မန္တလေး ဇွန် ၂၄
မန္တလေးဆိပ်ကမ်း၌ ဧရာဝတီမြစ်ရေသည် လာမည့် ဇွန်လ၏ တတိယ ၁၀ ရက်ပတ်(၂၀ ရက်မှ ၃၀ ရက်)အတွင်း ခန့်မှန်းချက် များအရ လက်ရှိ မြစ်ရေအမှတ်ထက် နှစ်ပေမှ လေးပေခန့် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး) ညွှန်ကြား ရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။
မိုး/ဇလညွှန်ကြားမှုဦးစီးဌာန၏ မြစ်ရေအခြေအနေ နေ့စဉ် ထုတ်ပြန်ချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေး ဆိပ်ကမ်း၌ ဇွန် ၁၆ ရက်က ၉၂၉ စင်တီမီတာရှိရာမှ ဇွန် ၂၃ ရက်တွင် ၁၁၃၃ စင်တီမီတာသို့ မြင့်တက်လာခဲ့သည်။
“ဧရာဝတီမြစ်အထက်ပိုင်းစခန်းတွေရဲ့ ပြီးခဲ့တဲ့ ၂၄ နာရီ မြစ်ရေတိုင်းထွာချက်များအရ မြစ်ကြီးနားမှာ နှစ်ပေကျော်၊ ဗန်းမော်မှာ ပေဝက်ခန့်ကျဆင်းခဲ့ပြီး ရွှေကူမြို့မှာ စိုးရိမ်ရေမှတ် အောက် ပြန်ကျသွားတယ်။ ကသာနဲ့ သပိတ်ကျင်းမှာ မြစ်ရေ အနည်းငယ်တက်နေတယ်။ လာမယ့် ဇွန်လတတိယ ၁၀ ရက် ပတ် မြစ်ရေခန့်မှန်းချက်အရ သပိတ်ကျင်း၊ မန္တလေးနဲ့ ညောင်ဦး တို့မှာ နှစ်ပေကနေ လေးပေခန် မြင့်တက်လာနိုင်တယ်”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအထက်ပိုင်း မြစ်ကြီးနားနှင့် အထက်ပိုင်းဒေသ များတွင် မိုးရွာသွန်းမှုဖြစ်စဉ်များမှ ဧရာဝတီမြစ်ရေသည် အောက်ဘက်သို့ စီးဆင်းလာရာ ဆိပ်ကမ်းများ၌ မြစ်ရေ မြင့်တက်လာကြောင်း၊ ဇွန်၂၂ ရက် နံနက်ပိုင်း မြစ်ရေတိုင်းထွာ ချက်များအရ သပိတ်ကျင်းဆိပ်ကမ်းတွင် စိုးရိမ်ရေမှတ်အောက် ၃ ဒသမ ၆၄ ပေနှင့် မန္တလေးဆိပ်ကမ်းတွင် စိုးရိမ်ရေမှတ် အောက် ၅ ဒသမ ၄၄ ပေသို့ ရောက်ရှိနေကြောင်း သိရသည်။
မန္တလေးဆိပ်ကမ်း၏ စိုးရိမ်ရေအမှတ်သည် ၁၂၆၀ စင်တီ မီတာ ဖြစ်ပြီး မြစ်ရေတိုင်းထွာချက်များအရ ဇွန်၁၆ ရက်တွင် ၉၂၉ စင်တီမီတာ၊ ၁၇ ရက်တွင် ၉၅၆ စင်တီမီတာ၊ ၁၈ ရက်တွင် ၉၇၇ စင်တီမီတာ၊ ၁၉ ရက်တွင် ၁၀၀၁ စင်တီမီတာ၊၂၀ ရက် တွင် ၁၀၃၂ စင်တီမီတာ၊၂၁ ရက်တွင် ၁၀၅၉ စင်တီမီတာနှင့် ၂၂ ရက်တွင် ၁၁၀၂ စင်တီမီတာ၊၂၃ ရက် နံနက် ၆နာရီခွဲက ၁၁၃၃ စင်တီမီတာသို့ ရောက်ရှိနေသည်ဟု သိရသည်။
မောင်အေးချမ်း



