ရန်ကုန် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို ဇွန် ၂၉ ရက်က ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှု ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင် များ တက်ရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍ တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သုံးခုတို့ကို အတည်ပြုပေးပြီး အတည်ပြု ပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် ဆံပင်တုအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ အမျိုးသမီးဝတ်အတွင်းခံနှင့် ဆက်စပ်ပစ္စည်း အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ အဝတ် အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်းများ ဖြစ်ကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ၏ မတည်ငွေရင်းပမာဏမှာ မြန်မာ ကျပ်ငွေ ၄၄၄၁ ဒသမ ၄၇၇ သန်းနှင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆၅၉ သန်း ဖြစ်ပြီး လုပ်ငန်းစုစုပေါင်း ခြောက်ခုအနေဖြင့် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းနေရာ ပေါင်း ၃၃၇၃ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းနောက် အစည်းအဝေးတွင် ကုမ္ပဏီ ၁၃ ခုမှ တင်ပြလာသည့် အထွေထွေကိစ္စရပ်များ ကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)



