ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများမှ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်ခြင်းအား ဖြေလျှော့‌ခြင်းနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း

 

၁။    ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါအား ကူးစက်မြန်ရောဂါအဖြစ် စတင်သတ်မှတ် သည့်အချိန်မှစ၍  ရောဂါကာကွယ်ရေးအတွက်  ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရန် အစဉ်တိုက်တွန်းနှိုးဆော်လျက်ရှိပါသည်။

 

၂။    ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မား လာခြင်း၊ ပြည်သူလူထုမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအား ပူးပေါင်းလိုက်နာ ဆောင်ရွက်ခြင်းများကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းများ သိသိသာသာ ကျဆင်းလာပြီဖြစ်ပါသည်။

 


၃။    သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် နေ့စဉ်ပုံမှန်ဘဝ၌ ကျင့်သုံးလိုက်နာဆောင်ရွက်နေရသော ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများအနက် အောက်ပါအခြေအနေများတွင်သာ ပါးစပ်နှင့်နှာခေါင်းစည်းအား မဖြစ်မနေတပ်ဆင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်-


    (က)    အခန်းတွင်း၌ လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေခြင်း၊
    ( ခ )    အများပြည်သူအသုံးပြုသော မော်တော်ယာဉ်၊ မီးရထား၊ သင်္ဘော၊ လေယာဉ်စသည့် ယာဉ် များဖြင့် ခရီးသွားလာခြင်း၊   အများပြည်သူ ဝင်/ထွက်သွားလာအသုံးပြုသော  ဆေးရုံ/ကျန်းမာရေးဌာနများ၊ ရုံးများ၊ ကျောင်းများ၊ ဈေးဝယ်စင်တာများ၊ ဘိုးဘွားရိပ်သာ အစရှိသော လူထူထပ်သော နေရာများ၌ လူအများနှင့် အတူရှိနေခြင်း၊
    ( ဂ )    ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ တစ်ခုခုရှိခြင်း။
                

ကျန်းမာရေးဝန်ကြီးဌာန
၃၀-၆-၂၀၂၂