ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

 

 

နေပြည်တော်   ဇွန်   ၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်  ၇ နာရီတွင်   မြန်မာ့မီးရထား   နေပြည်တော်ဘူတာကြီးအနီးရှိ    မြေကွက်လပ်တွင်  ကျင်းပရာ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ရာသီဥတုထိန်းညှိပေးနိုင်
အခမ်းအနားတွင်     ပြည်ထောင်စုဝန်ကြီးက  ကမ္ဘာပေါ်တွင် သစ်ပင်သစ်တောများသည် လူသား များအတွက် မြေဆီလွှာနှင့် ရေကိုထိန်းသိမ်းပေးခြင်း ကြောင့် သောက်သုံးရေများကို လူသားများ ရယူသုံးစွဲ နိုင်သကဲ့သို့ပင်  အောက်ဆီဂျင်ကို ထုတ်ပေးရုံသာမက ရာသီဥတုကိုလည်း  ထိန်းညှိပေးကြောင်း၊ သစ်တော သစ်ပင်များ     ထိန်းသိမ်းခြင်းသည်    ဂေဟစနစ် ပြန်လည်ကောင်းမွန် ရှင်သန်ရေးနှင့် လူသန်းပေါင်း များစွာ၏     လိုအပ်သောအစားအစာများ၊   အသုံး အဆောင်များ၊   သစ်တောထွက်ပစ္စည်း  အမျိုးမျိုး စသည်တို့ကို   ထောက်ပံ့ပေးနိုင်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုကိုလည်း ထိန်းညှိပေးနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်မှ   ကာကွယ်ပေးနိုင်ခြင်း၊ မရှိမဖြစ် သည့်  ရေနှင့်လေကို  သန့်စင်ပေးနိုင်ခြင်းစသည့် များစွာသော အကျိုးကျေးဇူးများကို ရရှိပါကြောင်း၊  ထို့ကြောင့်   နှစ်စဉ်မိုးရာသီ   သစ်ပင်စိုက်ပျိုးသည့် အစဉ်အလာကို ရေရှည်ထိန်းသိမ်း ဆောင်ရွက်သွား နိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ကြည့်ရှုအားပေး
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ ကြသူအားလုံးက  ရတနာတန်းဝင် ကျွန်းပင်  ၃၀၀၊ ပိတောက်ပင် ၃၀၀ နှင့် မဲဇလီပင် ၃၀၀  စုစုပေါင်း အပင်ရေ  ၉၀၀ တို့ကို    စိုက်ပျိုးခဲ့ကြပြီး   သစ်ပင် စိုက်ပျိုးနေမှုများကို      ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှု အားပေးသည်။
ရတနာတန်းဝင်အပင်များ စိုက်ပျိုး
ယနေ့ ဝန်ကြီးဌာန၏  သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပချိန်တွင် ဝန်ကြီးဌာနလက်အောက် ဌာနအဖွဲ့ အစည်းများ၏ ရုံးချုပ်များနှင့် ဒေသအနှံ့ရှိ ရုံးဌာနများ အားလုံးတွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ဆင်နွှဲကြလျက် ရတနာ တန်းဝင်အပင်များ၊  အရိပ်ရလေကာပင်များ၊  သီးပင် စားပင်များ စုစုပေါင်း အပင် ၁၆၈၀၀ တို့ကို စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရှိရသည်။
ငါးသားပေါက် ၂၀၀၀၀ မျိုးစိုက်ထည့်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်၊   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန    ဝန်ကြီးရုံး   ရုံးအမှတ်(၂၉)အနီးရှိ လျှိုပိတ်ဆည်တွင်  ကျင်းပသည့်  ငါးမျိုးစိုက်ထည့် ခြင်း အခမ်းအနားသို့  တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် အခမ်းအနား တက်ရောက် ကြသူများသည် လျှိုပိတ်ဆည်အတွင်းသို့   ငါးမြစ်ချင်း သားပေါက် ကောင်ရေ     ၂၀၀၀၀  ကို    ငါးမျိုးစိုက်ထည့်ပေးခဲ့ ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်