
ပြည်သူများအထိတ်တလန့်မဖြစ်စေရေး သတင်းမှန်ကြေညာ၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ အသိပေးထုတ်ပြန်
စစ်တွေ မတ် ၂၀
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်
အစည်းအဝေးတွင် ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင် ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိ အားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားကြောင်း၊ ထိုမုန်တိုင်းငယ်မှာ မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းအနီးသို့လည်း ကောင်း ရောက်ရှိနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားကြောင်း၊ ထို့ကြောင့် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် မုန်တိုင်းသက်ရောက်မှုခံစားရနိုင်သောဒေသများတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စတင်ဆောင်ရွက်စေခြင်း၊ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ်ရယူ၍ လိုအပ် သလို ပြောင်းလဲဆောင်ရွက်စေခြင်း၊ ကောလာဟလ သတင်းများကြောင့် ပြည်သူများအထိတ်တလန့် မဖြစ်စေရေး သက်ဆိုင်ရာမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များက သတင်း မှန်ကြေညာစေခြင်း၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်း များကို အသိပေးထုတ်ပြန်စေခြင်း၊ အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်တတ်သည့် မုန်တိုင်း၏သဘော သဘာဝအရ မုန်တိုင်းအဆင့် ပိုမိုပြင်းထန်နိုင်ခြေ ရှိပါက ရွှေ့ပြောင်းနိုင်ရန် ဘေးလွတ်ရာနေရာများ အား ပြန်လည်စိစစ်ပြင်ဆင်ခြင်းစသည့် ပြင်ဆင် ဆောင်ရွက်ရန်များကို ဆောင်ရွက်ရန် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ၏ ညွှန်ကြားချက်များနှင့်အညီ သက်ဆိုင်ရာကဏ္ဍ အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များကို အားလုံးဝိုင်းဝန်းဆွေးနွေးပြီး ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ များနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးခြင်းဖြစ် ကြောင်း။
ထိခိုက်မှုနည်းပါးစေရေး
ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ ၁၂ ခုက တာဝန်ရှိသူများအနေဖြင့် လေဖိအားနည်း ရပ်ဝန်းနှင့် မုန်တိုင်းသက်ရောက်မှုကြောင့် ပျက်စီး ဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှုနည်းပါးစေရေးတို့ အတွက် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထားရသော ကဏ္ဍအလိုက်၊ ကျွမ်းကျင်မှုအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။
မုန်တိုင်းသတင်းများ ထုတ်ပြန်နိုင်ရေး
ဆက်လက်၍ ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ပြည်နယ်ဝန်ကြီးများက သဘာဝ ဘေးအန္တရာယ်နှင့် မုန်တိုင်းသတင်းများကို အချိန်နှင့် တစ်ပြေးညီသတင်းထုတ်ပြန်နိုင်ရေး၊ ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ ရေးနှင့် ပြန်လည်ထူထောင်ရေးတို့အတွက် ပြင်ဆင် စုဆောင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
အကြံပြုဆွေးနွေး
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ ကယ်ဆယ်ရေးပစ္စည်းများစုဆောင်း ထားရှိမှု၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ခိုလှုံရာနေရာများတည်ဆောက်ထားရှိမှုနှင့် သံတွဲ ခရိုင် ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူများအား ပြောင်းရွှေ့နိုင် မည့် နေရာများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီအတွင်း ရေးမှူးများနှင့် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့ကော်မတီအလိုက်၊ ခရိုင်အလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသော တပ်မတော်အရာရှိကြီးများနှင့် ဌာဆိုင်ရာတာဝန်ရှိသူများက မုန်တိုင်းအန္တရာယ် ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို အကြံပြုဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရသည်။
တင်ထွန်း
(ပြန်/ဆက်)