ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီ ဖူလုံရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၏ လမ်းညွှန်မှုဖြင့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့တွင် ဆီထွက်သီးနှံ နေကြာ ဧက ၃၀၀၀ မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုး ၍ နေကြာမျိုးစေ့တင်း ၆၀၀၀၀ ရရှိရေး ဆောင်ရွက် လျက်ရှိပြီး ရရှိလာမည့် နေကြာမျိုးစေ့များဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံနေကြာ ပြန်လည်စိုက်ပျိုးမည်ဖြစ်သည်။ ဆောင်းနေကြာ မျိုးစေ့ရရှိရန် ယခုနှစ် မိုးရာသီတွင် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့တွင် မျိုးစေ့ထုတ်စိုက်ပျိုး နေမှုများနှင့် ပတ်သက်၍ မြန်အောင်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှု လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် ဇွန် ၁၂ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း
(ကော်မတီဥက္ကဋ္ဌ)
မေး ။ ။ မြန်အောင်မြို့နယ်အတွင်း ဆီထွက် သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ
ကို သိပါရစေ။
ဖြေ ။ ။ မြန်အောင်မြို့နယ်အတွင်း အခုနှစ် မိုးရာသီမှာ ကျေးရွာအုပ်စု ၂၀ မှာ တောင်သူ ၉၆၂ ဦးက မိုးနေကြာ မျိုးစေ့ထုတ် ဧက ၁၃၀၀ စိုက်ပျိုးထုတ်လုပ်သွားပါမယ်။ အင်ပင် မြို့အနီး ကျေးရွာတွေက အရင်မြေပဲစိုက်ပျိုးတဲ့ကွင်း တွေမှာ အများဆုံး စိုက်ပျိုးလျက်ရှိပါတယ်။ ကျွန်တော်တို့ဒေသက တောင်သူတွေ နေကြာသီးနှံ မစိုက်တာ ၁၀နှစ်၊ ၁၅ နှစ်လောက်ရှိတဲ့အတွက် ရာသီဥတု ၊ သွင်းအားစု၊ မျိုးစေ့ ၊ စိုက်ပျိုးနည်းစနစ် အားလုံး ပြည့်စုံမှန်ကန်မှ အောင်မြင်မှာဖြစ်တဲ့ အတွက် နေကြာစိုက်ပျိုးမယ့်တောင်သူတွေ မျိုးစေ့ အချိန်မီရရှိရေး၊ သွင်းအားစုများရရှိရေးနဲ့ စိုက်ပျိုး နည်းစနစ်မှန်ကန်စေဖို့ တာဝန်ရှိသူတွေက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ စိုက်ပျိုး ရေးသွင်းအားစုတွေအဖြစ် နေကြာစိုက်ခင်းတစ်ဧက အတွက် ယူရီးယားဓာတ်မြေသြဇာ တစ်အိတ်၊ ကွန်ပေါင်းမြေသြဇာတစ်အိတ်နဲ့ မှိုသတ်ဆေး (လူးနယ်ဆေး)တွေကို ကျေးရွာအရောက် ပို့ဆောင် ထောက်ပံ့ပေးထားပြီး စိုက်ပျိုးစရိတ်ချေးငွေတွေရရှိဖို့နဲ့ မြစိမ်းရောင် ချေးငွေတွေရရှိဖို့ ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။
မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးစိုးမြင့်အောင်
(ကော်မတီအတွင်းရေးမှူး)
မေး ။ ။ မိုးနေကြာ မျိုးစေ့ထုတ်သီးသန့်စိုက်ပျိုး ထုတ်လုပ်ရာမှာ စိုက်ပျိုးရေးဦးစီး ဌာနရဲ့ ပံ့ပိုးလုပ်ဆောင်မှုတွေကို ရှင်းပြပေးပါခင်ဗျ။
ဖြေ ။ ။ စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း မိုးနေကြာ မျိုးစေ့ထုတ်သီးသန့် စိုက်ပျိုးထုတ်လုပ်မယ့် ကျေးရွာအုပ်စုတွေက တောင်သူတွေ မျိုးစေ့ရရှိရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်ရေး၊ ရာသီအမီ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုတွေ မှန်ကန်စွာ သုံးစွဲနိုင်ရေး ပညာပေး လုပ်ငန်းတွေကို ဌာနဝန်ထမ်းတွေက ကျေးရွာ အရောက် ကွင်းဆင်းဆောင်ရွက်နေပါတယ်။ နေကြာမျိုးစေ့ထုတ် တောင်သူတွေကို ဆင်းရွှေကြာ (၂) နေကြာမျိုးစေ့ တစ်ဧက လေးပြည်နှုန်း ထောက်ပံ့ပေးပြီး တစ်ဧက အပင်အရေအတွက် ၂၉၀၀၀ စနစ်တကျ စိုက်ပျိုးနိုင်ဖို့ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းတွေက စိုက်ပျိုး နည်းစနစ်ပညာပေးခြင်းနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်နေပါတယ်။ အပင်သက်တမ်းတစ်လျှောက် ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတွေကိုလည်း တိုင်း/ခရိုင် တာဝန်ရှိဝန်ထမ်းတွေက မြို့နယ်ဝန်ထမ်း တွေကို ထပ်ဆင့်သင်တန်းပေးပြီး မြို့နယ်ဝန်ထမ်း တွေက ကျေးရွာအရောက် နေကြာစိုက်တောင်သူ တွေကို စုစည်းပြီး ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး သင်တန်းပို့ချပေးခြင်း၊ လက်ကမ်းစာစောင်တွေဖြန့်ဝေအသိပညာပေးခြင်းတွေ ဆောင်ရွက်ထားပါတယ်။
ဝင်းဗိုလ်(မြန်အောင်)



