ချောင်းဦး ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဇွန် ၁၄ ရက်က တောင်သူ များအား ဖိတ်ကြားပြီး ဝါသီးနှံ မျိုးစေ့ထုတ် နည်းပညာပေးသင်တန်း ဖွင့်လှစ်၍ ဝါမျိုးကောင်း မျိုးသန့်မျိုးစေ့ များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရ သည်။
ချောင်းဦးမြို့နယ်တွင် ဝါသီးနှံကို အဓိကထား စိုက်ပျိုးကြသော်လည်း ယခင်က စိုက်ပျိုးနေကျ ဝါမျိုးများကို စိုက်ပျိုးခဲ့ကြောင်း၊ မျိုးကောင်းမျိုးသန့် များ စိုက်ပျိုးမှုနည်း၍ ဝါအထွက်နှုန်း နည်းသောကြောင့် ယခုအခါ တောင်သူ များ ဝါသီးနှံကို မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပြီး ကိုယ်တိုင်မျိုးစေ့ထုတ်နိုင်စေ ရန် သင်တန်းဖွင့်လှစ် နည်းပညာပေး ရခြင်းဖြစ်ကြောင်း၊ ဒေသတွင်းမှာ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ပြန့်ပွား လာစေရန်၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ အလွယ်တကူ ဈေးနှုန်းချိုသာစွာ ရရှိလာ စေရန်၊ တောင်သူများကိုယ်တိုင် မျိုးကောင်း မျိုးသန့် မျိုးစေ့များ စိုက်ပျိုး ထုတ်လုပ်တတ်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မြတ်မြတ်ဦးက သင်တန်းဖွင့်ပွဲတွင် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဝါစိုက်တောင်သူ ၂၀ အား စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဝါမျိုးစေ့ ရွှေတောင် ၈ နှင့် ရွှေတောင် ၁၀ မျိုး ဧက ၁၀၀ စာကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး ဦးညွန့်အောင်၊ ဆည်မြောင်းဦးစီးဌာန တာဝန်ခံနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး တို့က ထောက်ပံ့ပေးအပ်ခဲ့သည်။
ချောင်းဦးမြို့နယ်တွင် ယခုနှစ် အတွက် ဝါသီးနှံစိုက်ပျိုးရန် ၇၇၇၈ ဧက လျာထားပြီး ယခုအခါ ၄၅၃၉ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ တိုင်းဒေသ ကြီး အစိုးရက ထောက်ပံ့သည့် ဝါသီးနှံ မျိုးကောင်း မျိုးသန့် မျိုးစေ့ ဧက ၁၀၀ စာကို အကျိုးဆောင် တောင်သူများနှင့် ပူးပေါင်းပြီး မျိုးကောင်း မျိုးသန့်များ ဒေသတွင်းပြန့်ပွားအောင် ဆောင်ရွက် မည်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် လည်း မိမိတို့အိမ်အတွင်းရှိ စားဆိုဒါနှင့် ရှာလကာရည်အသုံးပြုပြီး ယာမြေအတွင်း ရှိ မြေကြီး၏ ချဉ်/ငန်ဓာတ် တိုင်းတာ နည်း၊ ယူရီးယားနှင့် လက်ချားရောစပ်၍ အပင်များအထွက်နှုန်း ကောင်းစေရန် အသုံးပြုရမည့် နည်းစနစ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း စိုက်ပျိုး ရေးဦးစီးဌာနမှ သိရသည်။
ဝင်းမြင့်အောင်(ပြန်/ဆက်)



