မိုးကြိုချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်ဧက ၂၉၇၀ စိုက်ပျိုးပြီးဖြစ်၍ ထွက်ရှိလာသည့်မျိုးများကို ဖြန့်ဖြူးပေးမည်

 

မန္တလေး   ဇွန်   ၂၃


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  မန္တလေးတိုင်းဒေသကြီး အတွင်း   ခရိုင်နှစ်ခရိုင်၌    မိုးကြိုချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်ဧက  ၂၉၇၀  စိုက်ပျိုးပြီးဖြစ်၍  ထွက်ရှိ လာသည့်    မျိုးများကို   ပြန်လည်ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး   စိုက်ပျိုးရေး ဦးစီးဌာနမှ    တိုင်းမျိုးစေ့တာဝန်ခံ   လက်ထောက် ညွှန်ကြားရေးမှူး   ဒေါ်မင်းမင်းသွင်က  ပြောကြားသည်။

 


အဆိုပါ   မိုးကြိုဝါမျိုးစေ့ထုတ်စိုက်ဧကများကို ခရိုင်နှစ်ခရိုင်ရှိ  မြို့နယ်ခြောက်မြို့နယ်၌ ကျေးရွာပေါင်း ၅၁ ရွာ၊  တောင်သူပေါင်း ၁၆၅၀ ဖြင့်  ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှ       မတ်လကုန်အထိ     စိုက်ပျိုးခဲ့ ကြောင်း၊    မျိုးကွဲအလိုက်    စိုက်ပျိုးမှုအနေဖြင့် ရွှေတောင်(၈)မျိုးမှာ ဧက ၂၂၀ ၊ ရွှေတောင်(၁၀)မျိုးမှာ ဧက ၂၇၅၀ စိုက်ပျိုးခဲ့ရာ ဖေဖော်ဝါရီလနောက်ဆုံးပတ် စိုက်ပျိုးခဲ့သည့်    ဧကများအနေဖြင့်   ဝါများစတင် ကောက်ယူနေပြီဖြစ်ပြီး  မတ်လကုန်စိုက်ပျိုးခဲ့သည့် စိုက်ဧကများအနေဖြင့် ဇူလိုင်လတွင် စတင်ကောက် သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

 


“မိုးကြိုဝါမျိုးစေ့ထုတ်အနေနဲ့ ဧက  ၂၉၇၀ စိုက်တဲ့ အထဲမှာ တိုင်းဒေသကြီးအစိုးရရန်ပုံငွေနဲ့  မိုးကြိုဝါမျိုးစေ့ထုတ်ဧက  ၁၀၀၀  ကနေပြီး တော့ မိုးနှောင်းတွေမှာ   ပြန်လည်ဖြန့်ဖြူးဖို့အတွက်    ဧက ၄၀၀၀၀ စာကို    မျိုးစေ့ပိဿာ ၁၂၀၀၀၀ ပြန်လည်ဝယ်ယူ   စုဆောင်းပြီးတော့    ဖြန့်ဖြူးပေးမှာပါ။   ကျန်တဲ့  ဧက ၁၉၇၀  ကနေပြီးတော့   ဧက  ၆၀၀၀၀ စာအတွက်    မျိုးစေ့ပိဿာ   ၁၈၀၀၀၀  ကို  ကန်ထရိုက် လယ်ယာစနစ်နဲ့  ဝယ်ယူစုဆောင်းပြီး  တိုင်းအတွင်းမှာ ပြန်လည်ဖြန့်ဖြူးပေးသွားမှာပါ။   ကျန်ရှိမျိုးတွေကို    တောင်သူအချင်းချင်း မျိုးဖလှယ်တဲ့   လုပ်ငန်းတွေကို လည်း   ဆောင်ရွက်သွားမှာပါ။  ပိုလျှံတာ တွေကတော့ တိုင်း၊ ပြည်နယ် တွေကို ဖြန့်ဖြူးပေးသွားမှာပါ” ဟု ၎င်းက ရှင်းပြသည်။

 


အဆိုပါ မိုးကြိုဝါသည်  ဆည်ရေ၊  မြစ်ရေတင် စသည်ဖြင့် စိုက်ပျိုးရ ခြင်းဖြစ်သည့်အတွက်  ရေရရှိမှုအရ  မိတ္ထီလာခရိုင်နှင့်  ရမည်းသင်းခရိုင် တို့၌ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ မိုးကြိုဝါမျိုးစေ့ထုတ်စိုက်ဧက ၂၉၇၀ စိုက်ပျိုးခဲ့သည့်အပေါ်တွင် စုစုပေါင်းစိုက်ဧက ၁၀၀၀၀၀ မျိုးစေ့ပိဿာ အနေဖြင့်  ၃၀၀၀၀၀ ကို   ပြန်လည်ဝယ်ယူ စုဆောင်းပြီး  ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊   ပံ့ပိုးပေးမှုအနေဖြင့်    မိုးကြိုဝါမျိုးစေ့ထုတ် စိုက်ပျိုးသည့်    တောင်သူများကို   တစ်ဧကလျှင် ယူရီးယားမြေသြဇာ  တစ်အိတ်နှုန်းကို   တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့်   ဈေးနှုန်း သက်သာစွာ ရောင်းချပေးခဲ့ကြောင်း၊ ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးသည့် မျိုးစေ့ထုတ်ဧကများကို ဆင့်ပွားမျိုးသန့်မျိုးစေ့များနှင့် လူးနယ်ဆေး များကို အခမဲ့ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။ 


မင်းထက်အောင်(မန်းကိုယ်ပွား)