နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြား


 

နေပြည်တော် အောက်တိုဘာ ၂၃


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ မွန်းလွဲ ၂ နာရီတွင် သတင်းမီဒီယာ များနှင့် နိုင်ငံတော်သမ္မတအိမ်တော် Press Briefing Room ၌ Physical Distancing သတ်မှတ်ချက်များနှင့်အညီ တွေ့ဆုံပြီး ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းပြောကြားသည်။
တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကောက်ခံခဲ့သည့် လူထုစစ်တမ်းအရ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အကြမ်းဖက်မှုဖြစ်လာနိုင်သည့် အလားအလာကို ချင်း ပြည်နယ်၌ ၈ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်၌ ၁၄ ရာခိုင် နှုန်း၊ ကယားပြည်နယ်၌ ၈ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်၌ ၁၄ ရာခိုင်နှုန်း၊ မွန်ပြည်နယ်၌ သုည ရာခိုင်နှုန်း၊ ရခိုင် ပြည်နယ်၌ ၁၃ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၌ ၂၀ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၌ ၂၄ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ၂၆ ရာခိုင်နှုန်း၊ ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၌ ၁၃ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်း ဒေသကြီး၌ သုည ရာခိုင်နှုန်းစသည်ဖြင့် ရှိပါကြောင်း၊ ယင်းမှာ လူထုစစ်တမ်းအရ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်သည့် အကြမ်း ဖက်မှုများ မည်မျှအထိ ဖြစ်လာနိုင်သည်ဆိုသည့် ရာခိုင် နှုန်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အကြိုကာလနီးလာ သည်နှင့်အမျှ နိုင်ငံရေးပါတီများ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း၊ ပြဿနာရှာ အငြင်းပွားမှုဖြစ်ပွားခြင်း များရှိပါကြောင်း၊ လက်ရှိတွင် ရွေးကောက်ပွဲ နီးကပ်လာ သည်နှင့်အမျှ ယင်းကဲ့သို့ဖြစ်စဉ်များ ပိုမိုမြင့်မားလာသည် ကို တွေ့ရှိနိုင်ပါကြောင်း။
နောက်တစ်ခုမှာ ရွေးကောက်ပွဲကို မည်သည့်အရာ များက အနှောင့်အယှက်ပေးလာနိုင်သလဲ၊ အခက်အခဲ ဖြစ်စေနိုင်သလဲဆိုသည့် လူထုစစ်တမ်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ လွတ်လပ်စွာ မဲပေး ပိုင်ခွင့်အနေအထားကို ထိခိုက်နိုင်ခြေနှင့် အနှောင့် အယှက်ပေးလာနိုင်သည့်အခြေအနေမှာ ကိုဗစ်-၁၉ ရောဂါ သည် တစ်နိုင်ငံလုံး၏ ၄၆ ရာခိုင်နှုန်း၊ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များကြောင့် ၁၃ ရာခိုင် နှုန်း၊ ဒေသတွင်းမတည်ငြိမ်မှုကြောင့် ၁၃ ရာခိုင်နှုန်း၊ အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်မှုမှ ဖြစ်လာနိုင်သည်မှာ ၇ ရာခိုင်နှုန်း၊ ကြိုတင် မဲပေးသည့်ကိစ္စကြောင့် ၆ ရာခိုင်နှုန်း၊ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အားနည်းချက်များကြောင့် ၄ ရာခိုင်နှုန်း၊ သတင်းအမှားများ၊ ကောလာဟလများ၊ မဟုတ်မမှန်များ ဖြန့်ချိခြင်းမှာ ၃ ရာခိုင်နှုန်း၊ မဲဆန္ဒရှင် များက ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိနားလည်မှု အားနည်းခြင်းမှာ ၃ ရာခိုင်နှုန်း၊ လူမျိုးရေး၊ ဘာသာရေး ပတ်သက်သည့် အနှောင့်အယှက်များကြောင့် ၃ ရာခိုင် နှုန်း၊ မဲစာရင်းမမှန်ကန်မှုကြောင့် ၂ ရာခိုင်နှုန်း အနှောင့် အယှက်ဖြစ်နိုင်သည်ဟု သဘောထားပေးပါကြောင်း၊ ယင်းမှာ စက်တင်ဘာလအထိ စစ်တမ်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အခြားကိစ္စများ အနည်းငယ်များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ဥပမာအနေဖြင့် သတင်းအမှားများနှင့် ကောလာဟလ လုပ်ကြံမှုများကြောင့် ၃ ရာခိုင်နှုန်း၊ လူမျိုးရေး၊ ဘာသာရေး ကိစ္စများကြောင့် ၃ ရာခိုင်နှုန်းဟု စစ်တမ်းတွင် တွေ့ရ သော်လည်း ယခုနောက်ပိုင်း ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း။
ယခုကဲ့သို့ ဖြစ်စဉ်များ များပြားလာသည့်အတွက် နိုင်ငံတော်သမ္မတရုံးက အမိန့်ထုတ်ပြန်ထားပါကြောင်း၊ အထူးသဖြင့် တင်ပြလိုသည်မှာ အပိုဒ်(၃)ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ခြင်းများ၊ အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊ လူမျိုးရေးကို အကြောင်း ပြု၍ စည်းရုံးခြင်း၊ ဆူပူမှုဖြစ်အောင်ဖန်တီးခြင်း၊ ရပ်ရွာ အေးချမ်းသာယာရေး ပျက်ပြားအောင်ကြံဆောင်ခြင်းများ စသည့် တရားမဲ့ပြုကျင့်မှုများ ဖြစ်ပေါ်လာပါက သက်ဆိုင် ရာ တာဝန်ရှိအဖွဲ့အစည်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက တည်ဆဲဥပဒေဖြင့် ထိရောက်စွာအရေးယူရန် ပြောထား ပြီး ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ကို ဩဂုတ်လ ၂၁ ရက်တွင် ချုပ်ဆို ခဲ့ပါကြောင်း၊ ယင်းစာချုပ်တွင် အစိတ်အပိုင်း (၃) ပိုင်း ပါဝင်ပါကြောင်း၊ အပိုင်း(၁) အနေဖြင့် NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ဖြစ် ပါကြောင်း၊ သဘောတူညီချက် စုစုပေါင်း(၁၅) ချက် ပါဝင် ပါကြောင်း၊ NCA စာချုပ်ကို လက်တွေ့အကောင်အထည် ဖော်သည့်အခါ တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် ညှိနှိုင်းထားသည့် ညှိနှိုင်းချက် များ ပါဝင်ပါကြောင်း၊ ယင်းကိစ္စရပ်များကို ပြီးခဲ့သည့် NCA နှစ်ပတ်လည်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ NRPC ဥက္ကဋ္ဌ၏ မိန့်ခွန်းတွင် မည်သည့်အခက်အခဲများ ကြုံတွေ့ခဲ့ရသည်ကို ပြောကြားထားပြီး ဖြစ်ပါကြောင်း၊ ယင်းတို့ကို ကျော်လွှားရန်အတွက် သဘောတူခဲ့သည့် သဘောတူညီချက်များ ပါဝင်ပါကြောင်း၊ NCA ဆွေးနွေးစဉ် တွင် ပါဝင် ခဲ့ခြင်းမရှိခဲ့သည့် အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်များ၊ ယန္တရားများ၊ မည်သို့အကောင် အထည်ဖော်မည်ဆိုသည့်အချက်များ ပါဝင်ပါကြောင်း။
စာချုပ်၏ အပိုင်း (၂) အနေဖြင့် ၂၀၂၀ အလွန် အဆင့် လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည် ဖော်မှုများ (ဇယား-၁) ပါဝင်ပါကြောင်း၊ အဓိကအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် တည်ဆောက်ရေးအဆင့် (၃)ဆင့် နှင့် နိုင်ငံရေးသဘောတူညီချက် အကောင်အထည်ဖော်မှု ဆိုင်ရာ အဆင့် (၃)ဆင့် ပါဝင်ပါကြောင်း၊ ဒုတိယအချက် အနေဖြင့် ခေါင်းစဉ် စုစုပေါင်း (၈)ခု ပါဝင်ပါကြောင်း၊ ဖက်ဒရယ်တည်ဆောက်ရေး၊ အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲ ရေး၊ စီးပွားရေးနှင့်ဖွံ့ဖြိုးရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင် ခွင့်များ၊ မြေယာသယံဇာတ၊ ဒီမိုကရေစီတည်ဆောက် ရေး၊ လူမှုသဟဇာတဖြစ်ရေး၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး NCA အပိုဒ် ၃၀ နှင့်အညီဆိုပြီး သဘော တူထားခြင်းဖြစ်ပါကြောင်း၊ တတိယအချက်အနေဖြင့် ယင်းအပိုင်းသည် ၂၀၂၀ အလွန် မည်သည့်အစိုးရ တက်လာ သည်ဖြစ်စေ အဆင်သင့် ဆက်လက်အကောင်အထည် ဖော်နိုင်မည့် အဆင့်လိုက်လုပ်ငန်းစဉ်များ ဖြစ်သည်ကို တွေ့ရှိနိုင်မည် ဖြစ်ပါကြောင်း။
စာချုပ်၏ အပိုင်း (၃)မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူသဘောတူညီချက် ဖြစ်ပါ ကြောင်း၊ (၅)ချက် ပါဝင်ပါကြောင်း၊ ပြည်နယ် Constitu-tion ကိစ္စအား ဆက်လက်ဆွေးနွေးသွားရန်ရှိပါကြောင်း၊ အနာဂတ်တွင် ပေါ်ထွန်းလာမည့် ပြည်ထောင်စုအတွက် မျှော်မှန်းချက်၊ အနာဂတ် Vision များ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားအားလုံး အတူတကွ တည်ထောင် မည့် မည်ကဲ့သို့သော ပြည်ထောင်စုဆိုသည်ကို ယခုအပိုင်းမှ ပုံဖော်ထားခြင်းဖြစ်ပါကြောင်း၊ ယင်းတို့သည် ၂၀၂၀ အလွန် ဆက်သွားမည့် လုပ်ငန်းစဉ်တွင် ပထမ လုပ်ငန်းစဉ်အဖြစ် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထား ပြီး ဖြစ်ပါကြောင်း၊ ဒုတိယလုပ်ငန်းစဉ်နှင့် တတိယ လုပ်ငန်းစဉ်တို့ကိုလည်း ပြောကြားထားပြီးဖြစ်ပါကြောင်း၊ ယင်းပြောကြားချက်များကို အခြေခံပြီး လုပ်ငန်းစဉ် (၃) ရပ်ကို ၂၀၂၀ အလွန်တွင် မည်သည့်ပုံစံဖြင့်သွားမည်ကို State Counsellor Page နှင့် NRPC Page တို့တွင် ဖော်ပြထားပြီး ဖြစ်ပါကြောင်း။
လုပ်ငန်း (၁) အနေဖြင့် Cease Fire အပိုင်း ဖြစ်ပါ ကြောင်း၊ Cease Fire အပိုင်းတွင် NCA မထိုးရသေးသည့် အဖွဲ့များနှင့် Cease Fire ရရှိရန်၊ ထိုးပြီးသားအဖွဲ့များနှင့် ခိုင်မာသည့် Cease Fire ရရှိရန်၊ အားလုံးပါဝင်ရေးနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးတို့ ပါဝင်ပါကြောင်း၊ ဒုတိယလုပ်ငန်းစဉ် အနေဖြင့် ပြည်နယ်အခြေခံဥပဒေနှင့် လွှတ်တော်နှစ်ရပ် ကိစ္စ ဖြစ်ပါကြောင်း၊ မိမိတို့အနာဂတ်တွင် လွှတ်တော် နှစ်ရပ်ထားရေး သို့မဟုတ် သုံးရပ်ထားရေးကိစ္စ ဖြစ်ပါ ကြောင်း၊ ယခုတွင် လွှတ်တော်သုံးရပ်သဘောမျိုး ဖြစ်နေ သည်ကို တွေ့နိုင်ပါကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုး သား လွှတ်တော်ကိုပေါင်း၍ ပြည်ထောင်စုလွှတ်တော် လုပ်ထားပါကြောင်း၊ တိုင်းရင်းသားများကို ကိုယ်စားပြု သည့် အမျိုးသားလွှတ်တော်က မဲခွဲတိုင်းတွင် လူဦးရေအရ အသာစီးမရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်တစ်ရပ် ချင်းကို လုပ်ပိုင်ခွင့်၊ ပြဋ္ဌာန်းခွင့် တိတိကျကျပေးမည့်ကိစ္စ ကို ဆက်လက်ဆွေးနွေးသွားရန်ရှိပါကြောင်း၊ နောက် တစ်ချက်မှာ Political Frame work ပြင်ရန်ရှိပါကြောင်း၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ် အဆင့်လိုက် အကောင်အထည်ဖော်မှုကို အသေးစိတ်ဆက်သွားမည့် (ဇယား-၂) နှင့် နိုင်ငံရေးနှင့်လုံခြုံရေးအကြား ဟန်ချက် ညီအောင် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ရှိပါကြောင်း၊ တတိယလုပ်ငန်းစဉ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်သည့်အခါ ယင်းသဘောတူညီချက်များဖြင့် ပြင်ဆင်သွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်များ၏ အခြေခံ ဥပဒေရေးဆွဲသည့်အခါ မည်သို့ရေးဆွဲသွားမည်ကို ဆက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်နယ်များ၏ နိုင်ငံရေး အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ရေးကို ဟန်ချက်ညီအောင်သွားရန်ရှိပါကြောင်း၊ ယင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး အစီအစဉ်အသစ်အားလုံး (၇) ချက်ပါ ရှိပါကြောင်း။
၂၀၂ဝ အလွန် ငြိမ်းချမ်းရေးအစီအစဉ်အသစ် စုစု ပေါင်း ၇ ချက်ပါရှိပါကြောင်း၊ Dialogue Structure များကို ပြင်ဆင်ရန်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်နေသည့် mechanisms၊ institu-tion အပိုင်းများကို မည်သို့ပြန်သွားမည်ကို လုပ်ဆောင် သွားရန်ရှိပါကြောင်း၊ ပညာရှင်များ၊ အကြံပေးများ၏ အခန်းကဏ္ဍတွင် Dialogue ၊ နိုင်ငံရေးပိုင်း၊ တပ်ပိုင်းတို့တွင် မည်သို့လုပ်ဆောင်မည်ကို ညှိနှိုင်းဆောင်ရွက်သွားရန် ရှိပါကြောင်း၊ နောက်တစ်ခုမှာ အားလုံးပါဝင်မှုဖြင့် NCA အရ ပူးတွဲပိုင်ဆိုင်မှုအပေါ်တွင် မည်သို့ ပူးတွဲဆောင်ရွက် သွားမည်ကို ဆက်လက်လုပ်ဆောင်သွားရန် ရှိပါကြောင်း၊ Dialogue အခင်းအကျင်းမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို လက်တွေ့ကျကျ ပြင်ဆင်သွားမည်ဖြစ်ပါ ကြောင်း၊ Peace Process တစ်ခုလုံးကို ပြင်ဆင်သွားမည် ဖြစ်ပါကြောင်း၊ ထိုသို့ပြင်ဆင်ရာတွင် ပါဝင်နေသည့် Stakeholder အားလုံး၏ သဘောထား အကြံပေးချက်များ ကို ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လတ်တလော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်နေသူ များ၏ ဖြစ်စဉ်များအပေါ် မိမိတို့အနေဖြင့် အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်လုပ်ဆောင်နေ ပါကြောင်း။
ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြင်ပမှ လူများ၏ အမြင်သဘောထားများကိုလည်း ရယူနေပါကြောင်း၊ Review Process တစ်ခုလုံးကို လက်ရှိအစိုးရအနေဖြင့် ဆောင်ရွက်နေပါကြောင်း၊ Review Process ပြီးလျှင် တစ်ချိန်တည်းမှာ EOAs၊ နိုင်ငံရေးပါတီများ၊ CSO များနှင့် မိမိတို့ပြန်တွေ့ပြီး အမြင်ချင်းဖလှယ်၍ နောက်ဆုံး မည်သည့်ပုံစံဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယခုလုပ်ငန်းစဉ် ၃ ရပ်ဖြင့် ဆောင်ရွက်မည်ဆိုသည်ကို ညှိနှိုင်းသွားရန် ရှိပါ ကြောင်း။
ပြန်ကြည့်လိုက်လျှင် မိမိတို့နိုင်ငံ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်ကတည်းက EAOs ၅ ဖွဲ့က ပေါ်နေပြီဖြစ်ပါ ကြောင်း၊ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပါကြောင်း၊ ဆွေးနွေးပွဲ မအောင် မြင်ခဲ့ပါကြောင်း၊ နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တွင် သဘောတူညီချက်ရပြီး လက်နက်များ ဖျက်သိမ်းခဲ့ပါကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အတောအတွင်းတွင် EAOs ၄၀ နှင့် သဘောတူညီချက် ရရှိခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း EAOs ၁၅ ဖွဲ့နှင့် Bilateral သဘောတူညီချက်များ ရေးထိုးခဲ့ ပါကြောင်း။
ယင်းနောက် NCA ပေါ်လာပြီး NCA ကို အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးပါကြောင်း၊ ထို့နောက် နိုင်ငံရေးဆွေးနွေး မှုဆိုင်ရာ မူဘောင်ရေးဆွဲခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၁ ကြိမ် ကျင်းပပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ လက်ရှိအစိုးရ လက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း NCA တွင် နောက်ထပ် ၂ ဖွဲ့ ပါဝင်လာပါကြောင်း၊ မြောက်ပိုင်းအဖွဲ့ များနှင့် ပူးတွဲကြေညာချက်ထုတ်ပြီး ဆက်လက်ဆွေးနွေး သည့် အဆင့်ရောက်ရှိလာပါကြောင်း၊ KNPP နှင့်လည်း ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ၁၂ ကြိမ် ပြင်ခဲ့ရပါကြောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ၇ ကြိမ်၊ CSO ဖိုရမ် ၂ ကြိမ်၊ ၂၁ ရာစုပင်လုံ ၄ ကြိမ် ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် ၃ ပိုင်း ရရှိခဲ့ပါကြောင်း၊ ထို့ပြင် ၂၀၂၀ အလွန် ဆက်သွားမည့်လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက်လာ ပါကြောင်း၊ အပေါ်တွင် တင်ပြခဲ့သည့်အတိုင်း လုပ်ငန်းစဉ် ၃ ရပ်ဖြင့် ဆက်သွားမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး လတ်တလော အလွတ်သဘောအစည်း အဝေးများ၊ ညှိနှိုင်းမှုများ၊ NCA ၊ EAOs ဆွေးနွေးနေပြီး အခြားအဖွဲ့များနှင့်လည်း မည်သို့ဆက်သွားမည်ကို ညှိနှိုင်း ဆောင်ရွက်နေပါကြောင်း၊ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး အစီအစဉ်သစ်တစ်ရပ် ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများ မေးမြန်းသည့် လာမည့်ရွေးကောက်ပွဲအတွက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ နေပြည်တော်တွင် မဲပေးမည့်ကိစ္စ၊ ကိုဗစ် - ၁၉ မဖြစ်ပွားမီနှင့် ကိုဗစ် - ၁၉ ဖြစ်ပွားနေစဉ်ကာလ နိုင်ငံ၏စီးပွားရေးအခြေအနေ၊ NLD လွှတ်တော်ကိုယ်စားလှယ် (၃)ဦး ဖမ်းဆီးခံရမှုအခြေအနေ နှင့် အစိုးရဘက်က ဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲမကျင်းပနိုင်သည့်နယ်မြေများ ကြေညာ ခဲ့မှုနှင့် အစိုးရဘက်က သဘောထားမှတ်ချက်ပေးခဲ့မှု အခြေအနေ၊ နေရပ်စွန့်ခွာသူများအတွက် ရန်ပုံငွေဆွေးနွေး ပွဲများ ပြုလုပ်နေမှုကိစ္စ၊ UDP ပါတီဥက္ကဋ္ဌအား စုံစမ်း စစ်ဆေးနေမှု နောက်ဆုံးအခြေအနေ၊ ရွှေကုက္ကိုစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ခြံဝင်းအတွင်း လက်ပစ်ဗုံးတွေ့ရှိမှုနှင့် စုံစမ်းဖော်ထုတ်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်- ၁၉ ကာလအတွင်း နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှု၊ လူမျိုးရေး၊ ဘာသာရေးသတင်းအမှားများ ဖြန့်ဝေနေမှု ကိစ္စအပေါ် ဆောင်ရွက်နေမှုအခြေအနေ၊ တပ်မတော်၏ စစ်လက်နက်ဝယ်ယူမှုကိစ္စ၊ Stay Home မြို့နယ်များအား ထောက်ပံ့ကြေးပေးရန် ရှိ၊ မရှိ၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်မည့် အခြေအနေနှင့် ကလေးများ၏ ပညာ သင်ကြားရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ Stay Home မြို့နယ်အတွင်းရှိ ပြည်သူများအတွက် ဆန္ဒမဲပေးရန် ဆောင်ရွက်ထားမှုအခြေအနေ၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ ပေးရန်ကိစ္စဆိုင်ရာ မေးခွန်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်းဖြေကြားသည်။
သတင်း - မျိုးသွင်ကျော်၊ ဓာတ်ပုံ - ကိုထိန်