ကရင်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးစိုက်တောင်သူများအား ဆင်းသုခမျိုးစပါး(RS)နှင့် သဘာဝမြေဩဇာများ ထောက်ပံ့

 

ဘားအံ   ဇွန်   ၁၉


ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းမှ မိုးစပါးစိုက် တောင်သူများအား  ဆင်းသုခမျိုးစပါး   (RS) နှင့် သဘာဝမြေဩဇာများကို ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနက  ဇွန်  ၁၈ ရက်တွင် ထောက်ပံ့ပေးအပ်သည်။

 


တစ်ဧကအထွက်နှုန်း တိုးတက်ရေး 


လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌  မျိုးစပါးနှင့် မြေဩဇာများ  ထောက်ပံ့ပေးအပ်ပွဲတွင်   ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မိမိတို့ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေးကို အဓိထား လုပ်ကိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ရာ မြေမှန်၊ မျိုးမှန်၊ စိုက် နည်းမှန်၊ ရာသီမှန်အောင်  စိုက်ပျိုးလုပ်ကိုင်ကြရန် လိုကြောင်း နှင့်  တစ်ဧကအထွက်နှုန်း   တိုးတက်ရေးဆိုင်ရာ နည်းလမ်းများကို အမှာစကားပြောကြားပြီး  ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်   တရား သူကြီးချုပ်  ဒေါ်ခင်ဆွေထွန်းနှင့်   ပြည်နယ်ဝန်ကြီး များက လှိုင်းဘွဲမြို့နယ်အတွင်းရှိ အင်းနို့သိပ္ပံ၊ သမ္ဘာန်၊ ထီလုံ၊ ရွေဂွန်း၊ ကော့လှိုင်း၊ ကော့မြတ်ကြီး၊ ကမော့ ကချူး၊  ကွမ်တာ၊  ဒိုင်းပြ၊   ပိန္နဲတော   အစရှိသည့် ကျေးရွာများမှ မိုးစပါးစိုက်တောင်သူများအား ဆင်း သုခမျိုးစပါး (RS) နှင့် သဘာဝမြေဩဇာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ 

 


ထို့နောက် အခမ်း အနားသို့ တက်ရောက်လာသော တောင်သူလယ်သမား ၁၂၆ ဦးက လယ်ယာလုပ်ငန်းခွင် တွင် ကြုံတွေ့ရသည့် အခြေအနေများနှင့်  လိုအပ် ချက်များကို အကျိုးဆောင်တောင်သူများမှတစ်ဆင့် တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


သဘာဝမြေဩဇာအိတ် ၂၀၀ ထောက်ပံ့


လှိုင်းဘွဲမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ မိုးစပါး ၁၂၀၈၁၃ ဧက  စိုက်ပျိုးရန်လျာထားပြီး  တစ်ဧက နှုန်းတိုးတက်ရေးနှင့်  လျာထားစိုက်ဧက   ပြည့်မီ ကျော်လွန်ရေးအတွက်  စိုက်ပျိုးရေးဦးစီးဌာနနှင့် နှီးနွှယ်ဆက်စပ်သော  ဌာနဆိုင်ရာများ၊   အကျိုး ဆောင်တောင်သူများ   ပူးပေါင်းဆောင်ရွက်လျက် ရှိကာ   ယနေ့အခမ်းအနားတွင်  ဆင်းသုခ (RS) မျိုးစပါးတင်း ၂၀၀ နှင့် ၅၀ ကီလိုဂရမ်အလေးချိန်ရှိ သဘာဝမြေဩဇာအိတ် ၂၀၀ ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)