နေပြည်တော်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲများပေး

နေပြည်တော်၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲများပေး

==================================

နေပြည်တော် နိုဝင်ဘာ ၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ယနေ့ နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပ ရာ မဲဆန္ဒရှင်ပြည်သူများက မိမိတို့ ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ် လောင်းများကို လွတ်လပ်စွာ ဆန္ဒမဲ ပေး ရွေးချယ်ကြသည်။

နေပြည်တော်၌လည်း မဲဆန္ဒရှင် ပြည်သူများသည် နံနက် ၆ နာရီမတိုင်မီ သက်ဆိုင်ရာမဲရုံအသီးသီးသို့ ရောက်ရှိ ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန် များနှင့်အညီ မဲပေးနိုင်ရေး တန်းစီ နေရာယူကြသည်။

မဲရုံမဖွင့်မီ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များ၊ မဲရုံမှူးများနှင့် တာဝန်ရှိသူများသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် များ၊ လေ့လာစောင့်ကြည့်သူများ၏ ရှေ့မှောက်တွင် ဆန္ဒမဲပုံးများကို စစ်ဆေးပြသကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ် ထားသည့် လုံခြုံရေးကြိုးများဖြင့် မဲပုံးများကို စနစ်တကျပိတ်သည်။

လျှို့ဝှက်ဆန္ဒပြု

နံနက် ၆ နာရီတွင် မဲရုံမှူးများက မဲရုံဖွင့်လှစ်ကြောင်း ကြေညာသည်နှင့် တစ်ပြိုင်နက် ဆန္ဒမဲပေးရန် ရောက်ရှိ နေကြသည့် ပြည်သူများက တာဝန်ရှိ သူများထံမှ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နေရာများ အတွက် ရွေးချယ်ပေးရမည့် ဆန္ဒမဲ လက်မှတ်များကို လက်မှတ်ထိုး ထုတ်ယူပြီး လွတ်လပ်စွာ လျှို့ဝှက် ဆန္ဒပြုကာ မဲပုံးများအတွင်းသို့ ထည့်သွင်းကြသည်။

မဲရုံပြင်ပတွင်လည်း မဲဆန္ဒရှင် ပြည်သူများ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း လမ်းညွှန်များနှင့်အညီ လွတ်လပ်၊ လုံခြုံ ဘေးကင်းစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် တာဝန်ရှိသူများ က ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ KN-95 နှာခေါင်းစည်းများ ထုတ်ပေး ခြင်း၊ လက်သန့်ဆေးရည်ဖျန်းပေးခြင်း၊ မဲရုံအတွင်းအပြင် လုံခြုံရေးဆောင်ရွက် ပေးခြင်းနှင့်လိုအပ်ချက်များကို ကူညီ ဆောင်ရွက်ပေးကြသည်။

ကျန်းမာရေးဝန်ထမ်းများထားရှိ

ထို့ပြင် မဲဆန္ဒရှင်ပြည်သူများ၏ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ကျန်းမာရေးဝန်ထမ်းများ နှင့် လူနာတင်ယာဉ်များကို မဲရုံများ အနီးတွင် ထားရှိပေးထားပြီး သောက် ရေသန့်များကိုလည်း စေတနာရှင် ပြည်သူများက လာရောက်လှူဒါန်း ပေးထားသည်။

မဲရုံများတွင် လာရောက်ဆန္ဒမဲပေး ကြသည့် ပြည်သူများ လွတ်လပ် လုံခြုံစွာ လျှို့ဝှက် ဆန္ဒမဲပေးနိုင်မှု ရှိ၊ မရှိကို ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များက လာရောက်စောင့်ကြည့်ကြပြီး သတင်း မီဒီယာများလည်း လာရောက်သတင်း ရယူကြသည်။

နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ မဲဆန္ဒရှင်ပြည်သူ များက ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေး မြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်တို့ရှိ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ရှစ်နေရာ နှင့် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် နှစ်နေရာတို့အတွက် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများထဲမှ မိမိတို့ နှစ်သက်သည့် ပုဂ္ဂိုလ်များကို လွတ်လပ်စွာ ဆန္ဒမဲပေးရွေးချယ်ကြ သည်။

နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းရှိ သီရိ ငါးမြို့နယ်နှင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ်တို့တွင် မဲရုံစုစုပေါင်း ၆၄၆ ရုံ ဖွင့်လှစ်ထားသည်။

ရွေးချယ်ရေတွက်

မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့်အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊ လေ့လာ စောင့်ကြည့်သူများ ရှေ့မှောက်၌ မဲပုံး များကို ဖွင့်ဖောက်၍ ခိုင်လုံမဲနှင့် ပယ်မဲ တို့ကို စနစ်တကျ ရွေးချယ်ရေတွက်ကြ ပြီး သက်ဆိုင်ရာမှတ်တမ်းစာအုပ်များတွင် မှတ်တမ်းရေးသွင်းကြသည်။

ယခု ရွေးကောက်ပွဲတွင် နိုင်ငံ တစ်ဝန်း၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၁၅ နေရာအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅၆၅ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၁ နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၇၇၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆၁၂ နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း ၃၁၁၂ ဦး၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ် လောင်း ၁၈၃ ဦး ပါဝင်ယှဉ်ပြိုင်အရွေး ခံကြသည်။

 

ယခုရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၈၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ကြ ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇၂၆၈၈၇၆ ဦးရှိကာ မဲရုံပေါင်း ၃၉၉၆၂ ရုံ ဖွင့်လှစ် ထားရှိကြောင်း သိရသည်။

 

သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ အသီးသီးမှ အရွေးချယ်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်