အီးယူဒေသတွင်း စီးပွားရေးတိုးတက်မှုနှုန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ

 

အီးယူဒေသတွင်း ရုရှား-ယူကရိန်း ပဋိပက္ခ ၏ ရိုက်ခတ်မှုကြောင့် စွမ်းအင်နှင့် ကုန်စည် ဈေးနှုန်းများ မြင့်တက်လာနေပြီး စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးလာကာ  ငွေကြေးဖောင်းပွမှုနှုန်းများလည်း မြင့်မားလာခဲ့သည်။ ဥရောပကော်မရှင်က ၂၀၂၂ ခုနှစ် ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှုနှုန်းကို ယခင် ခန့်မှန်း ထားသည့် ၄ ရာခိုင်နှုန်းမှ ၂ ဒသမ ၂ ရာခိုင် နှုန်းသို့ လျှော့ချပြောင်းလဲ ခန့်မှန်းထားသည်။ 

 


အီးယူစီးပွားရေးကော်မရှင်နာ Mr.Paolo Gentiloni က   အီးယူဒေသစီးပွားရေးကို ကပ်ရောဂါကာလအလွန်တွင်    ရေရှည် တောင့်တင်းခိုင်မာစွာ   တိုးတက်မှုရရှိစေရန် မျှော်မှန်းထားခဲ့သော်လည်း     ထောက်ပံ့ ပို့ဆောင်မှုနှင့် supply chain ပိုင်း ယိုယွင်းမှု များဖြစ်ပေါ်စေပြီး   ကုန်ကြမ်းတင်သွင်းမှု ဈေးနှုန်းများ မြင့်တက်လာကာ ထုတ်လုပ်မှု ပိုင်း ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာစေကြောင်း၊ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ဆိုင်ရာ ထိန်းချုပ် ကန့်သတ်မှုများကလည်း ကမ္ဘာ့ထုတ်လုပ်မှု ကွင်းဆက်ပိုင်းကို    အဟန့်အတားတစ်ခု ဖြစ်စေကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း စီးပွား ရေး နာလန်ပြန်ထူလာနိုင်ခဲ့မှုများက  ယခု လက်ရှိအကျပ်အတည်းများကို ပြန်လည် ထောက်ကူပေးနိုင်ပြီး ပြည်သူ့ကြွေးမြီနှင့် ဘတ်ဂျက်လိုငွေပြနေမှုများကို     လျော့ပါး သက်သာစေမည်ဟု    မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 


ဥရောပ   ကုန်သွယ်ရေးကော်မရှင်နာ Mr.Valdis Dombrovskis ကလည်း အီးယူ ဒေသ၏ စီးပွားရေးအခြေခံလိုအပ်ချက်များ သည် ခိုင်မာအားကောင်းမှုရှိကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခမတိုင်မီက အီးယူဒေသ၏ စီးပွားရေးအခြေအနေသည်      ပြန်လည် အားကောင်းလာသည့်  တိုးတက်မှုလမ်းကြောင်း တစ်ခုပေါ် ရောက်ရှိလာနေပြီဖြစ်ကြောင်း၊ အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ပြီး အလုပ် လက်မဲ့နှုန်းများ ကျဆင်းလာခဲ့ကြောင်း၊ ယခု အခါ  စီးပွားရေးတိုးတက်မှုနှင့်   ငွေကြေး ဖောင်းပွမှုအခြေအနေများသည်   လက်ရှိ အကျပ်အတည်းနှင့် စွမ်းအင်ဈေးကွက်အပေါ် ရိုက်ခတ်မှုများကို များစွာမှီတည်နေကြောင်း ပြောကြားထားသည်။

 


အီးယူအနေဖြင့် စွမ်းအင်ဈေးနှုန်းမြင့်တက် မှုကြောင့် ၂၀၂၂ ခုနှစ် ပထမလေးလပတ်တွင် ငွေကြေးဖောင်းပွမှုနှုန်း    ၆  ရာခိုင်နှုန်းနှင့် ဒုတိယလေးလပတ်တွင် ၆ ဒသမ ၉ ရာခိုင် နှုန်းထိ ရောက်ရှိနိုင်ပြီး    ၂၀၂၃     ခုနှစ်တွင် ၂ ဒသမ ၇ ရာခိုင်နှုန်း ရှိနိုင်ကြောင်း၊   အလုပ် အကိုင်ရရှိမှုနှုန်း  ၁  ဒသမ ၂  ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း ခန့်မှန်းထားကြသည်။ 

 

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊