ရန်ကုန် ဇွန် ၂၅
မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ဖြစ်သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို Bulk Carrier သင်္ဘောကြီးများ ဝမ်းအတွင်း စုပုံသယ်ဆောင်သော ဝမ်းပုံစနစ်ဖြင့် နှစ်စဉ်ပြည်ပသို့ တင်ပို့လျက်ရှိရာ ယနေ့တွင် ဆူးလေဆိပ်ကမ်းတံတားခုနစ်စင်း၌ ဆန်နှင့်ဆန်ထွက်ပစ္စည်းများကို တင်ဆောင်လျက် ဥရောပနှင့် အာဖရိကနိုင်ငံများသို့ တင်ပို့မည်ဖြစ် ကြောင်း သိရသည်။
ဆူးလေဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် အလျား ၁၈၃ စင်တီမီတာ သင်္ဘောနှစ်စင်း၊ အလျား ၁၈၆ မီတာ သင်္ဘော နှစ်စင်းနှင့် အလျား မီတာ ၂၀၀ သင်္ဘောတစ်စင်းဖြင့် စုစုပေါင်းသင်္ဘော ငါးစင်း၌ ဆန်တန်ချိန် ပေါင်း ၁၄၃၄၀၀ တင်ဆောင်၍ ဘယ်လ်ဂျီယံနိုင်ငံသို့ သုံးစင်း၊ စပိန်နိုင်ငံသို့ တစ်စင်းနှင့် တိုဂိုနိုင်ငံသို့ တစ်စင်း မြန်မာ့ဆန်တင်ပို့ မည်ဖြစ်သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ တစ်လလျှင်ပျမ်းမျှ ဆန် တန်ချိန် နှစ်သိန်းခန့်တင်ပို့လျက်ရှိပြီး ယခုဘဏ္ဍာ ရေးနှစ်တွင် မက်ထရစ်တန်ချိန် နှစ်သန်းတင်ပို့နိုင် ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရည်မှန်း ဆောင်ရွက်လျက်ရှိရာ ပြည်ပပို့ကုန်ကဏ္ဍတွင် အခက်အခဲများကိုလည်း နိုင်ငံတော်အစိုးရနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ပြည်ပသို့တင်ပို့သော တန်းမြင့်ဆန် ဖြစ်သည့် ပေါင်းဆန်များကို ဥရောပဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိ ပြီး တရုတ်၊ အာဆီယံနိုင်ငံအချို့ နှင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
မြန်မာ့လယ်ယာထွက်ကုန်ဖြစ်သောဆန်၊ ဆန်ကွဲ နှင့် ဖွဲနုတို့ကို ဆူးလေဆိပ်ကမ်းမှ ဥရောပနှင့် အာဖရိက နိုင်ငံများသို့ သင်္ဘောဝမ်းပုံစနစ်ဖြင့် တင်ပို့ရာတွင် ၂၀၂၁ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ်မတ်လအထိ စုစုပေါင်း သင်္ဘော အစင်း ၉၀ဖြင့် ဆန်တန်ချိန် ၁၃၅၇၂၀၂ တန် ကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလ မှ ဇွန်လအထိ သုံးလအတွင်း စုစုပေါင်း သင်္ဘော ၂၇ စင်းဖြင့် ဆန်တန်ချိန် ၅၈၂၃၃၀ ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)၊ဓာတ်ပုံ - ကနူး



