
ဆောင်းပါး
=======
ကိုဗစ်-၁၉ ရောဂါ ကူးစက်လွယ်သော အခြေအနေများ
===============================
ပါမောက္ခ ဒေါက်တာမောင်
မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန်
ကိုဗစ်-၁၉ ရောဂါကူးစက်လွယ်သော အခြေအနေများကို သတိပြုမိလျှင် မိမိကိုယ်တိုင် ကူးစက်ခြင်းမခံရအောင် နေထိုင်နိုင်ပြီး မိမိမိသားစုနှင့် ပတ်ဝန်းကျင်ကိုလည်း ရောဂါမကျရောက်အောင် ကာကွယ်ပြီးသား ဖြစ်နေ သည်။ ထို့အပြင် မိမိသိထားသည်များကို မိတ်ဆွေများ နှင့် မျှဝေဆွေးနွေးခြင်းဖြင့်လည်း လုံခြုံစိတ်ချသော ပတ်ဝန်းကျင်ကို ဖန်တီးထားနိုင်မည် ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ ကျရောက်ခဲ့သည်မှာ ကိုးလ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်း ရောဂါပျံ့နှံ့ပုံကို ပညာရှင်များ လေ့လာခဲ့ကြသည်။ တွေ့ရှိချက်များအရ ကူးစက်လွယ်သော အခြေအနေများကို သတိပြုမိ လာခဲ့ကြသည်။
ပတ်ဝန်းကျင်အခြေအနေ၊ ရောဂါရှိသူနှင့် ထိတွေ့မှုပုံစံ၊ ကူးစက်ခံရသူထံမှ ရောဂါပိုးများ ဖြန့်ဖြူး နေမှုအခြေအနေ၊ ကိုယ်တိုင်၏ ခုခံအားအခြေအနေ၊ ရှိထားသော ရောဂါအခံ၊ အသက်အရွယ်၊ ရောဂါပိုး၏ ပြင်းအားနှင့် ကူးစက်လွယ်မှု၊ လူမှုရေးနှင့်စီးပွားရေး အခြေအနေတို့သည် ကူးစက်မှုကို လွယ်ကူစေသော အခြေအနေများ ဖြစ်လာခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်လွယ်သော ပတ်ဝန်းကျင် တစ်ရပ် ရှိနေသည်။ ကိုဗစ်-၁၉ဗိုင်းရပ်စ်သည် လူအများကို တစုတဝေးတည်း ကူးစက်စေနိုင်ကြောင်း တွေ့ရှိခဲ့ကြ သည်။ ဘာသာရေးပွဲများ၊ ကာရာအိုကေဆိုင်တို့တွင် လူအများအပြား ကူးစက်ခံခဲ့ရသော အဖြစ်များက ဖော်ပြ နေသည်။
ထိုသို့ တစုတဝေးတည်း ကူးစက်ခံရခြင်းမှာ ပတ်ဝန်းကျင်အခြေအနေတစ်ရပ်ကြောင့် ဖြစ်သည်။ အလုံပိတ်အခန်းအတွင်း လူစုလူဝေးဖြင့် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ရှိနေခြင်းသည် ကူးစက်လွယ်ကူစေသော အခြေအနေတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အဆောက်အအုံ တစ်ခုအတွင်း လူစုလူဝေးဖြင့်တည်ရှိနေသော အလုပ်ရုံ နှင့် စက်ရုံများ၊ အလုပ်သမားများနေထိုင်ရာ အဆောင်များ၊ စာသင်ကျောင်းများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများ၊ အကျဉ်းထောင်နှင့် အချုပ်ခန်းများတွင် အစုလိုက်အပြုံလိုက် ကူးစက်ခံရခြင်းများ ဖြစ်ပေါ်လာ ခဲ့သည်။
ထို့ကြောင့် လေဝင်၊ လေထွက် မကောင်းသော အခန်းတစ်ခုအတွင်း လူစုလူဝေးရှိနေလျှင်၊ ကျယ်လောင် စွာ စကားပြောခြင်း၊ သီချင်းဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ပူးကပ်စွာရှိနေလျှင် ထိုနေရာသည် ကိုဗစ်-၁၉ ကူးစက်ရန် လွယ်ကူသောနေရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာ သည်။
ကာလဝမ်းရောဂါကို ကာကွယ်ရန် ရေကောင်း ရေသန့်လိုသကဲ့သို့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရန် လေကောင်းလေသန့် လိုပါသည်။ ထို့ကြောင့် လေဝင်၊ လေထွက် မကောင်းသော အခန်း သို့မဟုတ် အဆောက် အအုံအတွင်း တစ်ဦးနှင့်တစ်ဦး လုံလောက်သော အကွာ အဝေးမရှိသည့်နေရာနှင့် လူစုလူဝေးများသည့်နေရာ တို့သည် ရှောင်ရမည့်နေရာများ ဖြစ်လာသည်။
ရောဂါရှိသူနှင့် ထိတွေ့မှုပုံစံ
ရောဂါရှိသူနှင့် မကြာခဏ သို့မဟုတ် ကာလ ကြာမြင့်စွာ ထိတွေ့မှုရှိခြင်းသည်လည်း ကူးစက်မှုလွယ်ကူ စေသော အခြေအနေတစ်ရပ် ဖြစ်သည်။ ထို့ကြောင့် အတူနေမိသားစုအတွင်း ကူးစက်မှုနှုန်း မြင့်မားနေကြောင်း တွေ့ကြရသည်။ မိသားစုအတွင်း၌ပင် ဇနီးမောင်နှံ အချင်းချင်း ကူးစက်ခံရခြင်းသည် ကျန်မိသားစုများအတွင်း ကူးစက်ခံရခြင်းထက် ပိုမိုမြင့်မားနေပြန်သည်။
ထို့ကြောင့် မိသားစုအတွင်း တစ်စုံတစ်ယောက် ကူးစက်ခံရပြီဟု သံသယရှိလျှင် နှာခေါင်းစည်းတပ်ခြင်း၊ သီးခြားခွဲထားခြင်း၊ သီးခြားစားသောက်စေခြင်း၊ သီးခြားအိပ်ရာနေရာနှင့် အသုံးအဆောင်များ စီစဉ်ပေးခြင်း၊ လက်ကိုမကြာခဏ စနစ်တကျ ဆေးကြောခြင်းများ ပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားခြင်းဖြစ်သည်။
လူစုလူဝေးဖြင့်ပြုလုပ်ရသော ထိတွေ့မှုပုံစံဖြစ်သည့် ဌာနဆိုင်ရာအစည်းအဝေးများ၊ ဘာသာရေးအခမ်းအနားများ၊ အားကစားလှုပ်ရှားမှုများ၊ လူမှုရေးလှုပ်ရှားမှုများသည် ကူးစက်ရန်လွယ်ကူသော ထိတွေ့မှုပုံစံများဖြစ်သည်။
ကူးစက်ခံရသူထံမှ
ရောဂါပိုးဖြန့်ဖြူးနေမှု အခြေအနေ
ကူးစက်ခံရသူများ၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းသည် ရောဂါ လက္ခဏာမဖော်ပြသူများ ဖြစ်နေကြသည်။ ထိုသူတို့မှာ သူတို့ကိုယ်တိုင် ရောဂါရှိမှန်း မသိကြချေ၊ သူတစ်ပါးအား ကူးစက်နိုင်စွမ်း ရှိနေသည်ကိုလည်း မသိကြချေ။ ထိုသူတို့ သည် ရက်သတ္တနှစ်ပတ်အကြာတွင် ရောဂါပျောက်သွားလေ့ ရှိသည်။
သို့သော် ထိုရက်သတ္တနှစ်ပတ် အချိန်ကာလသည် အခြားသူများကို ကူးစက်နေသော အချိန်ကာလ ဖြစ်နေသည်။ ထို့ကြောင့် မိမိနှင့်ထိတွေ့သော သူအားလုံးကို ရောဂါပိုး ရှိနေသူများဟု ယူဆထားရတော့မည်ဖြစ်သည်။ မိမိ ကိုယ်တိုင်လည်း ရောဂါလက္ခဏာများ မရှိစေကာမူ ရောဂါပိုး ရှိနေနိုင်သည်ဟု ယူဆထားရတော့မည် ဖြစ်သည်။ အဓိပ္ပာယ် မှာ အိမ်တွင်း၌သာနေရန်ဖြစ်ပြီး မဖြစ်မနေထွက်ရပါ ကလည်း နှာခေါင်းစည်းကို လုံခြုံစွာစည်းထားရန်နှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေအကွာရှိနေရန် ဂရုပြုရမည်ဖြစ်သည်။ တစ်စုံတစ်ခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စနစ်တကျ ဆေးကြောရမည်ဖြစ်သည်။ ဤသို့ဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်ပြီး မိမိမှသူတစ်ပါးအား မကူးစက် စေရန်လည်း ကာကွယ်နိုင်မည် ဖြစ်သည်။
ပညာရှင်များသည် ရောဂါရှိနေသူမှ ရောဂါပိုးများ ဖြန့်ဖြူးနေမှုအခြေအနေကို လေ့လာခဲ့ကြသည်။ ရောဂါ ပျိုးချိန် ပျမ်းမျှ ခြောက်ရက်(၂ ရက်-၂၁ ရက်) အချိန်သည် ခန္ဓာကိုယ်အတွင်း ဗိုင်းရပ်စ်များ တစ်စတစ်စပွားများ လာနေသော အချိန်ဖြစ်သည်။ အချိန်နှင့်အမျှ ခန္ဓာကိုယ် အတွင်း ပွားများလာနေသော ဗိုင်းရပ်စ်ပမာဏကို တိုင်းတာ ခဲ့ကြခြင်းကို ပုံဖြင့်ဖော်ပြထားပါသည်။
ပွားများလာသောဗိုင်းရပ်စ်သည် ရောဂါလက္ခဏာ မစတင်မီ နှစ်ရက်အလိုတွင် ခန္ဓာကိုယ်ပြင်ပသို့ ပြန့်ပွားရန် အလုံအလောက် စုဆောင်းရောက်ရှိလာပြီဖြစ်သည်။ ထိုအချိန်မှစ၍ ရောဂါရှိနေသူသည် အခြားသူများကို ကူးစက်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။
ရောဂါလက္ခဏာ စတင်သော ပထမနေ့မှ ငါးရက် မြောက်နေ့သည် ခန္ဓာကိုယ်အတွင်းတွင် ဗိုင်းရပ်စ် အများဆုံး ပေါ်ထွက်နေသောအချိန် ဖြစ်သည်။ ထို့ကြောင့် ထိုရက်များသည် ရောဂါရှိသူထံမှ အခြားသူများထံသို့ ကူးစက်ရန် အလွယ်ကူဆုံးအချိန် ဖြစ်နေသည်။
ပြန်လည်ကျန်းမာလာမည့်သူဖြစ်လျှင် ရောဂါ လက္ခဏာစတင်ပြီး ငါးရက်မြောက်နေ့ နောက်ပိုင်းမှစတင်၍ ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်သည် တဖြည်းဖြည်း လျော့နည်းလာသည်မှာ ၁၀ ရက်မြောက်နေ့တွင် ကူးစက် နိုင်စွမ်း အတော်အတန်လျော့နည်းသွားပြီ ဖြစ်သည်။ သို့သော် ရောဂါပျောက်ကင်းသော ရက်သတ္တနှစ်ပတ် အချိန် အထိ ကူးစက်နိုင်စွမ်းရှိနေဆဲ ဖြစ်သည်။ ရောဂါပြင်းထန် သည့် သူများတွင်မူ ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်သည် ဆက်လက်များပြားနေဦးမည်ဖြစ်သည်။ ထို့ကြောင့် ရောဂါ မစတင်မီ နှစ်ရက်နှင့် အနည်းဆုံး နောက်ထပ် ၁၄ ရက် အတွင်းသည် ကူးစက်နိုင်သောအချိန်များ ဖြစ်သည်။
သို့သော် နှာခေါင်းနှင့် အာခေါင်တို့ဖတ်ယူ၍ စမ်းသပ်မှု သည် အလွန်တိကျ၍သေချာသော စမ်းသပ်မှုဖြစ်၍ ပျမ်းမျှ ၁၇ ရက်အထိ(တစ်ခါတစ်ရံ လနှင့်ချီ၍) ပိုးတွေ့အဖြေကို ဖော်ပြနေနိုင်သည်။
ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်စေသောဗိုင်းရပ်စ် (SARS-CoV-1) နှင့် အရှေ့အလယ်ပိုင်းတွင် စတင်သော အဆုတ်ရောင်ရောဂါဗိုင်းရပ်စ် (MERS-CoV) တို့နှင့် မတူသောအချက်မှာ ထိုဗိုင်းရပ်စ်များတွင် ရောဂါစတင်ပြီး ၁၄ ရက်အကြာတွင်မှ ကူးစက်နိုင်မှု အမြင့်ဆုံးသော ဗိုင်းရပ်စ် ပမာဏကို ခန္ဓာကိုယ်အတွင်း တွေ့ရှိရသည်။ ထိုအချိန်သည် အများစုသော ရောဂါဖြစ်သူများသည် ဆေးရုံတွင်ရောက်နေ ကြပြီဖြစ်၍ လူထုအတွင်းကူးစက်မှုများ ယခုကဲ့သို့ များစွာ မတွေ့ရခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မှာမူ ကူးစက် ခံရပြီး ရက်ပိုင်းအတွင်းမှာပင် အခြားသူများအား ကူးစက် နိုင်မှု အမြင့်ဆုံးအခြေအနေကို ရောက်လာခဲ့သည်။ ထိုသဘောသဘာဝကို သိနားလည်ထားခြင်းသည် မိမိကိုယ်ကို ကာကွယ်နိုင်ရန်နှင့် မိမိမှသူတစ်ပါးအား မကူးစက်စေရန် ကာကွယ်နိုင်သော အချက်ဖြစ်လာသည်။
ပုံပြမျဉ်းနှင့်ဖော်ပြထားသော ခန္ဓာကိုယ်အတွင်း ထွက်ပေါ်လာသော ဗိုင်းရပ်စ်ပမာဏနှင့် ကူးစက်နိုင်စွမ်း အခြေအနေသည် အရေးကြီးသောပြုလုပ်ရန်ကိစ္စများကို ဖော်ပြနေသည်။ ရောဂါလက္ခဏာ စတင်သည်ဟု သံသယရှိသောအချိန်သည် အရေးအကြီးဆုံးအချိန် ဖြစ်လာသည်။ မိမိမှသူတစ်ပါးအား ကူးစက်နိုင်သော အခွင့်အလမ်း အများဆုံးအချိန် ဖြစ်သည်။ သံသယ ရှိသည်နှင့် မိမိ၏ မိသားစုဝင်များနှင့်လည်းကောင်း၊ မိတ်ဆွေများနှင့်လည်းကောင်း ထိတွေ့မှုမရှိအောင် နေထိုင်ရတော့မည်ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားသော သတ်မှတ်စည်းကမ်း ချက်များကို စနစ်တကျတိကျစွာ လိုက်နာရတော့မည် ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ထိုအချိန်တွင် ကြားဖူးနားဝရှိသော ဆေးမြီးတိုများဖြင့် မိမိဘာသာ ကုသနေခြင်းမျိုး မပြုလုပ်ဘဲ ကျန်းမာရေးဌာနကို လျင်မြန်စွာ ဆက်သွယ်၍ လိုအပ်သလို စောင့်ရှောက်မှု၊ ကုသမှုခံယူရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စောစီးစွာကုသခြင်းသည် ပျောက်ကင်းနိုင်သော အခွင့်အလမ်း များစွာရှိနေခြင်းကြောင့်ဖြစ်သည်။
ရိုးရှင်းပြီး ထိရောက်သော
ကာကွယ်ရေး နည်းလမ်းများ
ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ယနေ့တိုင် လျှို့ဝှက်မှု များနှင့် ပြည့်နှက်နေဆဲဖြစ်သည်။ သို့သော် ကူးစက်မှုနှင့် ပတ်သက်၍ ထပ်မံသိထားသမျှသော အချက်များမှာ-
(၁) ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် တစ်ဦးနှင့်တစ်ဦး လျင်မြန်စွာ လေထဲမှတစ်ဆင့် ကူးစက်နိုင်သောဗိုင်းရပ်စ် ဖြစ်သည်။ (ဝက်သက်ရောဂါလောက် မမြန်သော်လည်း ရာသီတုပ်ကွေးထက် ပိုမြန်စွာကူးစက်နိုင်ကြောင်း တွေ့ရ သည်)
(၂) ရောဂါရှိသူထံမှ အသက်ရှူထုတ်၊ စကားပြော၊ ချောင်းဆိုး၊ နှာချေရာမှ ထွက်လာသော အမှုန်များတွင် ပါဝင်လာသော ဗိုင်းရပ်စ်သည် လေထဲတွင် နာရီများစွာ လွင့်မျောနေနိုင်ပြီး ခြောက်ပေထက် ပိုဝေးသော နေရာ များအထိ ပျံ့လွင့်နိုင်သည်။
(၃) ထိုသို့လေထဲမှတစ်ဆင့် ပျံ့နှံ့ကူးစက်ခြင်း သည် လေဝင်၊ လေထွက်မကောင်းသော အခန်းအတွင်း တွင် ပိုမိုလွယ်ကူစွာဖြစ်ပေါ်နိုင်သည်။
လေထဲတွင်လွင့်မျောနေသော ဗိုင်းရပ်စ် မိမိထံ ရောက်မလာရန် ကာကွယ်ရန် နည်းလမ်းများမှာ ရိုးရှင်း သလောက် ထိရောက်သော နည်းလမ်းများဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြား ထားသည့်အတိုင်း-
(၁) အိမ်တွင်း၌သာနေရန်၊ ရောဂါကူးစက်ခံရ သည်ဟု သံသယရှိလျှင် မိသားစုဝင်များနှင့် သီးခြား ခွဲနေရန်၊
(၂) မဖြစ်မနေ အိမ်အပြင်ထွက်ရလျှင် ပါးစပ်နှင့် နှာခေါင်းစည်းကို လုံခြုံစွာဖုံးအုပ်ရန်၊
(၃) တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေ အကွာရှိနေရန်၊
(၄) လက်ကို ဆပ်ပြာဖြင့် မကြာခဏ စနစ်တကျ ဆေးကြောရန်တို့ ဖြစ်ပါသည်။
ကိုဗစ်-၁၉ဗိုင်းရပ်စ်သည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နေသည်မှာ သူ၏မျိုးရိုးဗီဇ ဆက်လက်ရှင်သန် နေအောင် ပြုလုပ်နေခြင်းဖြစ်သည်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှုမရှိတော့သည့်အချိန်တွင် သူသည် မျိုးတုံး ပျောက်ကွယ်သွားမည် ဖြစ်သည်။ ထို့ကြောင့်ဖော်ပြ ခဲ့သော ရိုးရှင်းသော ကာကွယ်ရန်နည်းလမ်းများဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်အား လက်စတုံး၍မျိုးပြုန်းအောင် ပြုလုပ်ကြပါစို့ဟု တင်ပြလိုက်ပါသည်။ ။
Reference: SARS-CoV-2 transmission dynamics should inform policy. by Muge Cevik, Julia L. Marcus, Caroline Buckee, Tara C Smith. https://www.ssrn.com
- Log in to post comments