ကျောက်ဆည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နှင့် စဉ့်ကိုင် မြို့နယ်များအတွင်းရှိ ဇော်ဂျီရေသောက်စနစ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီအတွက် မိုးစပါး စိုက်ဧက ၆၂၉၁၃ ဧကနှင့် အခြားသီးနှံ ၅၁၃၈ ဧက ခန့်ကို ဇွန် ၁၅ ရက်မှ စတင်၍ စိုက်ပျိုးရေပေးဝေလျက် ရှိကြောင်း ကျောက်ဆည်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဇော်ဂျီရေသောက်စနစ်တွင် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ရေလွှဲဆည် အဆင့်ဆင့် တည်ဆောက်၍ စိုက်ပျိုးရေပေးဝေခဲ့ပြီးနောက်ပိုင်း တွင် ဆည်မြောင်းပညာရပ်ဆိုင်ရာ လိုက်လျော ညီထွေမှုရှိသည့် ဒီဇိုင်းပုံစံများဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ကြောင်း သိရသည်။ ဇော်ဂျီမြစ်ပေါ် တွင် ဇော်ဂျီနှင့်မြို့ကြီး ရေလှောင်တမံ နှစ်ခုကို တည်ဆောက်ထားပြီး ဇော်ဂျီတမံ၏ အထက် ဘက်တွင် ထပ်မံ၍ ကျိုင်းခမ်းရေလှောင်တမံကို တည်ဆောက်လျက်ရှိသည်။ ဇော်ဂျီနှင့်မြို့ကြီး တမံ နှစ်ခုမှ ရေအားလျှပ်စစ်ထုတ်လုပ်လျက် ထုတ်လွှတ် လိုက်သည့် ရေများကို အောက်ဘက်ရှိ မြို့ကြီး၊ နောင်ခမ်း၊ ငပြောင်၊ သင်းတွဲ၊ မင်းရဲ၊ ဇီးတော၊ ဇော်ဂျီ စသည့် ရေလွှဲဆည်များဖြင့် အဆင့်ဆင့်ထိန်းညှိ သိုလှောင်ကာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးရာသီ အတွက် ဇော်ဂျီရေသောက်စနစ်အတွင်းရှိ မိုးစပါးနှင့် အခြားသီးနှံ စိုက်ဧကများကို စိုက်ပျိုးရေပေးဝေခြင်း ဖြစ်သည်။
ထို့အပြင် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (မန္တလေးမြို့)နှင့် တည်ဆောက်ရေး(၇) ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(မိတ္ထီလာမြို့)တို့ ၏ ပူးပေါင်းညှိနှိုင်းစီမံမှုဖြင့် ဇော်ဂျီရေလှောင်တမံ၏ အထက်ဘက်ရှိ တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံမှနေ၍ ဇော်ဂျီရေလှောင်တမံအတွင်း သို့ ရေလွှဲမြောင်းဖြင့် ရေကူဖြည့်တင်းပေးကြောင်း၊ ဆက်လက်၍ မြို့ကြီးရေလွှဲဆည်၏ မြောင်းမတော်(၁)နှင့် နောင်ခမ်းရေလွှဲဆည်၏ နောင်ခမ်းမြောင်းတို့မှ တစ်ဆင့် ရေကူဖြည့်တင်းပြီး ကင်းတားလက်ယာ မြောင်း ရေသောက်ဧရိယာရှိ မိုးစပါး ၃၀၆၆၄ ဧက ခန့်နှင့် အခြားသီးနှံ ၇၂၄၅ ဧကခန့်ကိုလည်း ဇွန် ၂၂ ရက်မှ စတင်၍ မိုးစပါး စိုက်ပျိုးရေပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။
မောင်မွှေး



