ရန်ကုန် ဇွန် ၁၁
မြန်မာနိုင်ငံမှ ပြည်ပသို့တစ်လလျှင် ပျမ်းမျှဆန်တန် ချိန် နှစ်သိန်းခန့် တင်ပို့လျက်ရှိပြီး ယခုဘဏ္ဍာရေးနှစ် တွင် မက်ထရစ်တန်ချိန် နှစ်သန်း တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိကာ ဖြစ်ပေါ်လာသော အခက်အခဲများကို နိုင်ငံတော်အစိုးရနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်မှ သိရသည်။
ပြည်ပသို့တင်ပို့သော တန်းမြင့်ဆန်ဖြစ်သည့် ပေါင်းဆန်များကို ဥရောပဈေးကွက်သို့ အဓိကတင်ပို့လျက်ရှိရာ ထိုသို့တင်ပို့ရာ၌ နိုင်ငံခြား ငွေလဲနှုန်းပေါ်တွင် သက်ရောက်မှုမရှိသော်လည်း အခြေခံကျသော ဆန်တင်ပို့မှုတွင် အနည်းငယ်ထိခိုက်မှုရှိ၍ သက်ဆိုင်ရာနှင့် ညှိနှိုင်းမှုဖြင့် အခက်အခဲဟူသမျှကို ကျော်ဖြတ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကာ မြန်မာ့ဆန်ကို ဥရောပ၊ တရုတ်၊ အာဆီယံနိုင်ငံအချို့နှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။
ပြည်ပတင်ပို့မှုအတွက် ဆန်ကွဲလိုအပ်ချက်ရှိပြီး ပြည်တွင်းမွေးမြူရေးလုပ်ငန်းအတွက် ဖွဲနု၊ ဆန်ကွဲနှင့် ယမကာချက်လုပ်သော လုပ်ငန်း အတွက် ဆန်ကွဲကို ဖြည့်ဆည်းပေးလျက်ရှိသည်။ မြန်မာ့ဆန်ကွဲကို ဥရောပနှင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံ ဖြစ်သော ဘင်္ဂလားဒေ့ရှ်သို့တင်ပို့လျက်ရှိကာ ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပတင်ပို့မှုထိန်းညှိရန် လိုအပ်လျက်ရှိသည်။
၂၀၂၁ ခုနှစ်တွင် ငွေကြေးလည်ပတ်မှု လုပ်ငန်းအခက်အခဲများရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မနှစ်ကထက် ပိုမိုကောင်းမွန်ခဲ့ကာ ပုံမှန်အခြေအနေသို့ မရောက်သေးဘဲ ငွေကြေးလည်ပတ်မှုလုပ်ငန်းအနေဖြင့် ဆန်စပါးနှင့် လယ်ယာဖွံ့ဖြိုးရေးကဏ္ဍတွင် သက်ရောက်မှုရှိခဲ့ရာ မိုးစပါးမပေါ်မီ ဇူလိုင်နှင့် ဩဂုတ်နှစ်လတာကာလတွင် ဆန်နှင့်ဆန်ကွဲ တည်ငြိမ်သော ဈေးကွက်တစ်ခုဖြစ်ပေါ်ရန် ကုန်စည်ဒိုင်များကုန်စည်စီးဆင်းမှု၊ ဆန်ပို ဒေသနှင့်ဆန်လိုဒေသ ချိန်ညှိဆောင်ရွက်မှုနှင့် နယ်ဒေသတို့တွင် ဆန်စပါးလက်ကျန်အခြေအနေတို့ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် ဆန်စပါးရောင်းဝယ်သူများ ညှိနှိုင်း၍ အကောင်းဆုံးဆောင်ရွက်ထား ကြောင်း၊ မြေဩဇာဈေးနှုန်းကြီးမြင့်မှု၊ သယ်ယူစရိတ်ကြီးမြင့်မှုနှင့် ဆန်စက်များ လည်ပတ်မှုကျဆင်းမှုကြောင့် ပြည်တွင်းဆန်ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့မှုဖြင့် အခြေခံစားသုံးဆန်တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀ ခန့်နှင့် ဆန်ကွဲနှင့် ကောက်ညှင်းဆန်ဈေးနှုန်း မြင့်တက်ခဲ့သော်လည်း မိုးရာသီနှစ်လတာတွင် ဆန်ဈေးကွက်တည်ငြိမ်မှု အတွက် ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။
ဆန်နှင့် ဆန်ကွဲကို ပြည်ပပို့ကုန်နှင့် ပြည်တွင်းစားသုံးမှုဖူလုံရန် နှင့် ဈေးနှုန်းတည်ငြိမ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းအနေဖြင့် ဆောင်ရွက်လျက်ရှိပြီး ပြည်ပသို့ လစဉ်ဆန်တန်ချိန် နှစ်သိန်း တင်ပို့ လျက်ရှိကာ ယခုဘဏ္ဍာရေးနှစ်တွင် ဆန်မက်ထရစ်တန်ချိန် နှစ်သန်း တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
ညိမ်းသူ (သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး



