
လယ်ဝေး မေ ၃၀
နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးသည် ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များနှင့်အတူ ယနေ့နံနက် ၁၀ နာရီက လယ်ဝေးမြို့နယ် အတွင်း ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကွင်းဆင်းဆွေးနွေးသည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင်သည် လယ်ဝေး မြို့နယ် ပေတုန်းမျှောင်ကျေးရွာ အနီးရှိ တောင်သူ ဦးဝေလင်းဦး၏ စူပါနှံကောက်စပါး စံပြကွက် စိုက်ပျိုးထားမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ခဲ့သည်။ ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင်သည် မဒေါ့ပင် ကျေးရွာ KC ခန်းမတွင် ဒေသခံ တောင်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေရရှိ ရေး လုပ်ငန်းများအား ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့် ဆောင်က သီးနှံများ စိုက်ပျိုးရာ တွင် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်က ရာသီဥတုနှင့် ကိုက်ညီမည့်မျိုး များကို ရွေးချယ်ရန်၊ သဘာဝ မြေဩဇာသုံးစွဲခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ စိုက်ခင်းများ၏ မိတ်ဆွေဖြစ်သည့် ပင့်ကူစသည့် ပိုးကောင်များအား မွေးမြူခြင်းဖြင့် အခြားအဖျက်ပိုး များ၏ အန္တရာယ်မှ ကာကွယ်နိုင် ရန် စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစောဝင်းက ရာသီဥတု ပြောင်းလဲမှုနှင့် မိုးရေချိန်ရရှိမှု အခြေအနေများ၊ ပိုးမွှားရောဂါ ကျရောက်မှု လျော့နည်းစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဒေသနှင့် ကိုက်ညီမည့် သီးနှံများ အကြောင်းကို လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာလှမျိုးသန့်က မေထုန်မဲ့သားစပ်နည်း၊ ဒေသ တိုင်းရင်းကြက် မွေးမြူနည်းနှင့် တိရစ္ဆာန် မျိုးကောင်းမျိုးသန့် များ ရရှိစေရေးတို့ကို ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် ဒေသခံတောင်သူ များက မြေဩဇာရရှိရေး၊ စိုက်ပျိုး စရိတ်များ ထုတ်ယူနိုင်ရေး၊ လယ်ယာသုံး စက်ကိရိယာများ မောင်းနှင် သုံးစွဲနိုင်ရေးအတွက် စက်သုံးဆီများ ဈေးနှုန်းသက်သာ စွာရရှိရေး၊ ရေမြောင်းများ ပြုပြင် ထိန်းသိမ်းရေးတို့ကို မေးမြန်း ဆွေးနွေးရာ သက်ဆိုင်ရာဌာန များက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင်က ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)