စာပေဗိမာန်စာမူဆုရ စာအုပ်များ ဖြန့်ချိရောင်းချ

နေပြည်တော်   ဇွန်  ၁၈


ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က စာပေဗိမာန်စာမူဆု   စာပဒေသာ  တတိယဆုရရှိသည့် စာရေးဆရာ တင့်ထွန်း(ချောက်) ၏ “အကြီးတော်ချုပ်”  စာအုပ်နှင့် ကဗျာပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ   ချစ်စုအောင်၏ “မုဒိတာရင်ခွင် ကဗျာများ ” စာအုပ်ကို   ဖြန့်ချိရောင်းချလျက်ရှိသည်။

 


‘‘အကြီးတော်ချုပ်’’ စာအုပ်တွင်   ဦးကာဗျာန်(ဥက္ကာပျံ)၊  ဝန်ကြီး ပဒေသရာဇာ၊ တွင်းသင်းမင်းကြီး ဦးထွန်းညို၊ စိန္တကျော်သူ ဦးဩ၊ နေမျိုးမင်းလှကျော်သူ ဦးယာ၊ လက်ဝဲသုန္ဒရ၊  မင်းရဲရာဇာဘွဲ့ခံ ဦးဖျော်၊ ပခန်းမင်းကြီး ဦးရန်ဝေးနှင့် အကြီးတော်ချုပ် ဦးသံမှို ဟူ၍ အခန်း ၉ ခန်း၊ ခေါင်းစဉ် ၉ ပုဒ် ပါဝင်သည်။

 


အခန်းတစ်ခန်းစီတွင်   စာဆိုတစ်ဖြစ်လဲ   အကြီးတော်တို့၏ ထင်ရှားသော စာပေလက်ရာများ၊ သမိုင်းတွင်သော အဆိုအမိန့်များ၊ ဘဝဇာတ်ကြောင်း၊ ရေးသားပြုစုခဲ့သော စာပေ၊ ထိုခေတ်ကထင်ရှား ခဲ့သောစာပေကဏ္ဍများ၊ ခေတ်ပြိုင်စာဆိုများ၊   ခေတ်ကာလအခြေ အနေနှင့် လူမှုအဆင့်အတန်း၊ စာပေချစ်မြတ်နိုးသူ အုပ်ချုပ်သူမင်းနှင့် တော်ဝင်မိသားစုများ၊ အကြီးတော်တို့၏ ဂုဏ်ယူလေးစား မြတ်နိုးဖွယ် စိတ်ဓာတ်၊ ဆရာကောင်းပီပီ  ကိုယ်ကျိုးစွန့်တတ်သော စိတ်ဓာတ်၊ တပည့်များ ကြုံတွေ့ရသော လောကဓံလှိုင်းနှင့်အတူ အကြီးတော်တို့ပါ လိုက်ပါရပုံများ စသည်တို့ကို အကိုးအကားနှင့်အညီ   သိုက်သိုက် ဝန်းဝန်း ရေးသားထားသည်။

 


ခေတ်အဆက်ဆက် မြန်မာစာပေအခန်းကဏ္ဍနှင့်   သမိုင်းကို လေ့လာနိုင်သည့်အတွက် မြန်မာစာပေချစ်မြတ်နိုးသူများ၊ မြန်မာ့ သမိုင်းကို စိတ်ဝင်စားသူများနှင့်    ဗဟုသုတလေ့လာ  ရှာမှီးလိုသူ အားလုံးအတွက် ဖတ်ရှုသိမ်းဆည်းထိုက်သော စာအုပ်တစ်အုပ်ဖြစ်ပြီး ရောင်းဈေး ကျပ် ၂၅၀၀ ဖြစ်သည်။

 


“မုဒိတာရင်ခွင် ကဗျာများ”  စာအုပ်တွင်   ကဗျာရေးသူသည် အကြောင်းအရာအပိုင်း၌ ဘဝထဲက အတွေ့အကြုံများ၊ ဓမ္မနှင့် စာပေ ထဲက အလေ့အထုံများဖြင့် လေးနက်ကျယ်ပြန့်စွာ ကွန်ရက်ဖွဲ့ထား သည်ကို တွေ့ရသည်။ ကဗျာအများစုကို လေးလုံးစပ်လင်္ကာ ကဗျာ ဟန်ဖြင့် အဓိက အခြေခံရေးဖွဲ့သော်လည်း   အချိုးတွဲ၊  လေးချိုး၊ အိုင်ချင်း၊ လွမ်းချင်း၊ ကာချင်း၊ တျာချင်း၊   နွယ်သာကီသံပြတ်၊ တေးထပ်စသည့် ဂန္ထဝင်ဟန်ပုံသဏ္ဌာန်၊ မှန်ကန်သည့် စပ်ထုံးဖွဲ့နည်း များဖြင့်လည်း  ရေးဖွဲ့ထားရာ မြန်မာကဗျာ ရိုးရာရေးနည်းရေးဟန် မူများကိုလည်း   စုံလင်စွာတွေ့ရသည့်အပြင် အကြောင်းအရာနှင့် လိုက်ဖက်သော ပုံသဏ္ဌာန်ရေးဟန်များဖြင့်လည်း ရေးဖွဲ့ထားသည့် စာအုပ်ဖြစ်သည်။ ကဗျာချစ်သူ၊ စာဖတ်သူတို့ကို   ကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် လူသားဆန်သည့် ရုပ်အမူအရာ၊ စိတ်အမူအရာများ ပေးစွမ်းနိုင်သည့် ကဗျာစာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ရောင်း‌ဈေး ကျပ် ၂၅၀၀ ဖြစ်သည်။

 


ယင်းစာအုပ်များကို အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်း နှင့် ၂၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူ နိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည် လမ်းရှိ  စာပေဗိမာန်၊ အရောင်းဌာန   (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့တို့ ဆက်သွယ်နိုင်ကြောင်း  သတင်းရရှိသည်။                                                                     
သတင်းစဉ်