သီးနှံစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေဖို့ ပျားမွေးမြူရေးလုပ်ငန်းဖြင့် တွဲဖက်လုပ်ကိုင်ကြပါစို့

Type

 

တာရာ

 

အဝါရောင်တောက်တောက် ပွင့်ဖတ်လွှာ၊ အညိုရင့်ရောင် ဝတ်ဆံ၊ အစိမ်းရောင်အရွက်နှင့် ရိုးတံများက အရောင်အသွေးကျလိုက်ဖက်ညီကာ နေဘက်ကို မျက်နှာမူ၍ ဖူးပွင့်နေကြသည်။ ပန်းကလေးနေကြာသည် သူ၏အဆင်းဖြင့်သာ လောကကို ဤသို့ဤပုံ အလှဆင်နေခြင်းမဟုတ်၊ လူသားတို့အတွက် အာဟာရ လိုအပ်ချက်ကိုလည်း တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနေသည့်  စိုက်ပျိုးသီးနှံဖြစ်သည်။

နေကြာသီးနှံသည် ဆီထုတ်လုပ်မှုနှုန်း အမြင့်ဆုံး သီးနှံဖြစ်သလို  နေကြာဆီသည်  အရသာပေါ့၊ အရောင်ဖျော့ပြီး တခြားဆီများထက် ဗီတာမင်အီး ပါဝင်မှုမြင့်မားသောကြောင့် ကျန်းမာရေးအတွက် သင့်လျော်သည့် စားသုံးဆီတစ်မျိုးဖြစ်သည်။ 
ဆီစားသုံးမှုဓလေ့ တွင်ကျယ်သည့် မြန်မာနိုင်ငံ တွင်  စားသုံးဆီသည်  ဒုတိယအရေးကြီးသော အခြေခံစားသောက်ကုန်ဖြစ်သည်။   ထို့ကြောင့် ဒေသတွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပမှ တင်သွင်း နေရသည့် စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရေး အတွက် ဆီထွက်သီးနှံအမျိုးမျိုးကို တိုးချဲ့စိုက်ပျိုး လျက်ရှိရာ နေကြာသီးနှံသည် စိုက်ပျိုးရန် အသင့် လျော်ဆုံး ဆီထွက်သီးနှံဟု ဆိုရမည်ဖြစ်သည်။ 
သို့မို့ကြောင့် နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် နေကြာသီးနှံကို ဧကများစွာ တိုးချဲ့စိုက်ပျိုးလာကြသည်။ ဆီထွက်သီးနှံ(နေကြာ)များ အထွက်တိုးရေးအတွက် မျိုးကောင်း၊ မျိုးသန့် များစိုက်ပျိုးနိုင်ရေးကို နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိသည်။ 
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် အသားကဏ္ဍဖွံ့ဖြိုးရေးအတွက် တိရစ္ဆာန်ကျန်းမာ ရေးနှင့် မွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုး ရေးကဏ္ဍတွင်လည်း ဒေသအလိုက်၊ ရာသီအလိုက် စိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံများ၊ ဥယျာဉ်ခြံ သီးနှံနှင့် နှစ်ရှည်သီးနှံများ အထွက်တိုးရေးအတွက် ဌာနမှ  နည်းပညာပေးရေးနှင့်  တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ရှိ နိုင်ငံပိုင် ပျားအုံများ၊ တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ပျားစာရရှိမှုအပေါ် မွေးမြူ ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိကပိုင်  ပျားအုံများ ဖြင့် နိုင်ငံအတွင်း  ဒေသအလိုက်၊ ရာသီအလိုက် စိုက်ပျိုးလျက်ရှိသော ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ဆီမုံညင်း၊ ပြောင်း စသည့် သီးနှံများနှင့် ဥယျာဉ်ခြံသီးနှံများ၊ နှစ်ရှည်သီးနှံများ၏ သီးနှံအထွက်တိုးရေးအတွက် ပျားအုံများ ရွှေ့ပြောင်း မွေးမြူစေ၍  ဝတ်မှုန်ကူး   ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ 
ဒေသခံစိုက်ပျိုးတောင်သူများ၏ ဆီထွက်သီးနှံ (နေကြာ)စိုက်ခင်းများတွင် သီးနှံအထွက်တိုးမှုနှင့် မျိုးစေ့အောင်မြင်မှုတို့သည်  ပျားအုံများ  ချထား မွေးမြူပေး၍ ပျားနှင့်  ဝတ်မှုန်ကူးမှုအပေါ်တွင် အဓိက မူတည်လျက်ရှိသည်။ ပျားအုံချထားမွေးမြူ သော စိုက်ခင်းများသည် ပျားအုံချထား မွေးမြူခြင်း မရှိသည့် စိုက်ခင်းများထက် အထွက်နှုန်း သုံးဆခန့် ပိုမိုထွက်ရှိပြီး သီးနှံအရည်အသွေးကောင်းမွန်ခြင်း အကျိုးကျေးဇူးများကို လက်တွေ့ခံစားရရှိကြသည်။
ပျားဖြင့်  ဝတ်မှုန်ကူးခြင်းအကြောင်းကို  ပျား မွေးမြူသူများအနေဖြင့်    လည်းကောင်း၊    သီးနှံ စိုက်ခင်းရှင်တောင်သူများအနေဖြင့် လည်းကောင်း သိရှိထားရန်  လိုအပ်သည့်အတွက်  အနည်းငယ် တင်ပြလိုပါသည်။ သို့မှသာ ဝတ်မှုန်ကူးခြင်း တန်ဖိုး နှင့် ဝတ်မှုန်ကူးရန် လိုအပ်ချက်များကို သိရှိနိုင်မည် ဖြစ်သည်။ 
ဝတ်မှုန်ကူးခြင်းဆိုသည်ကား   ပန်းပွင့်များ မျိုးပွားရန်အတွက် အရေးကြီးသော အဆင့်ဖြစ်သည့် ပန်းပွင့်၏  အဖိုအင်္ဂါအစိတ်အပိုင်းမှ  ဝတ်မှုန်များ အမအင်္ဂါအစိတ်အပိုင်းသို့ ကူးပြောင်းခြင်း  ဖြစ် သည်။ အဓိကအချက်မှာ အဖိုအင်္ဂါမှ ဝတ်မှုန်များ အမအင်္ဂါသို့   ရောက်ရှိမှသာ   ဝတ်မှုန်ကူးခြင်း အောင်မြင်သည်ဖြစ်ရာ လေ(သို့မဟုတ်) အင်းဆက် ပိုး (သို့မဟုတ်) လူတို့၏ အကူအညီဖြင့် ကူးပြောင်း ပေးခြင်း စသည့်ဝတ်မှုန်ကူးခြင်းဆိုင်ရာ ပံ့ပိုးမှုများ သည် မရှိမဖြစ် လိုအပ်သည့်လုပ်ငန်းစဉ်များ ဖြစ် သည်။
 အချို့သော ပန်းပွင့်မျိုးများစွာတို့သည် တစ်ပင် တည်းမှဖြစ်စေ၊ အပင်ခြားမှ ဖြစ်စေ၊ ဝတ်ဆံဖိုမှ ဝတ်မှုန်များ ဝတ်ဆံမဆီသို့ ကူးပြောင်းရန် ပန်းပွင့် တစ်ပွင့်မှ အခြားပန်းပွင့်တစ်ပွင့်သို့ ဝတ်မှုန်ကူးပြောင်း ရန်အတွက် ဝတ်ရည်၊ ဝတ်မှုန် လာရောက်သယ် ဆောင်သော  အင်းဆက်  ပိုးမွှားများအပေါ်တွင် အခြေခံလျက်ရှိသည်။ ၎င်းဝတ်မှုန်ကူး ပိုးမွှားများ အနက် ပျားသည် ၎င်း၏အမွေးအမှင်များပြားသော ခန္ဓာကိုယ်ကြောင့် ဝတ်မှုန်ကူးခြင်းကို ထိရောက်စွာ အကျိုးပြုဆောင်ရွက်နိုင်ဆုံးသော သတ္တဝါဖြစ်သည်။
သီးနှံများအထွက်တိုးစေရန် ပျားဖြင့်ဝတ်မှုန်ကူးခြင်း
သီးနှံစိုက်ခင်းများ ဝတ်မှုန်ကူးရန်အတွက် သီးနှံ စိုက်ခင်းများအတွင်း  ပျားအုံများ  ချထားပေးခြင်း သည် သီးနှံအထွက်တိုးမှုကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး အချို့သီးနှံပင်များသည်ပင်တည်းဝတ်မှုန်ကူးခြင်း ဖြင့် ဝတ်မှုန်ကူးနိုင်သော်လည်း အချို့အပင်များမှာ ပိုးမွှားဖြင့် ဝတ်မှုန်ကူးခြင်းအပေါ်တွင် မှီခိုနေရပြီး ပိုးမွှားဖြင့်ဝတ်မှုန်ကူးပါက ပိုမိုအထွက်နှုန်းကောင်း လာမည်ဖြစ်သည်။
အရေးကြီးသည့်အချက်မှာ ပျားဖြင့် လုံလောက် စွာ ဝတ်မှုန်ကူးပေးပါက သီးနှံများ  အရည်အသွေး တိုးတက်မှုကို  အကျိုးပြုနိုင်ခြင်း၊  မျိုးစေ့များ၏ အစေ့အဆန်ကောင်းစွာတည်ရှိပြီး   သီးနှံပင်များ ဆောလျင်စွာ ရင့်မှည့်ရိတ်သိမ်းရခြင်း စသည့်အကျိုး ကျေးဇူးများကို သိသာထင်ရှားစွာ ခံစားရရှိနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သီးနှံစိုက်ခင်းရှင် တောင်သူ တိုင်း အင်းအားကောင်းသည့် ပျားရည်စု ပျားအုံများ ကို စိုက်ခင်းအတွင်း  ထားရှိသင့်ကြောင်း အကြံပြု လိုပါသည်။
နေကြာနှင့် ပျား
ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်း  တိုးချဲ့စိုက်ပျိုး လာသည့် နေကြာကို ဥပမာအနေဖြင့် တင်ပြရမည် ဆိုပါက နေကြာပန်း၏ ဝတ်ရည်နှင့် ဝတ်မှုန်နှစ်မျိုး စလုံးသည် ပျားများကို တစ်နေ့တာလုံး ဆွဲဆောင် နိုင်သည်။ ထို့ပြင် နေကြာပန်းခိုင်တွင် ပင်တည်း ဝတ်မှုန်ကူးနိုင်သော်လည်း ပင်ခြားဝတ်မှုန်ကူးခြင်း ထက် အောင်မြင်သော မျိုးစေ့ရရှိမှုနည်းပါးပြီး အစေ့ သေးငယ်ခြင်း၊ ဆီထွက်နှုန်းနည်းခြင်း၊  မျိုးစေ့မှ အပင်ပေါက်မှုနည်းခြင်း၊ အညှောက်ထွက်မှု နှေးကွေး ခြင်းနှင့် မျိုးစေ့များမှ ထုတ်လုပ်မှုလျော့နည်းခြင်းများဖြစ်ပေါ်နိုင်သဖြင့်  နေကြာစေ့ကို  စီးပွားဖြစ် ထုတ်လုပ်မည်ဆိုပါက  ပျားဖြင့်ဝတ်မှုန်ကူးခြင်းသည်  အထူးလိုအပ်လှသည်။
ပျားများသည် အခြားသော ပိုးမွှားများထက် နေကြာပန်းများအတွက် ထိရောက်စွာ အကျိုးပြုနိုင် သည့် အခြေခံကျသော ဝတ်မှုန်ကူးပိုးမွှားဖြစ်သည်။ နေကြာခင်းအတွင်း ပျားများ  ပြတ်လပ်သည်နှင့် အစေ့ရိတ်သိမ်းရရှိမှု နည်းပါးသွားသည်။ နေကြာ ပန်းပင်ရှိ အပိုဝတ်ရည်အိတ်များကလည်း ပျားများ လာရောက်ရန် ဆွဲဆောင်နိုင်ပြီး နေကြာပန်းများ ပေါ်တွင် ပျားအရေအတွက် များစွာလာရောက်ခြင်း ဖြင့် မျိုးစေ့အောင်မြင်မှုကို အထောက်အကူပြုစေ မည် ဖြစ်သည်။
နေကြာစိုက်ခင်းများကို ပျားဖြင့်ဝတ်မှုန်ကူးရာ၌ 
မျိုးစေ့အထွက်နှုန်း တိုးတက်စေမည့် အချက်များ
နေကြာခင်းတွင် ပျားအုံများနေရာချထားပြီး ဝတ်မှုန်ကူးစေရာ၌   ပျားများထားရှိသည့်  နေရာ နှင့်  စိုက်ခင်းအကွာအဝေးပေါ်မူတည်၍  မျိုးစေ့ အောင်မြင်မှုနှုန်းနှင့် ပျားရည်ရရှိမှု ကွာခြားသည်။ ပျားအုံများနှင့် စိုက်ခင်းနီးလျှင် ပန်းပွင့်တစ်ပွင့်ချင်း အလိုက် ပျားများ  လာရောက်မှုများပြီး   ပျားရည် အထွက်နှုန်း၊ သီးနှံအထွက်နှုန်းတိုး၍ ပျားအုံများနှင့် စိုက်ခင်းကွာဝေးသည်နှင့်အမျှ ပျားများလာရောက်မှု နည်း၍ ပျားရည်အထွက်နှုန်းနှင့် သီးနှံအထွက်နှုန်း လျော့မည်။ နေကြာစိုက်ခင်းနှင့် အနီးဆုံးနေရာတွင် ပျားအင်အား အကောင်းဆုံး ဖြင့် ဝတ်မှုန်ကူးပေးပါက  အထွက်နှုန်း ပိုမိုရရှိမည်ဖြစ်သည်။
ပျားအုံများ နေရာချထားရာတွင်  ပျားအင်အား များစွာရှိမှသာလျှင်   မျိုးစေ့ပိုမိုအောင်မြင်ခြင်း၊ ပန်းခိုင်မျက်နှာပြင်ညီခြင်း၊ မျိုးစေ့များအလေးချိန်ပိုလာခြင်းနှင့် အညှောက်ပေါက်မှု ရာခိုင်နှုန်းပိုများလာမည်ဖြစ်သည်။ ပျားများ  နေကြာပန်းပွင့်များ သို့ လာရောက်ခြင်းဖြင့် သီးနှံအထွက်နှုန်းတိုးစေရုံ သာမက နေကြာပန်းကို ဖျက်ဆီးသော ပိုးဖလံများ ရန်မှလည်း ကာကွယ်နိုင်မည်ဖြစ်သည်။ 
ပျားအုံများနေရာချထားသည့် နေကြာစိုက်ခင်း သီးနှံပင်များသည် အထွက်နှုန်းတိုးခြင်း၊  သီးနှံ အရည်အသွေးကောင်းမွန်ခြင်း၊ ဆီထွက်နှုန်းကောင်း ခြင်း၊  သီးနှံအလေးချိန်တိုးခြင်း     စသည့်အကျိုး အမြတ်များကို  တောင်သူတို့  လက်တွေ့ခံစားရရှိမည်ဖြစ်သည်။  ပျားဖြင့် ဝတ်မှုန်ကူးခြင်းသည်   ပျားမပါဘဲ ဝတ်မှုန် ကူးခြင်းထက်   သီးနှံအထွက်နှုန်း    ပိုသကဲ့သို့ မိမိပန်းပွင့်ရှိ ဝတ်မှုန်ဖြင့်ပင် မျိုးမအောင်နိုင်သော  နေကြာမျိုးများ    မျိုးအောင်ရန်အတွက်လည်း အထောက်အကူပြုစေမည်ဖြစ်သည်။
ပျားနှင့်ဝတ်မှုန်ကူးခြင်းဖြင့် သီးနှံများအပေါ် 
အကျိုးသက်ရောက်မှုများနှင့် ဝတ်မှုန်ကူးပေးသည့်
ပျားအုံများတွင် ရှိသင့်သောအချက်များ
ပန်းသီး၊ နေကြာ၊ သခွား၊ ဖရုံ၊ နှမ်းစိုက်ခင်းများ တွင် တစ်ဧက-ပျားအုံ တစ်အုံ (သို့မဟုတ်) နှစ်အုံ ထားရှိနိုင်သည်။  ပျားအုံများကို  စိုက်ခင်းအတွင်း လေးအုံမှ ခြောက်အုံတစ်စုကို ပေ ၁၀၀ စီ ခွာထား ကာ အပင်တိုင်းတွင် ဝတ်မှုန်ကူးခြင်းဖြစ်ပေါ်၍ သီးနှံအထွက်နှုန်း ကောင်းစေမည်ဖြစ်ပြီး ပျားဖြင့် ဝတ်မှုန်ကူးခြင်းဖြင့် အစေ့များစွာတို့ ဖြစ်ပေါ်လာ နိုင်သည်။ ထို့ကြောင့် ဝတ်မှုန်ကူးခြင်းသည် အသီး ထွက်နှုန်းနှင့် အရွယ်အစားကို တိုက်ရိုက်အကျိုး သက်ရောက်မှုရှိစေနိုင်သည်။ အမေရိကန်နိုင်ငံတွင် ဝတ်မှုန်ကူးခြင်းဖြင့် လယ်ယာထွက်ကုန် စုစုပေါင်း ဒေါ်လာသန်းပေါင်း  ၉ ဒသမ ၇ ဘီလီယံခန့် ထွက်ရှိ သည်ကို တွေ့ရှိရသည်။ 
ဝတ်မှုန်ကူးခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများ
ဝတ်မှုန်စုပျားများဖြင့် ဝတ်မှုန်ကူးပြောင်းခြင်း ကြောင့် တစ်ဧကအထွက်နှုန်းနှင့် ထုတ်လုပ်မှုနှုန်း ထား သိသာထင်ရှားစွာ တိုးတက်ထွက်ရှိလာသည့် အကျိုးကျေးဇူးများ ရရှိလာပြီး သီးနှံအရည်အသွေး တိုးမြင့်လာစေသည်။ 
အနောက်နိုင်ငံရှိ လယ်သမားများသည် ကမ္ဘာ ပေါ်ရှိ မည်သည့်ဒေသနှင့်မဆို ယှဉ်ပြိုင်နိုင်လောက် အောင်  အကုန်အကျသက်သာသော  အစားအစာ များကို ပေါများကုံလုံကြွယ်ဝစွာ ထုတ်လုပ်နိုင်သည် မှာ စိုက်ပျိုးရေးစနစ်တွင် ပျားမွေးမြူခြင်းလုပ်ငန်း ကို အစိတ်အပိုင်းတစ်ခုအနေဖြင့်  ဆောင်ရွက်ခြင်း ကြောင့် ဖြစ်သည်။ 
ထိုကဲ့သို့ စိုက်ပျိုးရေးလုပ်ငန်းများ  အောင်မြင် ဖြစ်ထွန်းစေရန် မရှိမဖြစ် လိုအပ်လှသည့် ဆီထွက် သီးနှံ(နေကြာ)  စိုက်ခင်းများတွင်  ပျားအုံများ ချထားမွေးမြူပေး၍ ဝတ်မှုန်ကူး ဝန်ဆောင်မှုပေးနိုင် ရေးကို မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။ 
ဆီထွက်သီးနှံ(နေကြာ)အထွက်တိုးရေး ပျားအုံချထားမွေးမြူနိုင်ရန်အတွက်    တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ရှိ ဆီထွက်သီးနှံ(နေကြာ) စိုက် ဧကစာရင်းပြုစုခြင်း၊  နေကြာစိုက်ဧကအတွက် ပျားအုံများချထားနိုင်မည့် အရေအတွက် တွက်ချက် လျာထားခြင်းနှင့်  ပျားစာနေရာခွဲဝေသတ်မှတ်ခြင်း၊ ဒေသအလိုက်ရှိ ဆီထွက်သီးနှံ(နေကြာ) စိုက်ခင်း များတွင် သတ်မှတ်အရေအတွက်အတိုင်း ပျားအုံ များ ရွှေ့ပြောင်းချထားမွေးမြူစေ၍  ဝတ်မှုန်ကူး ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် လျက်ရှိသည်။ 
လက်ရှိတွင် ပျားအုံအရေအတွက်မှာ နိုင်ငံပိုင် ပျားအုံ ၆၂၀၀၊ ပုဂ္ဂလိကပိုင်ပျားအုံ ၁၉၀၀၀၀ စုစုပေါင်း ၁၉၆၂၀၀ ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရာသီအလိုက် စိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံ စိုက်ခင်းများတွင် ဝတ်မှုန်ကူးဝန်ဆောင်မှုပေးလျက် ရှိပြီး နှစ်စဉ်   ပျားအုံတိုးပွားရေး   ဆောင်ရွက်ခြင်း ဖြင့်  ပျားမွေးမြူသူဦးရေတိုးပွားရေးနှင့်   ပျားအုံ တိုးပွားမွေးမြူနိုင်ရေး       ဆောင်ရွက်လျက်    ရှိ သည်။
 ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပျားအုံတိုးပွားရေးကို နိုင်ငံပိုင် အခြေခံပျားအုံ ၆၂၀၀ မှ ပျားအုံတိုး ၄၀ ရာခိုင်နှုန်းဖြင့် ၂၄၈၀၊ ပုဂ္ဂလိကပိုင် အခြေခံပျားအုံ ၁၉၀၀၀၀ မှ ပျားအုံတိုး ၂၀ ရာခိုင်နှုန်းဖြင့် ၃၈၀၀၀၊ စုစုပေါင်း ပျားအုံ ၄၀၄၈၀  တိုးပွားမွေးမြူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် အခြေခံပျားအုံ ၁၉၆၂၀၀၊ အုံတိုးပျားအုံ ၄၀၄၈၀ စုစုပေါင်း  ၂၃၆၆၈၀ဖြင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် ရာသီအလိုက်  ပျားအုံ များ  ရွှေ့ပြောင်းချထားမွေးမြူ၍   ဝတ်မှုန်ကူး ဝန်ဆောင်မှုပေးမည်ဖြစ်သည်။
ပျားအုံတိုးပွားမွေးမြူနိုင်ရေးအတွက်   တိုင်း ဒေသကြီး/ ပြည်နယ်   ပျားစခန်းများဖြစ်သည့် စစ်ကိုင်းမြို့နယ်(ညောင်ပင်ဝန်း) ပျားစခန်း၊ ပွင့်ဖြူ မြို့နယ်ပျားစခန်း၊  စဉ့်ကိုင်မြို့နယ်  ပျားစခန်း၊ ကလောမြို့နယ်ပျားစခန်း၊ ပျဉ်းမနားမြို့နယ်ပျားစခန်းများတွင် ပျားဘုရင်မ မွေးမြူရေးစခန်းအဖြစ် ထူထောင်လျက်ရှိပြီး မြန်မာနိုင်ငံတွင်မွေးမြူလျက် ရှိသော ဥရောပဝတ်ရည်စုပျားမျိုး ဖြစ်သည့် Apis  mellifera ပျားဘုရင်မမျိုးကို ပြည်ပမှ မျိုးတင်သွင်း ပြီး  မိတ်အောင် ပျားဘုရင်မများ မွေးမြူထုတ်လုပ်၍ ပုဂ္ဂလိကပျားမွေးမြူသူများသို့ ဖြန့်ဖြူးပေးသွား မည်ဖြစ်သည်။
ဝတ်ရည်၊ ဝတ်မှုန်ပေါများသည့် ပျားစာရာသီ တွင် ဝတ်ရည်စုဆောင်းမှု ကောင်းမွန်ပြီး သားလောင်း ပေါက်ဖွားနှုန်းကောင်းမွန်သော မိတ်အောင်ပျား ဘုရင်မမျိုးများဖြင့် ပျားအုံတိုးပွားရေးဆောင်ရွက် ခြင်းဖြင့် ပုဂ္ဂလိက ပျားမွေးမြူသူဦးရေတိုးပွားပြီး ပျားအုံတိုးပွားရေး ဆောင်ရွက်လျက်ရှိသည်။
ရာသီအလိုက်စိုက်ပျိုးလျက်ရှိသည့် ဆီထွက် သီးနှံ (နေကြာ)စိုက်ခင်းများတွင် ပျားအုံများဖြင့် ဝတ်မှုန်ကူး ဆောင်ရွက်ပေးရာတွင် နေကြာသီးညှပ် စိုက်ခင်းတစ်ဧကအတွက် ဝတ်မှုန်ကူးရန် အင်အား ပြည့် ပျားအုံတစ်အုံ လိုအပ်ပြီး  နေကြာသီးသန့် စိုက်ခင်း တစ်ဧကအတွက်  အင်အားပြည့် ပျားအုံ နှစ်အုံ လိုအပ်သည့်အတွက် ပျားအုံ ၁၀၀၀၀၀ ဖြင့် နေကြာသီးညှပ်  စိုက်ဧက ၁၀၀၀၀၀၊  ပျားအုံ ၁၃၆၆၈၀ ဖြင့် နေကြာသီးသန့််စိုက်ဧက ၆၈၃၄၀ စုစုပေါင်း  နေကြာသီးညှပ်နှင့်  သီးသန့်စိုက်ဧက ၁၆၈၃၄၀ ကို ဝတ်မှုန်ကူးဝန်ဆောင်မှုပေးနိုင်မည် ဖြစ်သည်။
 ဆီထွက်သီးနှံ(နေကြာ) လျာထားစိုက်ဧက ၁ ဒသမ ၅ သန်းတွင် ၁၆၈၃၄၀ ခန့်ကို ပျားဖြင့် ဝတ်မှုန် ကူးခြင်းဆောင်ရွက်ပေးနိုင်ပြီး  စိုက်ဧက၏  ၁၁ ရာခိုင်နှုန်းကျော်ကို ပျားအုံချထားမွေးမြူခြင်းဖြင့် နေကြာသီးနှံအထွက်တိုးရေး ဝန်ဆောင်မှုပေးနိုင်တော့မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် ယှဉ်တွဲ လျက် ပျားမွေးမြူရေးလုပ်ငန်းကို  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မွေးမြူထုတ်လုပ်သွားပါက ပျား နှင့် ဝတ်မှုန်ကူးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူး များကို မြန်မာနိုင်ငံတစ်ဝန်းလုံး  ရရှိခံစားနိုင်ကြ မည်ဖြစ်သည်။
 ပြည်သူတစ်ရပ်လုံးအတွက် စားနပ်ရိက္ခာပိုမို ပြည့်စုံကြွယ်ဝလာနိုင်မည်ဖြစ်သည့်အပြင် ကျန်းမာ ရေးနှင့် ညီညွတ်သည့် နေကြာဆီကို စားသုံးနိုင်လာ ပြီး  ပြည်ပမှ စားအုန်းဆီ  တင်သွင်းရမှုကြောင့် နိုင်ငံခြားငွေသုံးစွဲရမှုကို လျှော့ချနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင် မည်ဖြစ်သည်။ ထို့ကြောင့် ဆီထွက်သီးနှံ ပန်းကလေး နေကြာစိုက်ခင်းများ   အောင်မြင်အထွက်နှုန်း ကောင်းစေဖို့ ပျားမွေးမြူရေးဖြင့်  တွဲဖက်လုပ်ကိုင် ကြပါစို့ဟု     အကျိုးမျှော်၍   နှိုးဆော်လိုက်ရ  ပါသည်။        ။