
စာချစ်သူ
တစ်ပါတီ ဗဟိုဦးစီးစနစ်အောက်တွင် လူလားမြောက် ကြီးပြင်းလာခဲ့ရသော်လည်း ဒီမိုကရေစီစနစ်ကို ကျွန်တော် စိတ်ဝင်စားပါသည်။ ထိုစဉ်ကာလ ကမ္ဘာ့စင်မြင့်ထက်တွင် အမြဲတစေ တွေ့မြင်ကြားသိနေရသော ရီဂင်၊ မာဂရက်သက်ချာစသည့် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ကြီးများကိုကြည့်ရင်း သူတို့နိုင်ငံ၏ ဒီမိုကရေစီစနစ်နှင့် သမ္မတရွေးကောက်ပွဲများ၊ ပါလီမန်ရွေးကောက်ပွဲများကို သဘောကျခဲ့ဖူးသည်။
ဒီမိုကရေစီယဉ်ကျေးမှု၏ သဘောသဘာဝ
ပြီးတော့ စာအုပ်တစ်အုပ်တွင် ဖတ်ခဲ့ဖူးသည့် လန်ဒန်မြို့က သမိုင်းဝင်ဟိုက်ပတ်ခ် ပန်းခြံ။ ဟိုက် ပတ်ခ်ကော်နာဟု ခေါ်သည့် ပန်းခြံထောင့်တွင် ဖိုးဟောချင်၊ ပြောချင် တရားဟောဆရာတို့သည် ထင်ရှူးသေတ္တာကလေးများ၊ ခေါက်လှေကားကလေး များကို သယ်ယူလာပြီး တစ်နေရာတွင် ခင်းကြ သည်။ ပြီးတော့ နားထောင်မည့်သူရှိရှိ၊ မရှိရှိ ထို စင်မြင့်ကလေးများထက်တွင်ရပ်ပြီး လက်သီးလက် မောင်းတန်းကာ ဟောကြ၊ ပြောကြလေတော့သည်။
အချို့က ကိုယ့်မကျေနပ်ချက်များကို ဟစ်တိုင် ပမာ ရင်ဖွင့်ပြောရင်း တစ်ခါတစ်ရံ ဟောပြောသူ တို့သည် လွန်လွန်ကျွံကျွံ ပြောမှားဆိုမှားတွေ ဖြစ်ခဲ့ ကြသည်။ သို့တစေ မနီးမဝေးရှိ လန်ဒန်ရဲသားကြီး သည် အရေးယူဖို့ဝေးစွ ပြုံး၍ပင်နေသည်ဟုဆိုသည်။ စင်မြင့်ပေါ်ကလူသည် သူ၏လွတ်လပ်စွာပြောဆိုခွင့် ကို အပြည့်အဝ အသုံးချနေခြင်း ဟူ၍သာ။
ဟိုက်ပတ်ခ်ပန်းခြံက ဟစ်တိုင်အကြောင်း ဖတ်ရင်း ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီယဉ်ကျေး မှု၏ သဘောသဘာဝကို ကျွန်တော်အတော်သဘော ကျသွားသည်။ သို့ရာတွင် ထိုလွတ်လပ်စွာ ပြောဆို ခွင့်၊ ဟောပြောခွင့်များသည် သတ်မှတ်ထားသည့် နေရာ၊ ဧရိယာတွင်မဟုတ်ဘဲ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာ၊ ဧရိယာ၌ဆိုလျှင်မူ ထိုသူ အရေးယူခံရမည့် စည်းကမ်းဥပဒေများလည်းရှိသည် ကိုမူ ထိုစဉ်က ကျွန်တော် မသိခဲ့ရိုး အမှန်ပင်။
“ဒီမိုကရေစီရရှိရေး - ဒို့အရေး၊ ဒို့အရေး”။
၁၉၈၈ ခုနှစ် မတ်လနှင့် ဇွန်လတို့တွင် ဖြစ်ပွားခဲ့ သော အရေးအခင်းများအပြီး ၁၉၈၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်၌ ကျင်းပသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ အရေးပေါ် ညီလာခံအတွင်း ထိုစဉ်က ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်း၏ “တစ်ပါတီစနစ်ကို ကြိုက်သလား၊ ပါတီစုံစနစ်ကိုကြိုက်သလား” ဟူ သည့် သူ၏နောက်ဆုံးနှုတ်ခွန်းဆက် မိန့်ခွန်းအဖြစ် ထည့်သွင်းပြောကြားအပြီးတွင် ဆိုခဲ့ပါ ဒီမိုကရေစီ အရေး တောင်းဆိုကြွေးကြော်သံများသည် တစ်နိုင်ငံ လုံး တုန်ဟည်းသွားခဲ့လေသည်။
၁၉၈၈ ခုနှစ် အရေးအခင်း
သို့ရာတွင် လွတ်လပ်ရေးရပြီး ဆယ်စုနှစ် တစ်စု စာမျှသာ ပါလီမန်ဒီမိုကရေစီစနစ်နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ပြီး ထို့နောက်ပိုင်း ဆယ်စုနှစ် သုံးစုမျှ တစ်ပါတီဗဟိုဦးစီးစနစ်အောက်တွင် နေသားကျခဲ့ ရသော ကျွန်တော်တို့မျိုးဆက်များအဖို့ ဒီမိုကရေစီ စနစ်၏ သဘောသဘာဝနှင့် ဒီမိုကရေစီယဉ်ကျေးမှု အကြောင်းကို ဂဃနဏ အမှန်တကယ်မသိခဲ့ကြပါ။
နောင်သောအခါ ထိုစဉ်က နိုင်ငံတော်သမ္မတ ဒေါက်တာမောင်မောင်က မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ် အရေးအခင်းစာအုပ်တွင် -
“မောင်မောင်၊ ငါတို့ကို ဒီမိုကရေစီ ချက်ချင်း ပေးဟူ၍ ကလေးများမှ ချီတက် လမ်းလျှောက်ကာ သံပြိုင်အော်ကြသည်။ သူတို့တောင်းဆိုသော ဒီမို ကရေစီဟူသောအရာသည် ကျွန်တော်၏ အင်္ကျီ အိတ်ကပ်ထဲမှ ထုတ်ယူပြီး သူတို့တောင်းဆိုသလို ချက်ချင်းလက်ငင်း ပေးနိုင်ခဲ့ရင် ဘယ်လောက်များ ကောင်းလိမ့်မတုန်း။ ဒါဆိုရင်လည်း ပြဿနာ အားလုံး တစ်ခါတည်းပြီးပြတ်သွားလိမ့်မည်ဟူ၍ ကျွန်တော်တွေးတောမိသည်” စသဖြင့် ပြန်ပြောင်း ရေးသားခဲ့ပါသည်။
အမှန်တကယ်တော့ ထိုခေတ်ကာလက မြန်မာ ပြည်သူအများစုသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ အတွင်း ကျင်းပခဲ့သည့် စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော် အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက် အရ တရားမျှတသော အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ကြေညာချက်နှင့် နိုင်ငံတော်သမ္မတ ဒေါက်တာ မောင် မောင်၏ “ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး သုံးလအတွင်း ကျင်းပပေးမည်” ဟူသည့် ကတိကို ဒီမိုကရေစီ၏လမ်းစ အစဟု မသိနားမလည်ဘဲ အုပ်ချုပ်ရေးရုံးများကို ဝင်ရောက်စီးနင်း အဓမ္မ သိမ်းပိုက်ခြင်း၊ ပါတီ၊ ကောင်စီပုဂ္ဂိုလ်များကို ခြိမ်းခြောက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လုယက် ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူအချို့ကို ခေါင်းဖြတ် သတ်ဖြတ်ခြင်းတို့ဖြင့် ဒီမိုကရေစီကို ဆက်လက် ရှာပုံတော်ဖွင့်ခဲ့ကြလေသည်။
ဒီမိုကရေစီဆိုသည်မှာ
တကယ်တော့ ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေး စနစ်တစ်ခုသာ ဖြစ်သည်။ နိုင်ငံရေးအာဏာကို ပြည်သူအားလုံး အညီအမျှ ခွဲဝေရယူပိုင်ခွင့်ရှိခြင်းဆိုသည့်သဘော သက်ရောက်သည်။ ဒီမိုကရေစီ အစ ဂရိနိုင်ငံကဟု ဆိုသည့်အတိုင်း ဒီမိုကရေစီ စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး Demos (ပြည်သူလူထု)နှင့် Kratos (အာဏာ)မှ ဆင်းသက် လာခြင်းဖြစ်သည်။ ပြည်သူအများအာဏာပိုင်စိုး သောစနစ်ဟု ခေါ်ဆိုနိုင်သည်။ ဒေမိုး (လုပ်သား ပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား (အာဏာ/အာဏာပိုင်စိုးမှု) တို့ ပေါင်းစပ်၍ ပြည်သူ အများစု စုပေါင်းပါဝင်အာဏာပိုင်စိုးသောစနစ်ဟုဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။
ဒီမိုကရေစီဆိုသည်မှာ ၎င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသနပြုသည့် စကားလုံး၊ စကားရပ် တို့နှင့် ပူးတွဲမှသာ ပို၍အသုံးဝင်သော အဓိပ္ပာယ် ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပူးပေါင်းပါဝင် လုပ်ဆောင်မှုဒီမိုကရေစီ (Participatory Demo-cracy) သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy)စသည်တို့ ဖြစ်ကြသည်။
၂၀၂၁ ခုနှစ် စာရင်းအရ ကမ္ဘာပေါ်တွင် နိုင်ငံ ပေါင်း ၁၉၅ နိုင်ငံရှိသည့်အနက် ဒီမိုကရေစီနိုင်ငံ ပေါင်း ၈၁ နိုင်ငံရှိပြီး အပြည့်အဝဒီမိုကရေစီစနစ်ကျင့်သုံးသောနိုင်ငံပေါင်းက ၂၂ နိုင်ငံရှိသည်။ လက်ရှိ ကာလအထိတော့ ဒီမိုကရေစီထက်ကောင်းသည် ဆိုသည့်စနစ် မရှိသေးသော်လည်း နိုင်ငံရေးပညာရှင် များ၊ ဝေဖန်ရေးဆရာများစွာတို့က ဒီမိုကရေစီ၏ ချွတ်ယွင်းချက်၊ အားနည်းချက်၊ အပြစ်အနာအဆာ များကို ထောက်ပြဝေဖန် ပြောဆိုမှုများစွာ ရှိလာခဲ့ သည်။
ဦးသန့်၏ သဘောထားအမြင်
အချို့က ဒီမိုကရေစီသည် တစ်ခါတစ်ရံလူအုပ်စု နှင့်အနိုင်ကျင့်သည့်ဝါဒ(mobocracy or the tyran-ny of the majority) ဆီသို့ ဦးတည် သွားနိုင်သည်ဟု ဆိုသည်။ အိန္ဒိယနွယ်ဖွားအမေရိကန်နိုင်ငံသား စာရေး ဆရာ၊ ဆောင်းပါးရှင်တစ်ဦးဖြစ်သူ ဖာရိဒ်ဇကားရီး ယားကမူ “ဒီမိုကရေစီဆိုတာ မရင့်မှည့်သေးဘဲ ခူးရင် မကောင်းတဲ့သစ်သီးလိုပဲ”ဟု ကောက်ချက် ချခဲ့သည်။ ထိုအယူအဆသည် မြန်မာနိုင်ငံသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ သဘောထားအမြင်၊ အယူအဆနှင့် သဘောချင်း ထပ်တူမျှ တူညီသည်ဟု ဆိုရမည်။
ဦးသန့်က “တိုင်းပြည်သူ အုပ်ချုပ်ရေးစနစ်များ အနက် ဒီမိုကရေစီသည် အခက်အခဲဆုံးဖြစ်လေ သည်။ ဒီမိုကရေစီစနစ် အောင်မြင်ရန် ပြည်သူ ပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံ တရား လုံလောက်အောင် ရှိကြရမည်။ အသိဉာဏ် ပညာကင်းမဲ့သော နိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်”ဟု ဆိုခဲ့ပါ သည်။
ဇကားရီးယားက သူ့အမြင်အယူအဆနှင့် ပတ်သက်၍ ယူဂိုဆလားဗီးယားတွင် မဲဆန္ဒရှင် တွေက မီလိုဆီဗစ်ကို ရွေးကောက်တင်မြှောက်ခဲ့မှု၊ ဟစ်တလာကို ဂျာမန်ပြည်သူများက တစ်ခဲနက် ထောက်ခံခဲ့မှုများကို ထောက်ပြခဲ့သည်။ တစ်ဆက် တည်းမှာပင် “အီရတ်မှာ ဒီမိုကရေစီဖော်ဆောင်ရေး ကို အလျင်စလိုလုပ်ဖို့ မရင့်မှည့်သေးကြောင်း၊ နောက်ဆုံးမှာ ကြောက်မက်ဖွယ် အန္တရာယ်ဖြစ်နိုင် ကြောင်း” သတိပေးရေးသားခဲ့ပြီး “ဒီမိုကရေစီကို ဓားမိုးပြီး တိုးချဲ့ခြင်းဟာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ ပင်မလက္ခဏာ ဖြစ်လာနေပြီ”ဟုလည်း ၂၀၀၃ ခုနှစ်က ဝေဖန် ရေးသားခဲ့သည်။
ထို့အပြင် ဇကားရီးယားက “အီရတ်မှာ ဒီမို ကရေစီမတိုင်ခင် လစ်ဘရယ်လဇ္ဇင်း (Liberalism)ကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ လစ်ဘရယ် လဇ္ဇင်းဟူသော ယဉ်ကျေးရည်မွန်သည့် လူ့အဖွဲ့ အစည်း (Civil Society)ကို ဖန်တီးခြင်း၊ လူနည်းစုနှင့် ပုဂ္ဂလိကတစ်ဦးချင်း၏ အခွင့်အရေးများကို အာမခံ ချက်ပေးပြီး ပုဂ္ဂလိကပိုင်ဆိုင်မှုကို အကာအကွယ် ပေးသည့်တရားရေးစနစ်ကို ဖော်ထုတ်ပေးရမည်ဖြစ် ကြောင်း အကြံပြုခဲ့ပြန်ပါသည်။ တစ်ဖန် ဇကား ရီးယားက အမေရိကန်ပြည်ထောင်စုသည်ပင် လစ် ဘရယ်မကျသည့် ဒီမိုကရေစီဖြစ်သွားနိုင်သည်ဟု သတိပေးခဲ့သည်။
အမေရိကန်၏ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲများ
ဇကားရီးယား၏ ဖော်ပြပါသတိပေးချက်သည် သွေးထွက်အောင်ပင် မှန်ခဲ့သည်ဟု ဆိုရပေ မည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲသမိုင်း တစ်လျှောက်တွင် လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲတို့သည် သမိုင်းတွင်အောင် အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲများ ဖြစ်ခဲ့လေ သည်။
၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ၌ ရီပတ် ဘလစ်ကင်ပါတီ သမ္မတလောင်း ဂျော့ဂျ်ဘုရှ်နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအယ်လ်ဂိုးတို့၏ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုကြောင့် အမေရိ ကန်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တရားရုံး ချုပ် အဆုံးအဖြတ်ဖြင့် သမ္မတရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်ခဲ့ရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ကမူ ဒီမိုကရေစီစနစ်ကို အလွန်အမင်း အမွှမ်းတင် ကာ ပြည်ပနိုင်ငံများသို့ ထုတ်ကုန်တစ်ခုသဖွယ် ဖြန့်ချိနေသော၊ ဒီမိုကရေစီကို ဓားမိုးပြီး တိုးချဲ့နေ သော အမေရိကန်နိုင်ငံအဖို့ သမိုင်းတွင် အရှက်ရစရာ အရုပ်ဆိုးအကျည်းတန်ဖြစ်စေခဲ့သည်။ ထိုစဉ်က သမ္မတထရန့်နှင့် ပြိုင်ဘက်သမ္မတလောင်း ဂျိုး ဘိုင်ဒင်(လက်ရှိသမ္မတ) တို့၏ ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုတို့ကြောင့် ထရန့်ကို ထောက်ခံဆန္ဒပြ သူများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်လွှတ်တော် အဆောက်အအုံခန်းမကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ ထရန့်ကို ထောက်ခံသူ ထောင်ပေါင်းများစွာသည် ရဲများကို တက်နင်း၍ လွှတ်တော်ခန်းမအတွင်း ကျူးကျော်စီးနင်း ဝင်ရောက်ခဲ့ကြရာ လွှတ်တော်အမတ်များ အသက်လု ပြေးခဲ့ကြရသည်။
ကွန်ဂရက်အစည်းအဝေးကျင်းပရာ Capitol အဆောက်အအုံကို ထရန့်ထောက်ခံသူများ ဝင်ရောက်စီးနင်းခဲ့မှု တစ်နှစ်ပြည့်မြောက်သည့် ၂၀၂၂ ဇန်နဝါရီ ၆ ရက်တွင် သမ္မတ ဂျိုးဘိုင်ဒင်က “Capitol အဆောက်အအုံကို စီးနင်းခဲ့သဖြင့် အမေရိကန်ဒီမိုကရေစီစနစ် ပြိုကွဲလုဆဲအနေအထား ဖြစ်ခဲ့ကြောင်း” ဝေဖန်ခဲ့သည်။ တစ်ဆက်တည်း မှာပင် “ကျွန်တော်ကတော့ ဒီမိုကရေစီလည်ပင်းကို ဘယ်သူကိုမှ ဓားနဲ့ထိုးဖို့ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ နိုင်ငံရေးအကြမ်းဖက်မှုကို စံနှုန်း အဖြစ် လက်ခံတဲ့ နိုင်ငံဖြစ်လာတော့မှာလား”ဟု ဘိုင်ဒင်က မေးခွန်းထုတ်ခဲ့သည်။
၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ
တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံတွင်လည်း ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် အာဏာရပါတီ NLD အစိုးရ၏အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲရလဒ်များကြောင့် တပ်မတော်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ တော်၏အာဏာကို ခေတ္တထိန်းသိမ်းတာဝန်ယူခဲ့ရ သည်။
တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရဖွဲ့စည်း၍ “အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်း များနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်”ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ထည့်သွင်းဖော်ပြ၍ ကြေညာခဲ့သည်။
သို့ရာတွင် ပြည်တွင်းပြည်ပ သွေးထိုးလှုံ့ဆော် မှုများကြောင့် မသိနားမလည်သူ အချို့နှင့် လူငယ် လူရွယ်အချို့တို့သည် ယခင်က လက်ဝဲအိုင်ဒီယိုလော်ဂျီတစ်ခုဖြစ်သည့် “ရန် ၊ ငါ” စည်းခြား၍ တည်ဆဲအစိုးရအပေါ် နွေဦးတော်လှန်ရေးဟုဆိုကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ကိုင်စွဲ၍ ဒီမိုကရေစီရှာပုံတော် ဖွင့်ခဲ့ကြပြန်ပါသည်။
တကယ်တော့ ဒီမိုကရေစီစနစ်ဆိုသည်မှာ ၁၉၈၈ အရေးအခင်းကာလက သမ္မတ ဒေါက်တာ မောင်မောင်ကို ကလေးလူငယ်များက လူကြီးများ သင်ပေးထားသည့်အတိုင်း “မောင်မောင်၊ ငါတို့ကိုဒီမိုကရေစီချက်ချင်းပေး”ဟူ၍ အင်္ကျီအိတ်ကပ်ထဲက မုန့်ဖိုးတောင်းသလို တောင်းယူရမည့် အရာဝတ္ထု တစ်ခုမဟုတ်ပါ။ ထို့အတူ ၁၉၈၈ အရေးအခင်းကာလ နှင့် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရခေတ်တို့တွင် လက်နက်ကိုင် တိုက်ယူ၍ ရသည့်အရာလည်း မဟုတ်ပါ။ ဆူပူ အကြမ်းဖက်သတ်ဖြတ်ယူ၍လည်း မရစကောင်းပါ။ ပြည်သူတစ်ရပ်လုံးစုစုစည်းစည်း၊ ညီညီညွတ်ညွတ် ဖြင့် အကောင်အထည်ဖော် တည်ဆောက်ရမည့်စနစ် တစ်ခုသာ ဖြစ်ပေသည်။
တိုက်ရိုက်ပုံတူ ကူးချခြင်း
ထိုသို့ ဒီမိုကရေစီတစ်ရပ်ကို အကောင်အထည် ဖော် တည်ဆောက်ရာတွင် အတိတ်သမိုင်း သင်ခန်း စာများအရ ပြည်ပနိုင်ငံကြီးများ၏ ဒီမိုကရေစီကို တိုက်ရိုက်ပုံတူ ကူးချခြင်းများထက် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ သမိုင်းအစဉ်အလာ စံနှုန်းများ ဖြစ်သော အမျိုးဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အံဝင်ခွင်ကျ၊ လိုက်လျော ညီထွေ ကိုက်ညီမှုရှိသည့် မြန်မာ့ဒီမိုကရေစီစနစ် နှင့် မြန်မာ့ဒီမိုကရေစီယဉ်ကျေးမှု လူ့ဘောင်ကို ထည့်သွင်းစဉ်းစားသင့်ပေသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးဗိသုကာ တိန့်ရှောင်ဖိန်က ၁၉၈၂ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သော တရုတ်ပြည် ကွန်မြူနစ်ပါတီ(၁၂) ကြိမ်မြောက် ပြည်လုံးဆိုင်ရာကွန်ဂရက်ဖွင့်ပွဲအခမ်းအနားတွင် “ကျွန်တော်တို့ရဲ့ ခေတ်မီတည်ဆောက်ရေးဟာ တရုတ်ပြည်ရဲ့ တကယ့်လက်တွေ့က အစချီရမယ်။ တော်လှန်ရေးပဲ ဖြစ်ဖြစ် ၊ တည်ဆောက်ရေးပဲဖြစ်ဖြစ် တိုင်းတစ်ပါးရဲ့ အတွေ့အကြုံကို လေ့လာရာနဲ့ မှီငြမ်းကိုးကားရာ မှာ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့် တခြားနိုင်ငံ ရဲ့ အတွေ့အကြုံဖြစ်ဖြစ်၊ ပုံစံကိုဖြစ်ဖြစ်၊ ပုံတူကူးချ တာဖြစ်ဖြစ် အတုံးလိုက်၊ အတစ်လိုက် ပုံတူကူးချ ခြင်းဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီဘက်မှာ မနည်းလှတဲ့ သင်ခန်းစာတွေ ကျွန်တော် တို့မှာ ရှိခဲ့ပြီးပါပြီ”ဟု ပြောကြားခဲ့သည်။
တိန့်ရှောင်ဖိန်၏ အိုင်ဒီယိုလော်ဂျီအတိုင်း တရုတ်ပြည်သည် ပြုပြင်ပြောင်းလဲရေးနည်းနာများ ကို ဖော်ဆောင်ရာတွင် စီးပွားနယ်ပယ်မှ ဦးစွာ စတင်ခဲ့သည်။ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက် မှုကို တစ်စတစ်စ တွန်းတင်ပေးနိုင်သည်နှင့်အမျှ နောက်ထပ် တစ်လှမ်းပြီးတစ်လှမ်း နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးအရေးကိစ္စ ဆွေးနွေးရေးအစီ အစဉ်ကို မျှော်မှန်းခဲ့သည်။
တစ်ချိန်က အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် ဆိုဗီယက်ပြည်ထောင်စုကမူ တရုတ်ပြည်နှင့် ပြောင်းပြန်၊ ပြုပြင်ပြောင်းလဲမှုကို စတင်ခဲ့သည်။ ၁၉၈၅ ခုနှစ် ဂေါ်ဗာချော့ဗ် အာဏာရလာပြီးနောက် တွင် အတွေးအခေါ်သစ်ပွင့်လင်းမှု၊ မတူကွဲပြားမှု စသည့် ကြွေးကြော်သံများဖြင့် ဘာမျှပြည့်ပြည့်စုံစုံ ပြင်ဆင်ထားမှုမရှိသည့် အခြေအနေအောက်တွင် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေးကို အလျင်စလို ကမန်းကတန်း ဆောင်ရွက်ခဲ့သည်။
နောက်ဆက်တွဲရလဒ်အဖြစ် ၁၉၉၀ ပြည့်နှစ် ဆောင်းကူးရာသီရောက်ချိန်တွင် ကုန်စုံဆိုင်များ ၌ ကုန်ပစ္စည်းမရှိ ရှားပါးပြတ်လပ်မှုများဖြင့်ပင် ကြုံတွေ့ခဲ့ရပြီး လူထုအုံကြွမှုများ ပေါ်ပေါက်လာကာ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့အကြီးဆုံး ဆိုရှယ်လစ်နိုင်ငံတော်ဖြစ်ခဲ့သည့် ဆိုဗီယက် ပြည်ထောင်စုနိုင်ငံတော်ကြီး ဖရိုဖရဲပြိုကွဲသွားခဲ့ရ သည်။
ဆိုဗီယက်ပြည်ထောင်စုကြီး ထိုသို့ပြိုကွဲပျက်စီး သွားခဲ့ရခြင်းနှင့်ပတ်သက်၍ တရုတ် ကွန်မြူနစ် ပါတီက “ဆိုဗီယက်နှင့် အရှေ့ဥရောပနိုင်ငံတွေ ဟာ ဒုံးပျံနည်းနေတာ မဟုတ်ပါဘူး။ ပေါင်မုန့်နဲ့ ထောပတ် မလုံမလောက်ဖြစ်နေတာပါ”ဟု သုံးသပ် ခဲ့လေသည်။
တိန့်ရှောင်ဖိန်ကမူ “ကမ္ဘာပေါ်က နိုင်ငံတချို့ ပြဿနာပေါ်တယ်ဆိုတာ အရင်းခံအားဖြင့် စီးပွား ရေးတိုးတက်မှု မရှိတာကြောင့် စားစရာမရှိ၊ ဝတ်စရာမရှိ၊ လုပ်ခတိုးပေမယ့် ကုန်ဈေးနှုန်းက တက်နေတော့ ဒုံရင်းဒုံရင်းဖြစ်နေခြင်း၊ နေထိုင် စားသောက်မှုအဆင့်အတန်း နိမ့်ကျသွားခြင်း၊ ဘဝ ကို ရေရှည်ကျပ်ကျပ်တည်းတည်း ဖြတ်ကျော်နေထိုင် ရခြင်းတို့ကြောင့်ပါပဲ”ဟု ဆိုသည်။
ဘယ်ဒီမိုကရေစီပန်းကို ဆွတ်ခူးရယူကြမလဲ
ဤသို့ဆိုလျှင် ဒီမိုကရေစီစနစ်သည် ခြောက်ပစ် ကင်း သဲလဲစင်သည့် စနစ်တစ်ခုတော့ မဟုတ်။ ကျွန်တော်တို့ငယ်ငယ်က ထင်မှတ်ခဲ့သလို ဒီမို ကရေစီရရင်ပဲ ပဒေသာပင် ကြီး မြေကထပေါက်သကဲ့ သို့ နေချင်သလိုနေ၊ စားချင်သလိုစား၊ ဘာမျှ မလုပ် ရဘဲ ချမ်းသာကြွယ်ဝသွားသည့် စနစ်ကြီးတစ်ခု လည်း မဟုတ်။ ဒီမိုကရေစီစနစ်သည် အားသာ ချက်များရှိသလို အားနည်းချက်များကလည်း ဗရပွ ပင်။ သို့တစေ ဒီမိုကရေစီစနစ်ကို ကျွန်တော်အပါ အဝင် မြန်မာပြည်သူအများစုသည် နှစ်သက် သဘောကျပါသည်။
သို့ဆိုလျှင် လစ်ဘရယ်ဒီမိုကရေစီ၊ ကိုယ်စားပြု ဒီမိုကရေစီ၊ ပူးပေါင်းပါဝင်လုပ်ဆောင်မှု ဒီမိုကရေစီ၊ တိုက်ရိုက်ဒီမိုကရေစီ စသဖြင့် အရောင်အသွေးစုံလင် လှသည့် ဒီမိုကရေစီ ပန်းဥယျာဉ်ကြီးအတွင်းက ဘယ်ဒီမိုကရေစီပန်းကို ဆွတ်ခူးရယူကြမလဲဆိုသည် က စဉ်းစားစရာတစ်ခုဖြစ်သည်။ ကျွန်တော်ကမူ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဘာသာသာသနာယဉ်ကျေး မှုဓလေ့ထုံးစံများ၊ ဂုဏ်ယူဖွယ်သမိုင်းကြောင်း အစဉ် အလာများနှင့် ဖီလာဆန့်ကျင်သွေဖည်မှုမရှိဘဲ လိုက်လျောညီထွေစွာ လိုက်နာကျင့်သုံး၍ရနိုင်မည့် ဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီကျင့်စဉ်ကို ပို၍ အလေးထားမျှော်မှန်းမိပါ၏။ ။
ကိုးကား
(၁) ဒေါက်တာမောင်မောင်၏ “မြန်မာနိုင်ငံ၏ ၁၉၈၈ ခုနှစ်အရေးအခင်း”၊
(၂) ရဲဘော်မိုးဦး၏ “တရုတ်ပြည်ကွန်မြူနစ်ပါတီ ဘာကြောင့်စွမ်းဆောင်နိုင်ခဲ့တာလဲ(သမိုင်းကို ခြေရာကောက်ကြည့်ခြင်း)”၊
(၃) မောင်ဝံသ၏ “နိုင်ငံတကာအတွေး နိုင်ငံတကာ အမြင်”။
- Log in to post comments