
ပုဂံ မေ ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိပြီး လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကို ဖူးမြော် ကြည်ညိုသည်။
အမြန်ပြီးစီးအောင်ဆောင်ရွက်
ယင်းနောက် လောကနန္ဒာစွယ်တော်မြတ် စေတီ တော်နှင့် လောကနန္ဒာဘေးမဲ့တောဥယျာဉ်တို့၏ မြစ်ကမ်းပါးများကို ဧရာဝတီမြစ်ရေတိုက်စားမှုမှ ကာကွယ်ရန် မြစ်ကမ်းပါးထိန်းသိမ်းမှု လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခု မိုးဦးကာလရောက်ရှိပြီဖြစ်သဖြင့် မြစ်ရေမတိုးမီ ဆောင်ရွက်ရန် ကျန်ရှိသောလုပ်ငန်းများ အမြန်ပြီးစီး အောင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အတူ ကြိုတင် ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည်များကို လည်း ဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မှာကြားသည်။
လိုအပ်သည်များ မှာကြား
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေကြီးရေလျှံမှုကြောင့် စေတီပုထိုးများ ထိခိုက်မှု မဖြစ်စေရန် အနော်ရထာလမ်း၏ နှစ်နေရာ၌ ရေကျော်လုပ်ငန်း ဆောင်ရွက်ရန်နေရာသို့ ရောက်ရှိ ပြီး လိုအပ်သည်များ မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ညောင်လက်ဖက်ကန်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ယနေ့အထိ တည်မြဲနေခြင်းသည် ပုဂံခေတ် ရေအသုံးချမှုနှင့် ရေစီမံခန့်ခွဲမှု ကောင်းမွန်မှုကြောင့်ဖြစ်ကြောင်း၊ ဆက်လက်ပြီး တည်တံ့ခိုင်မြဲစေရန်အတွက် ပုဂံခေတ် ရေလမ်းကြောင်းများကို စနစ်တကျ ဖော်ထုတ် ထိန်းသိမ်းသွားမှသာ ပုဂံဒေသအတွင်းတွင် ရေစီး ရေလာကောင်းမွန်ပြီး ရေကြီးရေလျှံမှုကို ကာကွယ် နိုင်မည်ဖြစ်ပါကြောင်း မှာကြားပြီး ရေလမ်းကြောင်း ဖော်ထုတ်ပြုပြင်နေသည့် လုပ်ငန်း ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းနန်သူကျေးရွာရှိ လေးထောင့်ကန်ဦးသို့ ရောက်ရှိ ပြီး လေးထောင့်ကန်နှင့် ရေစစ်ကန်သို့ ရေဝင် ရောက်မှု၊ ရေဝင်လမ်းကြောင်း၊ ရေပိုလွှဲမှ ရေများစီးဆင်းသွားသည့် လမ်းကြောင်းများကို လည်းကောင်း၊ ယုန်လွှတ်ကျွန်း (ပထမနန်းတော်ရာ) တူးဖော်သုတေသနလုပ်ငန်း ဆောင်ရွက်သည့်နေရာ သို့ လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်