အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ထံမှ ပေးပို့သည့်သဝဏ်လွှာ
(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့)
၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည့် အချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ် ကျင်းပ လာခဲ့သည်မှာ (၃၅) ကြိမ်မြောက်ရှိပြီ ဖြစ်ပါသည်။
ယနေ့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး ဖမ်းဆီး ရမိထားသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အစီအစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းများ နှင့် နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များအား ဖိတ်ကြား တက်ရောက်စေမည်ဖြစ်ပါသည်။
ယနေ့တစ်ကမ္ဘာလုံး၌ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု စသည့် မူးယစ်ဆေးဝါးပြဿနာများကြောင့် နိုင်ငံအသီးသီး၌ ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို များစွာထိခိုက်ပျက်စီးစေလျက်ရှိပါသည်။ နိုင်ငံတိုင်း ကလည်း မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့ကြ သော်လည်း ယနေ့အချိန်ထိ ထိရောက်စွာ ထိန်းချုပ်နိုင်စွမ်း မရှိသေး ကြောင်း တွေ့မြင်နေရပါသည်။
စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေ
မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက် အစိုးရများက မူးယစ် ဆေးဝါးပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းလာခဲ့သော်လည်း ဓာတုပစ္စည်း များဖြင့်သာ ထုတ်လုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေး၊ အိုက်စ် (မက်အဖက်တမင်း)၊ ကတ်တမင်း စသည့် လူလုပ်မူးယစ်ဆေးဝါးများ (Synthetic Drugs) ပြဿနာများမှာ ပိုမိုကြီးထွားလာမှုကြောင့် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ပါသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့် သုံးစွဲမှု များ လျော့ကျသွားခြင်းမရှိသည့်အပြင် ပြောင်းလဲမြင့်တက်လာခဲ့သည် ကို သတိချပ်ရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေး အတွက် ဘက်ပေါင်းစုံချဉ်းကပ်မှုများပါဝင်သည့် အမျိုးသားမူးယစ် ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်တစ်ရပ်ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး မူဝါဒအား အထောက်အကူပြုမည့် အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ကိုလည်း ရေးဆွဲခဲ့ပြီး ဖြစ်ပါသည်။ မဟာဗျူဟာစီမံချက်ကို လမ်းညွှန်မူဘောင်တစ်ခုအနေဖြင့် သတ်မှတ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်(ActionPlan) များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နေကြပြီဖြစ်ပါသည်။
မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ ဦးဆောင်မှုကဏ္ဍသည် အမှန်တကယ်အရေးပါ သည့် လုပ်ငန်းလိုအပ်ချက်ဖြစ်ပြီး ဒေသဆိုင်ရာ အစိုးရအဖွဲ့များမှ ဦးဆောင်၍ ပြည်သူလူထုအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း တို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်ရောင်းဝယ်သူများသည် နိုင်ငံရေးအခြေအနေကို အခွင့် ကောင်းယူ၍ နည်းလမ်းပေါင်းစုံဖြင့် မူးယစ်ဆေးဝါးများကို ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိကြောင်း၊ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးကြရန်လိုအပ်ကြောင်း” ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက် နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁) ၌ လမ်းညွှန်မှာကြားခဲ့ပါသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အား လုပ်ငန်းများ ပိုမို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၅/၂၀၂၂) ဖြင့် အဖွဲ့ဝင် ၁၉ ဦးဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
နည်းဥပဒေများကို မကြာမီပြင်ဆင်ထုတ်ပြန်နိုင်တော့မည်
၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကိုလည်း ခေတ်နှင့်လျော်ညီမှုရှိစေရန် အတွက် စိစစ်ပြင်ဆင်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ပြင်ဆင်သည့်ဥပဒေအရ မူးယစ်ဆေးသုံးစွဲသူများအား အပြစ်ပေး အရေးယူခြင်းမရှိဘဲ ဆေးကုသပေးခြင်းနှင့် လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြင်ဆင်သည့် ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နည်းဥပဒေ များကိုလည်း မကြာမီ ပြင်ဆင်ထုတ်ပြန်နိုင်တော့မည်ဖြစ်ပါသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လက်အောက်ရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကို လည်း တပ်ဖွဲ့ခွဲ ၁၀ ခွဲ၊ တပ်ဖွဲ့စု ၆၅ စု တို့ဖြင့် ဖွဲ့စည်းထားရှိရာမှ ၂၀၂၂ ခုနှစ် အတွင်း အမှတ်(၁၁) X–Ray စက် တပ်ဖွဲ့ခွဲနှင့် X–Ray စက် တပ်ဖွဲ့စု ၆ စုတို့ကို ထပ်မံတိုးချဲ့၍ ခေတ်မီရှာဖွေရေးကိရိယာများ၊ မူးယစ် ဆေးဝါးဓာတ်ခွဲကိရိယာများ၊ ခေတ်မီရွှေ့ပြောင်းသယ်ယူ စမ်းသပ်သည့် ကိရိယာများ၊ လုပ်ငန်းသုံးအဆင့်မြင့်ကိရိယာများကို ဝယ်ယူတပ်ဆင် ကာ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကို ထိရောက်စွာ ဖော်ထုတ် အရေးယူ ဆောင်ရွက်လျက် ရှိပါသည်။
ထို့အပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မဲခေါင်(MoU) ၆ နိုင်ငံပါဝင်သော Operation 1511 ကို လည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း မြန်မာ- လာအို- ထိုင်း ၃ နိုင်ငံ ပူးပေါင်း၍ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ Operation 1511/ 22 ကို လည်း ကောင်း ဆောင်ရွက်ခဲ့မှုကြောင့် ရွှေတြိဂံဒေသသို့ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု ထိန်းချုပ်ရေးနှင့် မူးယစ်ဆေးဝါးများ ပြင်ပဒေသသို့ ပျံ့နှံ့မှုမရှိစေရေးရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် ခေတ်မီရှာဖွေရေး ကိရိယာများ တပ်ဆင်အသုံးပြု ဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်သူများသည် ရှောင်ကွင်းလမ်းများကို အသုံးပြုခြင်း၊ မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းများ ပြောင်းလဲလာခြင်း၊ သိုဝှက်သယ်ဆောင်ပုံနည်းစနစ်များ ပြောင်းလဲလာခြင်းနှင့် ပင်လယ် ရေကြောင်းအသုံးပြု၍ သယ်ဆောင်ရောင်းဝယ်ခြင်းတို့ကို ပိုမိုအသုံးပြု လာကြောင်း တွေ့ရှိရပါသည်။
ဓာတုပစ္စည်းများသည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် လည်းကောင်း၊ ကုန်ထုတ်လုပ်ငန်းများနှင့် သယံဇာတတူးဖော်ရေး လုပ်ငန်းများတွင်လည်းကောင်း မရှိမဖြစ်အသုံးပြုလျက် ရှိကြပါသည်။ သို့ရာတွင် ဓာတုပစ္စည်းအသုံးပြု၍ မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာသို့ တရားမဝင်ရောက်ရှိပြီး လူလုပ်မူးယစ်ဆေးဝါးမျိုးစုံကို အသွင်ပြောင်းဓာတုပစ္စည်းများ (Designer Precursor) အသုံးပြု ၍ ထုတ်လုပ်လာသည့်အတွက် စိုးရိမ်ဖွယ်ရာများ ဖြစ်ပေါ်လျက်ရှိပါသည်။
စောင့်ကြည့်မှတ်တမ်းတင် ဆောင်ရွက်
သို့အတွက်ကြောင့် ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိ စေရေးအတွက် ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ဖွဲ့စည်း၍ ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်သည့် ဌာနများ အနေဖြင့်လည်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေး ပြည်သူလူထုနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။ ဘိန်းချက်စခန်းများနှင့် စိတ်ပြောင်းဆေးဝါးများ ချက်လုပ်ရာနေရာများမှ ဖမ်းဆီးရမိသည့် ဓာတုပစ္စည်းများအား မှတ်တမ်းတင် သုတေသနပြုထားရန်နှင့် ထိန်းချုပ်ထားခြင်း မရှိသော ဓာတုပစ္စည်းများတွေ့ရှိပါက သက်ဆိုင်ရာဌာနများအနေဖြင့် စောင့်ကြည့်မှတ်တမ်းတင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အနေဖြင့် ဓာတုပစ္စည်းများ တင်သွင်းမှုကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စောင့်ကြပ် ကြည့်ရှု စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့များ နှင့်လည်း လမ်းလွဲမရောက်ရှိစေရေး အနီးကပ်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ဓာတုပစ္စည်း အများဆုံး ထွက်ရှိသော အိမ်နီးချင်းစက်မှုဖွံ့ဖြိုးနိုင်ငံကြီးများအကြား တည်ရှိ နေသည့်အတွက် တရားမဝင် ဓာတုပစ္စည်းများ တားမြစ်ထိန်းချုပ်ရေး မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသဖြင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများနှင့်လည်း သတင်းဖလှယ်၍ ဓာတုပစ္စည်းများ လမ်းလွဲ မရောက်ရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝမြင့်မားစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အကူအညီများရယူလျက် အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ဘိန်းစိုက်ပျိုးရာဒေသများတွင် လမ်းတံတားများ တည်ဆောက် ပေးခြင်း၊ ရေနှင့်စွမ်းအင် ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးမြေ ဖော်ထုတ်ပေးခြင်း၊ မျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ ဓာတ်မြေဩဇာများခွဲဝေပေးခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်း များပေးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် တစ်ပိုင်တစ်နိုင် သားငါး မွေးမြူရေးဆိုင်ရာ လုပ်ငန်းများစီမံပေးခြင်း စသည့်အခြေခံ လိုအပ်ချက်များကို နိုင်ငံတော်၏ရန်ပုံငွေ အမြောက်အမြားကုန်ကျခံ၍ ဘိန်းစိုက်ပျိုးမှုလျှော့ချရေးကို ဆောင်ရွက်လျက်ရှိပါသည်။
အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်
မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးအတွက် ကြိုတင်ကာကွယ် ခြင်းသည် ထိရောက်သည့် လုပ်ငန်းစဉ်ဖြစ်သည်နှင့်အညီ ကျောင်းသား လူငယ်များ အသိပညာပေးရေးအနေဖြင့် အခြေခံသင်ရိုးညွှန်းတမ်း များတွင် မူးယစ်ဆေးဝါးသုံးစွဲမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်များကို သင်ကြားပေးလျက် ရှိပြီး ပညာပေးရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တို့က ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုအတွင်း မူးယစ် ဆေးဝါးအန္တရာယ်အသိပညာများ တိုက်ရိုက်ရောက်ရှိစေရန် နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှုများကြောင့် ကန့်သတ်ချက်များရှိနေသော်လည်း ကူးစက်ရောဂါ လျော့ပါးသက်သာလာသည်နှင့်အမျှ အသိပညာပေး ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါသည်။
မူးယစ်ဆေးစွဲသူများ ဆေးကုသမှုခံယူနိုင်စေရေးနှင့် နောက်ဆက် တွဲ အန္တရာယ်များ လျှော့ချနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးစွဲရောဂါကုသရေးဌာနကြီး ၂၉ ခု၊ ဌာနငယ် ၅၉ ခုနှင့် ဘိန်းအမျိုးအစား မူးယစ်ဆေးစွဲရောဂါလူနာများအတွက် မက်သာဒုံး ဆေးခန်း ၈၉ ခု ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးစွဲသူ ၂၆၃၁၈ ဦးကို ကုသပေးနိုင်ခဲ့ပြီး ၂၅၈၁၆ ဦးကို မက်သာဒုံးဆေး တိုက်ကျွေးနိုင်ခဲ့ပါသည်။
ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခု ဖွင့်လှစ်နိုင်ခဲ့
မူးယစ်ဆေးဖြတ်ပြီးသူများ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပြန်လည်ထူထောင်ရေး စခန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရေးစခန်း ၁၄ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်၍ ဒေသအသီးသီးတွင် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးဖြတ်ပြီးသူများ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းများကို ဝက်ထီးကန်၊ မန္တလေး၊ မြစ်ကြီးနားနှင့် ကျိုင်းတုံမြို့များတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂကွန်ဗင်းရှင်း ၃ ခု၌ ပါဝင်လက်မှတ်ရေးထိုးထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ဩစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့(AFP)၊ အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံခန့်ခွဲမှုအဖွဲ့(DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံ မူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB) စသည့် အဖွဲ့အစည်းများနှင့်လည်း မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့်လည်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနိုင်သမျှ နည်းလမ်းအားလုံး အသုံးပြု၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုနှစ် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် ကုလသမဂ္ဂမှ ပေးပို့လာသော ဆောင်ပုဒ် ဖြစ်သည့် “Addressing drug challenges in health and humanitarian crises” “လူသားချင်းစာနာ ကျန်းမာဖို့၊ စိန်ခေါ်မူးယစ် တိုက်ဖျက်စို့။” ဆိုသည့်အတိုင်း ကျန်းမာရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုတို့အတွက် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် စိန်ခေါ်မှု များကို ဌာနဆိုင်ရာအားလုံးနှင့် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ပူးပေါင်းပါဝင်တိုက်ဖျက်ပေးကြရန် တိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့အပ်ပါသည်။



