နေပြည်တော် ဇွန် ၂၃
ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နှင့်ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ယခုနှစ် ဇွန် ၁၁ ရက်မှ ၁၇ ရက်အတွင်း တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁၇၁၈၄၈ ကျော် ရှိခဲ့ကြောင်း မနောမြေ ကုန်သွယ်မှုဗဟိုဌာနမှ သတင်းထုတ်ပြန်ထားသည်။
လွယ်ဂျယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏသည် ကန် ဒေါ်လာ ၁၉၉၆၁၇၂ ဒသမ ၇၁ ဖြစ်ပြီး ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၁၇၅၆၇၅ ဒသမ ၆၈ ရှိခဲ့သည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများ မှာ တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ ပဲယဉ်း၊ နှမ်းနက်၊ ကြံ၊ ဆန်၊ မြေထောက်ပဲ၊ ဆန်ကွဲ၊ ကြိမ်နှင့် မန်ကျည်းမှည့်များ အများဆုံး တင်ပို့ထားပြီး သွင်းကုန်များ တွင် သံနှင့်သံမဏိ ဆောက်လုပ် ရေးပစ္စည်းများ၊ ချည်ထည်များ၊ အခြားချည်ခင်များ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ လယ်ထွန်စက်များ၊ ချုပ်ပြီး အဝတ်အထည်များ၊ ဓာတ်မြေဩဇာများ၊ စက်နှင့် စက်ပစ္စည်းများ၊ မော်တော်ယာဉ် နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ စက်ဘီး အပိုပစ္စည်းများနှင့် သံပိုက်များ တင်သွင်းခဲ့ကြောင်း သိရသည်။
ကန်ပိုက်တီ နယ်စပ်ကုန် သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏ မှာ ၈၅၆၃၅ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပြီး လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်း ကုန်၏ ငွေပမာဏမှာ ၇၉၆၅၀၃ ဒသမ ၀၈ ကန်ဒေါ်လာ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေ ပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၈၈၂၁၃၈ ဒသမ ၄၇ ရှိခဲ့ကြောင်း သိရသည်။
ကိုရိုး
သတင်းရင်းမြစ်- မနောမြေကုန်သွယ်မှုဗဟိုဌာန



