ဟောင်ကောင်ဒေသ၏ စီးပွားရေး ပြန်လည်နာလန်ထူလာမည်

 

ဟောင်ကောင် ဇွန် ၁၇


ငွေကြေး  အချက်အချာကျသည့် ဟောင်ကောင် ဒေသ၏ စီးပွားရေးတိုးတက်မှုမှာ  ယခင်နှစ်က လေးရာခိုင်နှုန်းရှိခဲ့ရာမှ  ၂၀၂၂   ခုနှစ်  ပထမ သုံးလပတ်တွင်      လျော့ကျခဲ့သော်လည်း  တဖြည်းဖြည်းချင်း ပြန်လည်နာလန်ထူလာ နိုင်မည်ဟု Morgan Stanley Investment Bank ၏  စီးပွားရေးအစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြသည်။ ယခုနှစ်အစောပိုင်းနှင့်နှိုင်း ယှဉ် လျှင်     ဒုတိယသုံးလပတ်တွင် စီးပွားရေး ၀ ဒသမ ၄ ရာခိုင်နှုန်း   တိုးတက်နိုင်ကြောင်းနှင့် စီးပွားရေးတိုးတက်မှု အရှိန်မြင့်တက်နိုင်ပြီး ယခုနှစ်   ဒုတိယသုံးလပတ်တွင်  ၂ ဒသမ ၆ ရာခိုင်နှုန်းနှင့်  ၂၀၂၂  ခုနှစ်   တစ်နှစ်လုံးစာ အတွက်   ၀   ဒသမ  ၅ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း သိရသည်။

 


စားသုံးမှုနှုန်းမှာ ယခင်နှစ်က ၅ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ် ပထမသုံးလပတ် တွင် လျော့ကျခဲ့ပြီး ပြန်လည်နာလန်ထူနိုင်ရန် ခန့်မှန်းထားကာ    ဒုတိယသုံးလပတ်တွင် တစ်ရာခိုင်နှုန်းနှင့် ဒုတိယနှစ်ဝက်အတွင်းတွင် ၀ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များကို    လာမည့်   တတိယ သုံးလပတ်အထိ     ပြောင်းလဲခြင်းမရှိပါက ထောက်ပံ့ပို့ဆောင်ရေး    ကွင်းဆက်များကို နှောင့်နှေးကြန့်ကြာစေပြီး  ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများရှိနိုင်ကြောင်း၊  ကမ္ဘာလုံး ဆိုင်ရာ ဝယ်လိုအားလျော့ကျမှု၊ အတိုးနှုန်းမြင့် တက်မှုနှင့်   ပထဝီနိုင်ငံရေး   တင်းမာမှုများ ကြောင့် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှု အပေါ်   ဖိအားများဖြစ်ပေါ်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ်များ
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊  စီးပွား‌ရေးသံမှူး များ၏ ပေးပို့မှုအချက်အလက်များ။                                           
ခင်ရတနာ စုစည်းဖော်ပြသည်၊၊