နေပြည်တော် ဇွန် ၂၅
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဆိုင်ရာ ရုံးချုပ်နှင့် နေပြည်တော်ကောင်စီနယ်မြေမှ အရာထမ်း၊ အမှု ထမ်း ၅၈ ဦး တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်နှင့် မြို့နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်း ၄၂ ဦး Virtual System ဖြင့် တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက ၁၀ ရက်တာ ဖွင့်လှစ်ခဲ့သည့် သင်တန်းတွင် ဦးစီးဌာန၏ ရည်မှန်းချက်နှင့် ဌာနတွင် စည်းကြပ် အကောင်အထည်ဖော်နေသော ဥပဒေ၊ နည်းဥပဒေများ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပို့ချခဲ့ကြောင်း။
အရာထမ်း၊ အမှုထမ်းများအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်၊ အလုပ်ဌာနများမှ အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမားများက မိမိတို့ကို ယုံကြည် ကိုးစားစိတ် ရှိစေရန် စစ်ဆေးရေးမှူးများ၏ ပုံရိပ် ကောင်းမွန်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း။
အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ခံစား ရရှိရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါခံစားရရှိမှု လျော့နည်းကျဆင်းရန် စည်းကြပ် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်း ရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရေးအတွက် အထောက်အကူပေးရန်လိုကြောင်း။
အရာထမ်း၊ အမှုထမ်းများအနေဖြင့် လုပ်ငန်းခွင် အတွင်း ပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်ရန် နိုင်ငံ့ ဝန်ထမ်းများပီပီ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေ၍ ပေးအပ်သည့်လုပ်ငန်း တာဝန်များ ကို အထက်အကြီးအကဲများက ကွပ်ကဲမှုအနည်းဆုံး ဖြင့် ထမ်းဆောင်ရမည်ဖြစ်ကြောင်း။
စစ်ဆေးရေးမှူးများတွင် ရှိရမည့် အသိပညာ၊ လုပ်ငန်းကျွမ်းကျင်မှု၊ စူးစိုက်လုပ်ကိုင်တတ်မှု၊ ထိုးထွင်းဆောင်ရွက်တတ်မှုကို ဘက်လိုက်ခြင်းမရှိဘဲ လုပ်ငန်းခွင်တွင် အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ယုံကြည် ကိုးစားမှုရယူပြီး ဦးစီးဌာန၊ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာမြင့်မားစေရေး အလေးထားဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်



