မကွေးတိုင်းဒေသကြီးအတွင်း သစ်ပင်ပျိုးပင်ပေါင်း နှစ်သန်းကျော်ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်

 

မကွေး   ဇွန်   ၂၆
၂၀၂၂ ခုနှစ် မကွေးတိုင်းဒေသကြီး  မိုးရာသီ (ပထမ အကြိမ်) သစ်ပင်စိုက်ပျိုးပွဲတော်   အခမ်းအနားကို ဇွန် ၂၅ ရက်က   မကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး     ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်း ဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊  အမျိုးသမီးရေးရာနှင့်  မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းများ၊ တက္ကသိုလ်ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှု ရေးအသင်းအဖွဲ့များ တက်ရောက်သည်။
သစ်ပင်စိုက်ပျိုးပွဲအခမ်းအနား၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ များ ကျင်းပလျက်ရှိရာ  စုစုပေါင်း  ပျိုးပင်ပေါင်း နှစ်သန်းကျော်ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ   အကျိုး ဆက်များဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ များအား  ကုစားရာတွင် ကုန်ကျစရိတ်အသက်သာ ဆုံးနှင့် အကောင်းဆုံးနည်းလမ်းသည် သစ်ပင်စိုက်ပျိုး ခြင်းနှင့်   သဘာဝသစ်တောများ ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ကြောင်း၊  သစ်တောဦးစီး ဌာနအနေဖြင့်လည်း    သစ်တောပြုန်းတီးမှုများ ကာကွယ်နိုင်ရန်အတွက် နှစ်(၃၀)အမျိုးသားသစ်တော ကဏ္ဍပင်မစီမံကိန်းနှင့်   မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းများ    ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသနှင့်  ကိုက်ညီသည့်ဂေဟစနစ်များ  ပြန်လည် ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကမ္ဘာ့အရွေ့နှင့် အတူ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် သစ်တော သစ်ပင်များ၊ ဂေဟစနစ်များ၏ အစစ်အမှန် တန်ဖိုးကို နားလည်ပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုးကာ  ရှင်သန်အောင်   ထိန်းသိမ်း လျက်  ဂေဟစနစ်ကို  ပြန်လည်ဖြည့်တင်းနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြား သည်။ 
ထို့နောက် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်အဖြစ် တိုင်းဒေသကြီးဝန်ကြီးချုပ်၊  မကွေးလေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီးဝန်ကြီးများက  ပျိုးပင် များကို စိုက်ပျိုးခဲ့ကြပြီး တက်ရောက်လာကြသူများက ပျိုးပင်များစိုက်ပျိုးနေမှုကို တိုင်းဒေသကြီးဝန်ကြီး ချုပ်က လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။  
အဆိုပါ မိုးရာသီ   သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကံ့ကော်၊ ခရေ၊ ပိတောက်၊ ဖန်ခါး၊ တမာ၊ စိန်ပန်း၊ ကျွန်း၊ ထောက်ကြံ့၊ ငုရွေဝါ၊ ပန်းတမာ အစရှိသည့် သစ်မျိုးစုံနှင့် ပန်းအလှပင် စုစုပေါင်း သစ်မျိုး ၃၃ မျိုး နှင့် ပျိုးပင်ပေါင်း ၈၈၂ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရ သည်။                                      ကိုစည်သူ(မကွေး)