ပဲခူးမြို့ ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကား တည်ဆောက်တပ်ဆင်မှု ပြီးစီး

 

ပဲခူး   ဇွန်   ၉


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ အများပြည်သူစေတနာ ရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပဲခူးမြို့  သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီးတွင် ဓာတ်လှေကား တည်ဆောက် တပ်ဆင်မှုမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သည်။

 


အဆိုပါဓာတ်လှေကား တည်ဆောက်တပ်ဆင်ရန်အတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်က ဩဝါဒါစရိယ ဆရာတော်များ၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ပန္နက်တင်ခဲ့ပြီး ယင်းနေ့မှစတင် ၍ ဓာတ်လှေကားတပ်ဆင်တည်ဆောက်မည့် ဆောက်လုပ်ရေးဝန်ကြီး ဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၃) မှ  တာဝန်ရှိ သူများက အသေးစိတ်တိုင်းတာတွက်ချက်မှုများပြုလုပ်ပြီး တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ဟင်္သာကုန်းစေတီတော်မြတ်ကြီးတွင် တပ်ဆင်ထားသည့် ဓာတ်လှေကားမှာ စေတီတော်မြတ်ကြီး၏ တောင်ဘက်မုခ်စောင်းတန်း အောက်ခြေအနီးမှ စေတီတော်ရင်ပြင်အထိ အလျား  ၇၇ ပေ၊  အမြင့် ၇၃ ပေခွဲ၊  လျှောက်လမ်းအကျယ်  ၈ ဒသမ ၅ ပေရှိ လူ ၁၂ ယောက် အတက်/အဆင်း စီးနိုင်သော ဓာတ်လှေကားဖြစ်သည်။   ဓာတ်လှေကား တွင်   ကျန်းမာရေးချို့တဲ့သူများအတွက်   ဘီးတပ်ကုလားထိုင်ဖြင့်  သယ်ဆောင်ပေးနိုင်ပြီး  အရေးပေါ်ထွက်ပေါက်တံခါးလည်း ပါဝင်သည်။ 

 


ယခုအခါ ဓာတ်လှေကားတပ်ဆင်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ မကြာမီရက်ပိုင်းအတွင်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး   ဖွင့်လှစ်ပြီးပါက  ဟင်္သာကုန်း စေတီတော်မြတ်ကြီးသို့  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာကြသော  ပြည်သူအများအနေဖြင့် စောင်းတန်းလှေကားမှ  အတက်/အဆင်း  ပြုလုပ်နိုင်သည့်အပြင် ဓာတ်လှေကားဖြင့်လည်း သက်သောင့် သက်သာ အတက်/အဆင်းပြုလုပ် ဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရ သည်။                                                                    

 တင်စိုး(ပဲခူး)