နေပြည်တော် ဇွန် ၁၇
ကော်ဖီဗဟိုအဖွဲ့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် နေပြည်တော် ရုံးအမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကော်ဖီဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက အခြေအနေ ပေးသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အရည်အသွေးမြင့်မားသည့် ကုန်းမြင့်ကော်ဖီနှင့် မြေပြန့်ကော်ဖီမျိုးများ စိုက်ပျိုးထုတ်လုပ်ပြီး မြန်မာ နိုင်ငံ၏ အရည်အသွေးမြင့် အဓိကပို့ကုန်တစ်ခု ဖြစ်လာစေရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာ အောက်ရှိ ဥယျာဉ်ခြံသီးနှံအုပ်စုတွင် ကော်ဖီသီးနှံကို ထည့်သွင်းရေးဆွဲဆောင်ရွက်သွားရန်နှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုအတွက် အခြေအနေကောင်းများ ဖန်တီးပြီး အစိုးရဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များ ဟန်ချက်ညီပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကော်ဖီဗဟိုအဖွဲ့ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ကော်ဖီ တိုးချဲ့စိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ကော်ဖီဗဟိုအဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ က ကော်ဖီသည် အရိပ်ရပင်များ အောက်တွင် စိုက်ပျိုးရသောသီးနှံဖြစ်၍ မြန်မာနိုင်ငံ ၏ သစ်တောဧရိယာ ဖုံးလွှမ်းမှုကို အထောက်အကူပြု သည့်အပြင် သဘာဝပတ်ဝန်းကျင် တိုးတက်ဖွံ့ဖြိုး မှုကိုလည်း အကျိုးပြုကြောင်း၊ ကော်ဖီသီးနှံ တိုးချဲ့ စိုက်ပျိုးရေးအတွက် လိုအပ်သော မြေဧရိယာများကို သင့်လျော်သော သစ်တောဧရိယာများတွင် ရွေးချယ် ဆောင်ရွက်သွားရန် အလားအလာများရှိကြောင်း၊ ကော်ဖီစီမံကိန်း စတင်ဆောင်ရွက်ခဲ့သော ပြင်ဦးလွင် နှင့်နောင်ချိုဒေသတွင် ကော်ဖီစိုက်ခင်းများ ဖြစ်ထွန်း မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွေ့အကြုံကောင်းများရှိနေကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကော်ဖီဗဟိုအဖွဲ့ တွဲဖက်အတွင်းရေး မှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ကော်ဖီတိုးချဲ့စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေ မည့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းနှင့် တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များ၌ လုပ်ငန်း အဖွဲ့များ ဖွဲ့စည်းမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး ချုပ်များနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသ အလိုက် ကော်ဖီတိုးချဲ့စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။
မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ကော်ဖီတိုးချဲ့ စိုက်ပျိုးရေးကို စီမံဆောင်ရွက်ရန် ကော်ဖီဗဟိုအဖွဲ့ အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ မန္တလေး၊ မကွေး၊ တနင်္သာရီ တိုင်းဒေသကြီးများနှင့် ကရင်၊ မွန်၊ ရှမ်းပြည်နယ် များမှ ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဋ္ဌနှင့် ကော်ဖီထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းစဉ် တစ်လျှောက်မှ ပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်။
ယနေ့ကျင်းပသည့် ကော်ဖီဗဟိုအဖွဲ့၏ ပထမ အကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကော်ဖီ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်ဝတ္တရားများကို အကောင်အထည်ဖော်နိုင်ရေး၊ ကော်ဖီတိုးချဲ့ စိုက်ပျိုး ထုတ်လုပ်မည့် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နိုင်ရေး၊ ကော်ဖီ အဓိကတင်ပို့ရောင်းချသော နိုင်ငံ ဖြစ်လာစေရေးအတွက် ကော်ဖီတန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် လိုအပ်သော မူဝါဒများ ချမှတ်ရေး၊ ဈေးကွက်ရရှိရေး၊ အရည်အသွေးကောင်း ကော်ဖီ ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်ရှိ ကြိတ်ခွဲပြုပြင် ထုတ်လုပ်ခြင်းလုပ်ငန်းများ အဆင့်မီဖွံ့ဖြိုး တိုးတက် လာရေး၊ ပြည်ပတင်ပို့မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ရန် ကိစ္စရပ်များကို အသေးစိတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



