့် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားကြသည်။ ထို့အတူ ယူနိုက်တက်ကင်းဒမ်း၊ ကိုရီးယားသမ္မတ နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသ၊ တရုတ် (တိုင်ပေ)၊ ဩစတြီးယား၊ ယူအေအီး၊ မလေးရှား၊ ဩစတြေးလျ၊ နယ်သာလန်၊ ပနားမား၊ ဒိန်းမတ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ဆွစ်ဇာလန်နှင့် ပြင်သစ်နိုင်ငံ တို့မှလည်း လာရောက်ရင်းနှီးမြှုပ်နှံ လျက်ရှိသည်။
အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီး မြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် အထူး စီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီက ခွင့်ပြုပေးခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအနေ ဖြင့် အဆိုပြုလွှာများကို တင်သွင်း၍ ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
သီရိ
ဓာတ်ပုံ-သီလဝါအထူးစီးပွားရေးဇုန်



