
နေပြည်တော် မေ ၃၀
မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Committee on Large Dams - MNCOLD) ၏ စတုတ္ထအကြိမ် အထွေထွေညီလာခံကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ကန်ဘဲ့ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်မြန်မာ နိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ နာယက အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ အသင်းသား များ တက်ရောက်ကြသည်။
နှစ်စဉ်စီးဆင်းလျက်ရှိ
အခမ်းအနားတွင် မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီ နာယကအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးတင် ထွဋ်ဦးက မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများထက် ရေချို သယံဇာတများစွာ ပေါများပြီး ပြည်တွင်း၌ စီးဆင်းနေသော မြစ်များအနေဖြင့် ဧရာဝတီမြစ် တွင် ဧကပေသန်း ၂၅၀ ကျော်၊ ချင်းတွင်းမြစ်တွင် ဧကပေ ၁၁၄ သန်းကျော်၊ စစ်တောင်းမြစ်တွင် ဧကပေ ၆၆ သန်းခန့်၊ သံလွင်မြစ် တွင် ဧကပေသန်း ၂၀၀ ကျော် နှစ်စဉ်ပျမ်းမျှ စီးဝင်လျက်ရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် ဧကပေ သန်းပေါင်း ၈၇၀ ကျော် နှစ်စဉ် စီးဆင်းလျက်ရှိကြောင်း။
အသားတင် စိုက်ဧရိယာပေါ် တွင် ရေသွင်းစိုက်ပျိုး ဧရိယာ အနေဖြင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံက ၃၄ ရာခိုင် နှုန်း၊ ဗီယက်နမ်က ၄၉ ရာခိုင်နှုန်း၊ လာအိုက ၂၇ ရာခိုင်နှုန်းနှင့် အိန္ဒိယက ၃၉ ရာခိုင်နှုန်း ရှိနေ သည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံ အနေဖြင့် ရေသွင်းစိုက်ပျိုးသော ဧရိယာမှာ အသားတင်စိုက်ဧရိယာ ၏ ၂၀ ရာခိုင်နှုန်းကျော်သာ ရှိ၍ ရေချိုအရင်းအမြစ်များစွာ ရှိနေသော်လည်း အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက ရေသွင်း စိုက်ပျိုးနိုင်သော ဧရိယာနည်းပါး လျက်ရှိနေပြီး ရှိရင်းစွဲ ရေအရင်း အမြစ်များကို စိုက်ပျိုးရေအဖြစ် ဖော်ထုတ်အသုံးချရန် များစွာ လိုအပ်နေသေးသည်ကို တွေ့ရှိ ရမည်ဖြစ်ကြောင်း။
မျှဝေလက်ဆင့်ကမ်းပေး
အလားတူ အဖိုးတန် ရေချို သယံဇာတများကို သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေစွာ အသုံးချနိုင်ရန် တည် ဆောက်ထားရှိပြီး ဖြစ်သည့် ဆည်တာတမံကြီးများ ဘေးကင်း လုံခြုံပြီး ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရေး၊ ရေအားလျှပ်စစ် ထုတ်ယူ အသုံးပြုနိုင်ရေးနှင့် စိုက်ပျိုးရေအတွက် အကျိုးပြု နေမှု၊ ဒေသတွင်းနိုင်ငံများ၏ ဆည်တာတမံ တည်ဆောက် အသုံးပြုနေမှုတို့ကို လေ့လာ ချိန်ဆပြီး နောင်လာ နောက်သား များအတွက် ပိုမိုအကျိုးရှိနိုင်မည့် အစီအမံများကို မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီ (MNCOLD) က ဖော်ထုတ်ပေးရန် လိုကြောင်း၊ ရေခဲတောင် အရည်ပျော်လာမှု၊ မုတ်သုံဝင်ရောက်မှု၊ သမုဒ္ဒရာ ရေမျက်နှာပြင် မြင့်တက်လာမှု စသည့် ပြောင်းလဲလာသည့် ရာသီ ဥတုအခြေအနေများ၊ မမျှော်မှန်း နိုင်သည့် သဘာဝ ဘေးဒဏ်များ ကြောင့် တာတမံကြီးများအပေါ် အကျိုးသက်ရောက်နိုင်မှုများကို စူးစမ်းလေ့လာခြင်း၊ သုတေသန လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ခြင်းများကို အပြည်ပြည်ဆိုင်ရာ တမံကြီးများ ကော်မရှင် (Inter-national Commission on Large Dams - ICOLD) အပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်သကဲ့သို့ မျိုးဆက်သစ် ပညာရှင်များကိုလည်း နည်းပညာ များ မျှဝေလက်ဆင့်ကမ်းပေးရန် တိုက်တွန်းပါကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ တမံ ကြီးများဆိုင်ရာ အမျိုးသား ကော်မတီ အတွင်းရေးမှူးက အလုပ်အမှုဆောင် ကော်မတီ၏ အစီရင်ခံစာကိုဖတ်ကြားတင်သွင်း ကာ ညီလာခံ၏ အတည်ပြုချက် ရယူသည်။
မြန်မာနိုင်ငံ တမံကြီးများ ဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Commit-tee on Large Dams - MNCOLD) ကို မြန်မာနိုင်ငံအတွင်းရှိ တည်ဆောက်ပြီး၊ တည်ဆောက် ဆဲနှင့် တည်ဆောက်ရန်ရှိသည့် တမံကြီးများ၏ လုံခြုံစိတ်ချရမှု၊ ခိုင်ခံ့တည်ငြိမ်မှု၊ သဘာဝ ပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေး ပတ်ဝန်းကျင်တို့အပေါ် အကျိုးသက်ရောက်မှု၊ စွမ်းရည် မြင့်မားတိုးတက်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များအတွက် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်