နေပြည်တော် ဇွန် ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့သည် ဇွန် ၆ ရက်နှင့် ၇ ရက်တို့တွင် ရှမ်းပြည်နယ်တောင်ပိုင်း အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေ ပြည်သူများ၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းက တောင်ကြီးမြို့ရှိ သမဝါယမ စာရင်းရေး စာရင်းကိုင်သင်တန်းကျောင်းသို့ ရောက်ရှိပြီး ဇွန် ၁၆ ရက်တွင် သင်တန်းများ အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်သင်ကြားပို့ချနိုင်ရေးအတွက် သင်ကြားပို့ချမည့် စာသင်ခန်းများ၊ ကျောင်းဆောင်များ၊ သင်တန်းသား သင်တန်းသူ အိပ်ဆောင်များ ပြင်ဆင်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးကာ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင်
ထို့နောက် သမဝါယမစာရင်းရေး စာရင်းကိုင် သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်း ဖွင့်လှစ်ရန် စီစဉ်ထားရှိမှုအခြေအနေများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးက အကြောင်း အမျိုးမျိုးကြောင့် အခြေခံပညာ အဋ္ဌမတန်း အောင်မြင်ပြီး ပညာဆက်လက်သင်ကြားရန် အခက် အခဲရှိသူများကို သမဝါယမ စာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်း နှစ်နှစ် တက်ရောက် ပြီးပါက အသိအမှတ်ပြုလက်မှတ်ရရှိမည် ဖြစ်ကြောင်း၊ ပြင်ပတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေးနိုင် မည်ဖြစ်ကြောင်း၊ သမဝါယမ ဒီဂရီကောလိပ်သို့လည်း ပေါင်းကူးဆက်လက် တက်ရောက်နိုင်မည်ဖြစ်ပြီး နှစ်နှစ်တက်ရောက်ပြီးပါက ဒီပလိုမာ လက်မှတ်ရရှိ မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ကြိုးစား ဆောင်ရွက်ရန်နှင့် ကျောင်းဆင်းပါက အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်နှင့် သင်ကြား ရေး၊ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် ဆွေးနွေးမှာကြား ပြီး သင်တန်းသားများအတွက် အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံယူ သည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ရပ်စောက်မြို့နယ်၊ ဆတ်သေကျေးရွာ ၌ အိမ်ခြေ ၁၂၀ လူဦးရေ ၅၉၆ ဦး သောက်သုံးရေ ဖူလုံစွာရရှိရေး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ တာကာလတွင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့သည့် အရှည် တစ်မိုင် လေးဖာလုံ စိမ့်စမ်းရေသွယ် တန်းခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သော ဘက်စုံသုံးခန်းမ အလျား ပေ ၅၀၊ အနံပေ ၄၀၊ အမြင့် ၁၂ ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ဆတ်သေကျေးရွာတွင် ရပ်စောက် မြို့နယ် သမဝါယမအသင်းစုမှ စမ်းသပ်ထုတ်လုပ် လျက်ရှိသည့် စွမ်းထက်သဘာဝ ဓာတ်မြေဩဇာ ထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
လိုအပ်သည်များမှာကြား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ရပ်စောက်မြို့နယ် ဘုရားဖြူကျေးရွာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လူဦးရေ ၄၂၉ ဦး အကျိုးပြုမည့် ကျေးရွာတွင်း အရှည်ပေ ၇၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မဒု ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကိုလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် တည်ဆောက်ထားသော ဘက်စုံ သုံးခန်းမ၌ ကျေးရွာနေပြည်သူများ၊ မြစိမ်းရောင် စီမံကိန်း အသင်းသားများနှင့် တွေ့ဆုံ၍ ကျေးရွာ ကော်မတီဝင်များက စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၆၀၀ ကျော်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အသင်းသား ၁၀၃ ဦးတို့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက် နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားသည်။
ယင်းနောက် ရပ်စောက်ဒေသရှိ သရက်စိုက် တောင်သူအစုအဖွဲ့များနှင့် တွေ့ဆုံ၍ ပြည်တွင်း ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု အခြေအနေ နှင့် သရက်စိုက်တောင်သူများအတွက် သရက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး စိုက်ပျိုးရေးသင်တန်း ဖွင့်လှစ် ပို့ချနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



