
နေပြည်တော် အောက်တိုဘာ ၂၃
ဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခုဖြစ်လာစေရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်းမွန်သော အခြေခံအဆောက်အအုံ၊ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် Korea – Myanmar Industrial Complex (KMIC) ကိုရီးယား-မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ (ပထမအကြိမ်) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အမြဲတမ်းအတွင်းဝန်နှင့် ကော်မတီဝင်များဖြစ်သည့် သက်ဆိုင် ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့အစည်း ဖြစ်သည့် Land and Housing Corporation မှ တာဝန်ရှိ ပုဂ္ဂိုလ်များ Zoom Meeting ဖြင့် တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်က Korea – Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယား နိုင်ငံအစိုးရ အဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation တို့ ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ပါ ကြောင်း။
KMIC စက်မှုဇုန်စီမံကိန်းသည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံအစိုးရ အချင်းချင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖြစ် အကောင်အထည် ဖော် ဆောင်ရွက်သည့် နိုင်ငံတကာ အဆင့်မီ အခြေခံအဆောက်အအုံများ ပြည့်စုံသည့် စက်မှုဇုန်စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း။
လုပ်ထုံးလုပ်နည်းများနှင့်အညီ
ယခုအခါ KMIC စက်မှုဇုန် စီမံကိန်းအတွက် အသေးစိတ်ဒီဇိုင်း ရေးဆွဲခြင်းလုပ်ငန်းများ ပြီးစီး၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက် ရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှ စတင်နိုင်ရန် စီစဉ်ထား ပြီး KMIC စက်မှုဇုန်စီမံကိန်းအတွက် လိုအပ်မည့် အခြေခံအဆောက်အအုံ များဖြစ်သည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ် ဓာတ်အားပေးရေးတို့ကို စက်မှုဇုန်ဝင်း ပြင်ပသို့ အရောက် တည်ဆောက်ပေးရန် အစီအစဉ်များ ပါရှိပါကြောင်း၊ အာဆီယံဒေသတွင်းရှိ အခြားသော နိုင်ငံတကာစက်မှုဇုန်များ အား ယှဉ်ပြိုင်နိုင်စွမ်းရှိသော စက်မှု ဇုန်တစ်ခုဖြစ်လာစေရန် အခြေခံ အဆောက်အအုံပိုင်းသာမက ရင်းနှီး မြှုပ်နှံသူ လုပ်ငန်းရှင်များအတွက် ထိရောက်သည့် ဝန်ဆောင်မှုစနစ် ပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန များ ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ရန် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါကြောင်း။
ကော်မတီ၏ လုပ်ငန်းတာဝန် များကို ကော်မတီအဖွဲ့ဝင်များဖြစ်ကြ သည့် သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ မိမိတို့နှင့်သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ကူညီဖြည့် ဆည်းပေးနိုင်မည့် ဝန်ဆောင်မှုများကို အကြံပြု ဆွေးနွေးပေးရန်လိုပါ ကြောင်း။
အလုပ်အကိုင်တစ်သိန်း ဖန်တီးပေးနိုင်
KMIC စက်မှုဇုန် စီမံကိန်းမှ အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအထောက် အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ပြီး KMIC စက်မှုဇုန် စီမံကိန်း ထူထောင်ရာတွင် အခြေခံအဆောက် အအုံပိုင်းသာမက ဝန်ဆောင်မှုပေးရေး အပိုင်းကိုပါ နိုင်ငံတကာအဆင့်မီစေ ရန် ထိထိရောက်ရောက် ဆောင်ရွက် ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန် က (KMIC) စက်မှုဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီ အစဉ်များကို ပါဝါပွိုင့်ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသ ကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ကော်မတီအဖွဲ့ဝင် များဖြစ်သည့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနတို့၏ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များက Korea– Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက်ရေး၊ စက်မှု ဇုန် ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒပိုင်း ဆိုင်ရာ လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ စက်မှုဇုန်ဥပဒေကို လိုက်နာအကောင် အထည်ဖော်နိုင်ရေးတို့နှင့် ပတ်သက် ၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး အသေးစိတ်ရှင်းလင်း တင်ပြကြသည်။
ဝိုင်းဝန်းအကြံပြုဆွေးနွေး
ထို့နောက် ကော်မတီအဖွဲ့ဝင်များ၊ တက်ရောက်လာသူများက (KMIC) စက်မှုဇုန်စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
Korea – Myanmar Industrial Complex (KMIC) စက်မှုဇုန် စီမံကိန်း ကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ် ညောင်နှစ်ပင်သင်တန်း ကျောင်း မြေဧရိယာ ၅၅၈ ဧက ပေါ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့အစည်း ဖြစ်သည့် Land and Housing Cor-poration (LH) တို့ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင်ပြီး ရန်ကုန်မြို့ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာမည်ဖြစ် ကြောင်း သိရသည်။ သတင်းစဉ်