ချောက်/လမ်းရွာရေနံမြေ CDT-15 တွင်းသစ် စတင်တူးဖော်၊ အောင်မြင်စွာတူးဖော်ပြီးစီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းခန့် ထုတ်လုပ်နိုင်မည်

 

နေပြည်တော်   ဇွန်   ၃၀ 


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏     ချောက်/လမ်းရွာရေနံမြေ ဖိုကုန်းဒေသတွင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် တူးဖော်မည့် ပေနက်တွင်းအမှတ် CDT-15 တွင်းသစ် စတင်တူးဖော်ခြင်း  အခမ်းအနားသို့  တက်ရောက် စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး    တွင်းသစ်စတင် တူးဖော်ခြင်းလုပ်ငန်း      ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ   ရေနံမြေယာယီရှင်းလင်းဆောင်၌ ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာက ချောက်/လမ်းရွာရေနံမြေ၏   ရေနံနှင့်  သဘာဝ ဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ကို    ရှင်းလင်းတင်ပြရာ     ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်သည် မရှိမဖြစ်လိုအပ်သဖြင့်   ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထွက်ရှိလာသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကိုလည်း အကျိုးရှိထိရောက်စွာ အသုံးချ နိုင်ရေး ကြိုတင်စီမံထားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်း များ၏ လုံခြုံရေးကို အထူးအလေးထားဂရုပြုကြရန် လိုအပ်ကြောင်း၊     တွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို   ဦးစားပေးဆောင်ရွက်ကြရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင် ရွက်ကြရန်လိုပါကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ   လုပ်ဆောင်ထားရန် လိုကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက် မှု  အနည်းဆုံးဖြစ်စေရေးကိုလည်း  အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊     ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် CSR လုပ်ငန်းများကို ထိထိ ရောက်ရောက်ဆောင်ရွက်ပေးရန် လိုပါကြောင်းနှင့် ရေနံမြေလုံခြုံရေးကို အထူးကြပ်မတ်ဆောင်ရွက် သွားကြရန်လိုကြောင်း၊   ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်နှင့်   မိမိလုပ်ငန်းအပေါ်  သစ္စာရှိစွာဖြင့် ရိုးရိုးသားသား      တာဝန်ထမ်းဆောင်ကြရန်ဖြစ် ကြောင်း  မှာကြားပြီး  ရေနံမြေဝန်ထမ်းများကို အမှတ်တရသစ်သီးခြင်းနှင့်       ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချောက်/လမ်းရွာရေနံမြေရှိ    ZJ   750   စက်ဖြင့် တူးဖော်လျက်ရှိသော တွင်းအမှတ် CHK-1236 ၏ လုပ်ငန်းဆောင်ရွက်နေမှုကို   သွားရောက်ကြည့်ရှု စစ်ဆေးပြီး    ဝန်ထမ်းများနှင့်   တွေ့ဆုံကာ  လိုအပ် သည်များ  မှာကြား၍  အမှတ်တရသစ်သီးခြင်းနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်သည်။

 


တွင်းအမှတ် CDT-15 ကို စွမ်းအင်ဝန်ကြီးဌာနပိုင် ZJ 70L SR 1 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၇၈၀၀ အထိ တူးဖော်သွားမည်ဖြစ်ပြီး အောင်မြင်စွာ တူးဖော်ပြီးစီးပါက တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ  ၁ ဒသမ  ၅  သန်းခန့်ကို လည်းကောင်း၊ တွင်းအမှတ် CHK-1236 ကို ZJ 750 တွင်းတူးစက်ဖြင့် ရည်မှန်းအနက်ပေ ၄၁၀၀ အထိ တူးဖော်သွားမည် ဖြစ်ပြီး အောင်မြင်စွာတူးဖော်ပြီးစီးပါက တစ်နေ့လျှင် ရေနံစိမ်းစည် ၉၀ ခန့်ကိုလည်းကောင်း ထုတ်လုပ် နိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက် ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။                      

သတင်းစဉ်