မုံရွာ ဇွန် ၅
၂၀၂၂ ခုနှစ်က စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် မြန်မာ့ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အထူး အလေးထား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို စနစ်တကျစုဖွဲ့ယှဉ်ပြိုင်နိုင် ရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် ပိုက်ကျော်ခြင်း အားကစား သမားများ ဆက်လက်ပေါ်ထွက်လာရန်အတွက် ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ တိုင်း ဒေသကြီး၏ အောင်မြင်မှုရရှိသည့် အားကစားနည်း များထဲတွင် ပိုက်ကျော်ခြင်းအားကစားသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများဖြစ်အောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင် ကစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများ ကို လိုက်လံနှုတ်ဆက်အားပေးကြသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၃၀ မှ အားကစားသမား ၂၅၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မုံရွာမြို့ ပြည်သူ့ အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမနှင့် ဖူဆယ်အားကစားကွင်းတို့၌ ဇွန် ၄ ရက်မှ ၇ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)



