
နေပြည်တော် အောက်တိုဘာ ၂၇
နိုင်ငံတကာခရီးသည်တင် လေယာဉ် များ ပျံသန်းမှု ယာယီရပ်ဆိုင်းထား ခြင်းကြောင့် မလေးရှားနိုင်ငံ ပီနန်းမြို့ ရှိ Imperial Garment Sdn. Bhd နှင့် Pen Apparel Sdn. Bhd တို့မှ မြန်မာ အလုပ်သမား ၁၃၁ ဦးကို ကွာလာ လမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် ၎င်းတို့ ၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ် သည့် မလေးရှား လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့်ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
အလားတူ ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား ၉၇ ဦးကို ဆိုးလ်မြို့ရှိ မြန်မာ သံရုံးမှ စီစဉ်သည့် (၂၈) ကြိမ် မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ် ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ည ၇ နာရီ ၄၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိကြသည်။
အဆိုပါ ကယ်ဆယ်ရေးလေယာဉ် တွင် ဘရာဇီးမှ ငါးဦး၊ ဟောင်ကောင် မှ ငါးဦး၊ ဂျာမနီမှ သုံးဦး၊ တောင် အာဖရိကမှ နှစ်ဦး၊ ကိုရီးယားသမ္မတ နိုင်ငံမှ ၇၆ ဦး၊ ဗြိတိန်မှ လေးဦး၊ အမေရိကန်ပြည်ထောင်စုမှ နှစ်ဦး၊ မြန်မာနိုင်ငံသား စုစုပေါင်း ၉၇ ဦး လိုက်ပါခဲ့ကြသည်။
ထို့ပြင် စာချုပ်သက်တမ်း ကျော်လွန်၍ အခက်အခဲကြုံတွေ့နေ ရသည့် မြန်မာသင်္ဘောသား ၁၄၅ ဦး ကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးနှင့် မြန်မာ နိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ အမျိုးသား လေကြောင်းလိုင်း စင်းလုံး ငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ည ၈ နာရီ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေး စိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူ ဆောင်ရွက်ပေး ကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန် ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်