ဇွန် ၂၃ ရက်မှ ၂၉ ရက်အတွင်း ဘုရင့်နောင်ကုန်စည် ဈေးကွက်၌ ဈေးကျလျက်ရှိသည့် ကြက်သွန်နီနှင့် ဆန်ကွဲတို့ ဈေးအနည်းငယ် ပြန်လည်မြင့်တက်လာ ခဲ့သည်။ တရုတ်ကြက်သွန်များ နေ့စဉ်ပြန်လည် ဝင်ရောက်လာခဲ့သည်။ ဈေးအမြင့်ဘက်တွင်ရှိသည့် စားအုန်းဆီဈေးနှုန်းများ အတက်အကျ ကြမ်းလာ ပြီး မတ်ပဲ၊ ပဲစင်းငုံနီ ဈေးနှုန်းများလည်း အမြင့် ဘက်သို့ ဦးတည်လျက်ရှိသည်။
ဆန်
ဆန်ချောဈေးနှုန်းမှာ ပုံမှန်အတိုင်းသာရှိပြီး ရွှေဘိုပေါ်ဆန်းတစ်အိတ် လက်ကားဈေးကျပ် ၅၅၀၀၀ မှ ၆၃၀၀၀၊ ပုသိမ် မြောင်းမြ ပေါ်ဆန်း ကျပ် ၅၄၀၀၀၊ ဖျာပုံပေါ်ဆန်း ကျပ် ၅၁၀၀၀၊ ပေါ်ကျွဲ ကျပ် ၄၀၀၀၀ နှုန်း အသီးသီးရှိသည်။ ဆန်ကြမ်း ဈေးတွင် သီးထပ်တစ်အိတ် ကျပ် ၃၃၀၀၀၊ ရက် ၉၀ မြောင်းမြရှယ်စ ကျပ် ၃၇၀၀၀ ဝန်းကျင်၊ ပုံမှန်စ ကျပ် ၃၅၀၀၀ ဝန်းကျင် ဈေးနှုန်းသတ်မှတ် ရောင်းချလျက်ရှိသည်။ ယခုရက်ပိုင်း ရွှေဘိုနယ်မှ ရက် ၉၀ ဆန်ကြမ်းများ တစ်ရက်လျှင် တွဲကား ငါးစီးခန့် ဘုရင့်နောင်သို့ ဝင်ရောက်လာသည်။ တစ်အိတ်လျှင် ကျပ် ၂၉၅၀၀ အထိ ဈေးကျလာသည့် ဆန်ကြမ်းမှာ တစ်ပတ်အတွင်း ကျပ် ၃၀၅၀၀ သို့ ဈေးပြန်တက်လာခဲ့သည်။ နွေထွက်ကောက်ညှင်း ဆန်(၁၀၂ ပေါင်) တစ်အိတ်လျှင် ကျပ် ၅၈၀၀၀၊ မိုးစိုက်ထွက်တစ်အိတ် ကျပ် ၃၉၀၀၀ နှုန်းရှိသည်။
ကြက်သွန်နီ/ဖြူ
ယခုအပတ်အတွင်း မုံရွာနယ် ကြက်သွန်နီလက်ကား တစ်ပိဿာဈေးနှုန်းများမှာ ဇွန်လ ၂၇ ရက်တွင် (၁၁၅၀-၁၄၅၀-၁၆၀၀-၁၆၅၀) ကျပ်၊ ဆိပ်ဖြူ (၁၁၅၀-၁၄၀၀-၁၅၀၀-၁၆၀၀) ကျပ်နှုန်း ရှိရာမှ ဇွန်၂၉ ရက်တွင် အဝင်ပိဿာ ၆၀၀၀၀ သာရှိ၍ မုံရွာ(၁၃၀၀-၁၆၀၀-၁၇၀၀-၁၈၀၀) ကျပ်၊ ဆိပ်ဖြူ (၁၂၀၀-၁၄၅၀-၁၅၅၀-၁၆၅၀) ကျပ်နှုန်းသို့ ဈေး နှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာသည်။ ယခုရက်ပိုင်း တရုတ်ကြက်သွန်နီ (အလုံးကြီး)တစ်ရက်လျှင် ကုန်ချိန် ပိဿာ ၆၀၀၀ ဝင်ရောက်နေရာ ဈေးနှုန်းမှာတစ်ပိဿာ ကျပ် ၁၆၀၀ ဝန်းကျင်ရှိနေသည်။ ရှမ်းကြက်သွန်ဖြူ အောင်ပန်း လက်ကားတစ်ပိဿာ (၂၂၀၀-၂၆၀၀-၃၂၀၀-၃၇၀၀) ကျပ်နှုန်း၊ ကြူကုတ်ကြက်သွန်ဖြူ (အိတ်သေးထည့်) ကျပ် ၂၆၅၀ နှုန်းသာ ရှိနေသည်။
အာလူးနှင့်ငရုတ်
ဇွန် ၂၉ ရက်တွင် အာလူးပိဿာချိန် ၂၄၀၀၀ သာ ဝင်ရောက်လာပြီး ရှမ်းဟဲဟိုး (အမည်းသီး) လက်ကား တစ်ပိဿာ ကျပ် ၁၆၅၀၊ တရုတ်အာလူး ကျပ် ၁၇၅၀၊ ဘင်္ဂလားအာလူး (မီးခိုးပြာရောင်) တစ်ပိဿာ ကျပ် ၁၅၀၀ မှ ၁၇၅၀ နှုန်း ရှိလာသည်။ ဇွန်၂၉ ရက်တွင် မိတ္ထီလာ မိုးထောင်ငရုတ်အသစ် တစ်ပိဿာ ကျပ် ၇၇၀၀ နှုန်းဖြင့် ဝင်ရောက်လာ သည်။ ရန်ကုန်ငရုတ်ဈေးကွက်အတွင်း ဟင်္သာတ မိုးထောင်ငရုတ် (ရိုးရိုး) တစ်ပိဿာ ကျပ် ၇၇၀၀ဖြင့် အလှော်လုပ်ငန်းရှင်များအား အိတ် ၁၀၀ ကျော် ရောင်းချရသည်။ မြားနီနှင့် ပန်းရဲ ငရုတ်ရှည် တစ်ပိဿာ ကျပ် ၈၀၀၀ မှ ၈၅၀၀၊ မြစ်ဝမိုးထောင် အအေးခန်းထုတ် တစ်ပိဿာ ၉၀၀၀၊ ဆင်ဖြူကျွန်း ငရုတ်ပွရိုးရိုး ကျပ် ၈၅၀၀ မှ ၁၂၀၀၀ အထိ ဈေးအသီးသီးရှိသည်။
စားသုံးဆီ
မြေပဲဆီ လက်ကားတစ်ပိဿာ ကျပ် ၈၅၀၀ မှ ၁၁၀၀၀ အတွင်း၊ နှမ်းဆီတစ်ပိဿာ ကျပ် ၈၅၀၀ မှ ၉၅၀၀ ရှိသည်။ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၇၂၀၀ မှ ဇွန် ၂၉ ရက်တွင် ကျပ် ၆၂၀၀ သို့ ကျဆင်းလာသည်။
မတ်ပဲ - ပဲစင်းငုံ
မတ်ပဲ FAQ/RC (၂၀၂၂ ခုနှစ်) တစ်တန်လျှင် ကျပ် ၇၀၀၀၀ ဝန်းကျင်၊ ပဲစင်းငုံနီတစ်တန် ကျပ် ၆၀၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်မှုရှိလာသည်။ ဇွန် ၂၉ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် ၁၆၉၃၅၀၀ နှုန်းဖြင့် ကုန်သေတ္တာဆယ်လုံး၊ (တန်ချိန် ၂၄၀)အရောင်းအဝယ်ဖြစ်ခဲ့သည်။ ပဲစင်းငုံနီ RC (၂၀၂၂ ခုနှစ်) တစ်တန် ကျပ် ၁၄၄၇၅၀၀ ရှိလာသည်။
အောင်ခင်နိုင်



