
နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထား သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေ အနေအရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။
ကြိုတင်သတိပေးခြင်းဖြစ်
ဦးစွာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အကျိုးအကြောင်းဖော်ပြလျက် အရေးပေါ်အခြေ အနေ ကြေညာထားသည့် ကာလအား သက်တမ်း တိုးမြှင့်ပေးပါရန် ကိစ္စနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ထိုသို့ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၁ နှစ်ပြည့် တာဝန်ထမ်းဆောင်ခဲ့မှု အခြေ အနေ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်က နိုင်ငံတော်တာဝန်ရယူ ထိန်းသိမ်းခဲ့ရ သည့် အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်၍ “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး” အတွက် ရွေးကောက်ပွဲ မကျင်းပမီနှင့် ကျင်းပအပြီး နိုင်ငံတော် အဆင့်အခမ်းအနားများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်း၊ သံတမန်များ၊ နိုင်ငံတကာကိုယ်စားလှယ် များနှင့် တွေ့ဆုံခြင်း၊ သတင်းမီဒီယာများနှင့်တွေ့ဆုံ ခြင်း၊ တပ်မိသားစုများနှင့် တွေ့ဆုံခြင်းစသည့် အခမ်း အနား ၂၄ ကြိမ်၌ ထုတ်ဖော်ပြောကြားခဲ့ပြီး တရားဝင် သတင်းထုတ်ပြန်ခဲ့ပါကြောင်း၊ အခြေခံဥပဒေ ပုဒ်မ ၆ (စ) အမျိုးသား နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၊ ပုဒ်မ ၂၀(င) ဒို့တာဝန် အရေးသုံးပါးကာကွယ်ရန်၊ ပုဒ်မ ၂၀(စ) အခြေခံဥပဒေကာကွယ်ရန်မူများအရ ပြောသင့်သည်များကို ကြိုတင်သတိပေးခြင်းဖြစ်ပါ ကြောင်း။
နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲ မဲပေးခဲ့ကြရာ၌ တပ်မတော်က စိစစ်တွေ့ရှိရသော မဲမသမာမှု ၁၀၄၈၂၁၁၆ (၁၀ သန်း ကျော်၊ မဲပေးသူ ဦးရေ၏ ၄ ပုံ ၁ ပုံခန့်) ရှိကြောင်း၊ မဲမသမာမှုများသည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်သဖြင့် တပ်မတော် နှင့် နိုင်ငံရေးပါတီများက UEC အဆင့်၊ ၎င်းမှ ပြည်ထောင်စု လွှတ်တော်အဆင့်၊ ၎င်းမှ အစိုးရအဆင့် ဖြေရှင်းပေးရန် ဥပဒေနှင့်အညီ တောင်းဆိုခဲ့ပါ ကြောင်း၊ တပ်မတော်က အရာရှိကြီး ၂ ဦးအား စေလွှတ်၍ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တွေ့ဆုံပြီး “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူဆောင်ရွက် ဖြေရှင်းရန် ၂ ကြိမ်တိုင် တင်ပြပြောဆိုခဲ့ပါကြောင်း၊ နောက်ဆုံးအစိုးရနှင့် NLD ပါတီမှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များထံ ကိုယ်စားလှယ်များ အပြန်အလှန် စေလွှတ်၍ တွေ့ဆုံညှိနှိုင်းအဖြေရှာရေး ဖြစ်နိုင်သမျှ နည်းလမ်းစုံဆောင်ရွက်ခဲ့သော်လည်း ငြင်းပယ်ခြင်း ခံရပါကြောင်း၊ မဲမသမာမှုများကို ရင်ဆိုင်မဖြေရှင်းရဲ ဘဲ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်အားခေါ်ယူရန် မတရား ကြိုးပမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မ နည်းဖြင့်ရယူရန် ဆောင်ရွက်နေခြင်းမှာ နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှု၌ကြီးမားသော အခက် အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်သဖြင့် ပုဒ်မ ၄၁၇၊ ၄၁၈ နှင့် ၄၁၉ တို့အရ နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ရပါကြောင်း။
အရေးကြီးသော ရွေးကောက်ပွဲဖြစ်
မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကို ၅ နှစ်တစ်ကြိမ် ပြုလုပ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များအား တစ်ပြိုင်တည်း ရွေးချယ်သည့် အထွေထွေ ရွေးကောက်ပွဲဖြစ်ပါကြောင်း၊ ၎င်းလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စုလွှတ်တော် ကျင်းပပြီး နိုင်ငံတော်ဒုတိယသမ္မတများ၊ ၎င်းတို့ထဲမှ နိုင်ငံတော်သမ္မတအား ရွေးချယ်ရပါကြောင်း၊ သမ္မတကအစိုးရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပါကြောင်း၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကိုခန့်အပ် ခြင်း၊ အတည်ပြုခြင်းများပြုလုပ်ပါကြောင်း၊ ဥပဒေ ပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင် စသည့်မဏ္ဍိုင်ကြီး ၃ ရပ်၏ အကြီးအကဲများ၊ ပါဝင်ကြသူများသည် ရွေးကောက်ပွဲမှတစ်ဆင့် တိုက်ရိုက်/သွယ်ဝိုက် ရွေးချယ်/တာဝန်ပေးခံရသူများ ဖြစ်သည့်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီစနစ်၊ နိုင်ငံရေး စနစ်၏ အုတ်မြစ်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် အရေးကြီးသော ရွေးကောက်ပွဲဖြစ်ပါ ကြောင်း။
နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းပြီးနောက် လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်၍ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်တည်ဆောက်မှု လုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်၊ စည်ပင်ရိပ်သာတွင်ရှိနေသည့် စောင့်ကြည့်ခံ လွှတ်တော်အမတ်များကို လက်ရှိနိုင်ငံ့ ဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေရန် ရှင်းလင်းပြောပြပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်မှ ၄ ရက်အထိ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ပါကြောင်း၊ ဒီမိုကရေစီ အနှစ်သာရ မထိခိုက်စေရန် ဖေဖော်ဝါရီ ၂ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား တပ်မတော်သားများ၊ တိုင်းရင်းသားခေါင်းဆောင်များ နှင့် သင့်တော်သည့် ပါတီခေါင်းဆောင်များဖြင့် မျှတစွာဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်မှသည် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းရာတွင်လည်း အရပ်ဘက် ပုဂ္ဂိုလ် များကိုသာ ဦးစီးလုပ်ဆောင်စေခဲ့ပါကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်း ရေးအတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟို ကော်မတီ၊ လုပ်ငန်း ကော်မတီ၊ ညှိနှိုင်းရေးကော်မတီ ကော်မတီ ၃ ရပ် ဖွဲ့စည်းခဲ့ပြီး မတ် ၃ ရက်တွင် မူဝါဒ(၅)ခု ချမှတ်ခဲ့ပါ ကြောင်း၊ ညှိနှိုင်းရေးကော်မတီသည် ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြုသေးသည့် EAO များ နှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၇ ကြိမ်၊ ဘာသာ ရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့များနှင့် ၂ ကြိမ်၊ စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပါ ကြောင်း။
ဒေသ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီး နှစ်နိုင်ငံသဘောတူ ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသခရီးစဉ် ၁၇ ခု သွားရောက်၍ ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအကြံပြု မှာကြားခဲ့ပြီး လိုအပ်ချက်များဖြည့်ဆည်း ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါကြောင်း၊ ရေရှည်အနာဂတ်အတွက် အစီအမံများ လမ်းညွှန်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အတူ လက်တွဲ လုပ်ဆောင်နေသည့် တိုင်းရင်းသားကောင်စီအဖွဲ့ဝင် များကလည်း ဒေသအကျိုး ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဒေသအလိုက် ခရီးစဉ် ၂၉ ခု သွားရောက် ၍ ဒေသ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဦးစားပေး လုပ်ဆောင်မည့်အချက် များနှင့်ပတ်သက်၍ ပြောကြားရာတွင် “မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ (least Development country) ဖြစ်ပါတယ်၊ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ခန့်ဟာ ကျေးလက်နေသူများဖြစ်ပြီး ၃၀ ဒသမ ၄ ရာခိုင်နှုန်းခန့်ဟာ ဆင်းရဲသူများဖြစ်တဲ့အတွက် နိုင်ငံရဲ့ဖြေရှင်းရန်ရှိသည်များ ဖြေရှင်းဆောင်ရွက်ရေး၊ နိုင်ငံ့စီးပွားတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန် မပြတ်လုပ်ဆောင်ရန်လိုပါတယ်၊ တုံ့ဆိုင်းနေပါက မိမိတို့နိုင်ငံသာ အခြားနိုင်ငံများရဲ့နောက်မှာ ကျန်ရစ် ခဲ့မှာဖြစ်ပါတယ်၊ ဒါကြောင့် အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ် ၂ ခု တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ နိုင်ငံရေးလုပ်ငန်းစဉ် ၂ ခု၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးလုပ်ငန်းစဉ်၊ ၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ် ပါတယ်၊ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပိုမို ခိုင်မာစေဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီး အပွင့်များနဲ့ ပြည့်စုံဖို့အရေးကြီးပါတယ်၊ ဒါကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရ ပါမယ်၊ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူအဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ ကျွန်တော်ပြောကြားခဲ့ပါတယ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့ ငြိမ်းချမ်းရေး အတွက် အစဉ်အမြဲအသင့်ရှိနေကြောင်း ပြသခြင်း လည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ဥပဒေနှင့် အညီတောင်းဆိုမှုကို ငြင်းပယ်ခဲ့
လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်ကနိုင်ငံတော်တာဝန်ရယူ မထိန်းသိမ်း မီအခြေအနေနှင့် ပတ်သက်ပြီး မဲမသမာမှုများ၊ UEC ၏ ဖြေရှင်းမပေးမှုများကြောင့် UEC အား ကန့်ကွက် ဆန္ဒပြမှုများ၊ ပါတီများက ဖြေရှင်းပေးရန်တောင်းဆိုမှု များကြောင့် နိုင်ငံရေးအရ တည်ငြိမ်မှုမရှိသည့် အခြေအနေဖြစ်ကြောင်း၊ အခြေခံဥပဒေနှင့်အညီ မဲမသမာမှုများကို ဖြေရှင်းနိုင်ရေးနှင့် ဒုတိယအကြိမ် လွှတ်တော်၌ မပြီးပြတ်သေးသည့် ကိစ္စရပ်များ ဆွေးနွေးနိုင်ရေး ထိုစဉ်ကလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက အခြေခံဥပဒေပုဒ်မ ၈၄ အရ ဥပဒေနှင့် အညီတောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် ဥပဒေပြုရေး မဏ္ဍိုင်ယိမ်းယိုင်၍ အငြင်းပွားမှုများမှတစ်ဆင့် တည်ငြိမ်မှုပျက်ပြားနေပါကြောင်း၊ ယေဘုယျ အားဖြင့် EAO နယ်မြေများတွင် ထိတွေ့မှုများ ပုံမှန် ရှိခဲ့သော်လည်း ရခိုင်ပြည်နယ်၌ AA လက်နက်ကိုင် အဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများ ပိုမိုပြင်းထန် ခဲ့ပါကြောင်း။
တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်း ပြီးနောက် အခြေအနေနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်မှုမှသည် လက်နက်ကိုင် သောင်းကျန်းမှုအသွင်ထိ ပြောင်းလဲလာခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့်မရှိသူများက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)အမည်ဖြင့် တရားမဝင်ကော်မတီတစ်ခုဖွဲ့စည်းခဲ့ပြီး လူစုလူဝေးဖြင့် ဆန္ဒပြမှု(Riot)အသွင် ဆူပူအကြမ်းဖက်ဆန္ဒပြမှု(Anarchy Mob)ကို ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အနိမ့်ဆုံးအဆင့် အနည်းဆုံးအင်အားဖြင့် ဆောင်ရွက် ခဲ့ရပါကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ရရာလက်နက်ဖြင့် အသက်အန္တရာယ်ရှိအောင် အကြမ်းဖက်တိုက်ခိုက် သည့် (Insurrection)လုပ်ရပ်များ ဆောင်ရွက်လာ ကြောင်း၊ မတ် ၂၇ ရက်အား CRPH အမည်ခံ အကြမ်းဖက်အဖွဲ့က ပြည်သူ့တော်လှန်ရေးနေ့ဟု အမည်တပ်ကာတစ်နိုင်ငံလုံးအကြမ်းဖက်တိုက်ခိုက် မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်လာပါကြောင်း၊ ပြည်သူ ပိုင်အဆောက်အဦများ၊ စက်ရုံ/ အလုပ်ရုံများ၊
အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ဆေးရုံများ၊ ကျောင်းများ၊ မော်တော် ယာဉ်လိုင်းများကိုပါ တိုက်ခိုက်လာခဲ့ပြီး အလုံးစုံ ပျက်သုဉ်းရေးအတွက် အကြမ်းဖက်တိုက်ခိုက်ခြင်း (Terrorism) ပြုလုပ်လာသဖြင့် ၂၀၂၁ ခုနှစ်၊ မတ် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၆ မြို့နယ်၌ စစ်အုပ်ချုပ်ရေး(Martial Law)ထုတ်ပြန်ခဲ့ ရပါကြောင်း၊ ဥပဒေနှင့်မညီသော CRPH အကြမ်းဖက် အဖွဲ့က NUG အမည်ခံ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို အားပေးထောက်ပံ့ ခြင်း၊ ဦးဆောင်မှုပြုခြင်းများ ဆောင်ရွက်လာပါ ကြောင်း။
အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့
လူငယ်များအား NLD ပါတီအစွန်းရောက်များနှင့် ၎င်းပါတီကို ထောက်ခံ အားပေးအစွန်းရောက်သူများ ကအသုံးချပြီး EAO နယ်မြေများဖြစ်သည့် KNU ၊ KIA ၊ KNPP စသည့်နယ်မြေတို့တွင် စစ်သင်တန်းများ တက်ရောက်စေခဲ့သည့်အပြင် CDM ပြုလုပ်ခဲ့သည့် အဖွဲ့များကို အကြမ်းဖက်လုပ်ရပ်များတွင် လုပ်ဆောင်တတ်စေရန် သင်တန်းပေးခြင်းနှင့် လက်နက်/ ခဲယမ်းများ ထောက်ပံ့ခြင်းတို့အပြင် အကြမ်းဖက်လုပ်ရပ်များတွင်ပါ ပူးပေါင်းဆောင်ရွက် ခဲ့ကြပါကြောင်း၊ အဆိုပါလုပ်ရပ်များကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ ပေါ်ပေါက် လာခဲ့ပါကြောင်း၊ CRPH ၊ NUG ၊ PDF အမည်ခံအကြမ်း ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်တွင် အကြမ်းဖက် လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ကြေညာခဲ့ရာ ချင်းပြည်နယ် ထန်တလန်နှင့် မင်းတပ်မြို့၊ မကွေး တိုင်းဒေသကြီး ကင်းမကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ တန့်ဆည်မြို့နယ်၊ ရွာသာယာကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး နေရာအချို့၊ ကယား ပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးဗြဲ စသည့်ဖြစ်စဉ်တို့တွင် စစ်ရာဇဝတ် မှု(War Crime) ကျူးလွန်သည်အထိ အကြမ်းဖက် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။
ထို့ကြောင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ်၊ မေ ၁၃ ရက်တွင် စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်၍ အကြမ်းဖက်မှုများကို ဖြေရှင်းဆောင်ရွက်ခဲ့ရပါကြောင်း၊ အကြမ်းဖက် သမားတို့၏ လုပ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက် အထိ တစ်နိုင်ငံလုံး အနေနှင့် ပျက်စီးဆုံးရှုံးမှု စက်ရုံ/အလုပ်ရုံ ၂၅ ခု၊ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ၃၄၁ ခု၊ ဌာနဆိုင်ရာရုံးများ ၇၀၂ ခု၊ နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ် များဖျက်ဆီးခံရမှု ၇၄ ခု၊ လမ်း/တံတားများ ဖျက်ဆီး ခံရမှု ၅၂၄ ခု၊ ဈေးများ ဖျက်ဆီးခံရမှု ၁၇ ခု၊ ဆေးရုံ/ ဆေးခန်းများဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေး အဆောက်အဦ များ ပျက်စီးမှု ၅၀၄ ခု၊ တယ်လီဖုန်း တာဝါတိုင်များ ပျက်စီးမှု ၄၆၅ ခု၊ လူနေအိမ်များ ပျက်စီးမှု ၄၁၇ လုံး တို့ ဖျက်ဆီးခံခဲ့ရမှုရှိခဲ့ပါကြောင်း၊ သေဆုံး/ဒဏ်ရာရမှုများအနေဖြင့် ရဟန်း/ သံဃာ အပါး၂၀ ၊ အစိုးရဝန်ထမ်း ၉၅ ဦးနှင့် ဒဏ်ရာရရှိမှု ၁၅၃ ဦး၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများသေဆုံးမှု ၃၆၇ ဦးနှင့် ဒဏ်ရာရရှိမှု ၃၃၆ ဦးထိ ရှိခဲ့ပါကြောင်း၊ တစ်နှစ်တာကာလပတ်လုံး အကြမ်းဖက်မှု ၉၄၃၇ ကြိမ်ဖြစ်ပေါ်ခဲ့၍ လက်နက်မျိုးစုံ ၅၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၅၆ တောင့်၊ လက်ပစ်ဗုံး အလုံး ၁၈၉၀ နှင့် လက်လုပ်မိုင်း/ဗုံး ၁၁၄၂၄ လုံး သိမ်းဆည်း ရမိခဲ့ပြီး အကြမ်းဖက်သူ ၄၃၃၈ ဦးအား ဖမ်းဆီးရမိခဲ့ပါ ကြောင်း။
ဈေးကွက်တွင် ဝယ်လိုအားကျဆင်း
စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်က နိုင်ငံတော်တာဝန်ရယူ ထိန်းသိမ်း ပြီးနောက် အခြေအနေများ၊ နိုင်ငံတကာ၏ ဝိုင်းဝန်း ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ပြည်တွင်းစီးပွားရေး အခြေအနေနှင့် ပြည်ပသွေးထိုးလှုံ့ဆော်မှုများအရ ဘဏ်လုပ်ငန်းများကို ယုံကြည်မှုကျဆင်းပြီး ပုံမှန် မလည်ပတ်နိုင်သည့်အတွက် ဘဏ်လုပ်ငန်းတွင် ငွေသားလည်ပတ်စီးဆင်းမှုခက်ခဲခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကျဆင်းစေရေး အတွက် သက်ဆိုင်ရာ နိုင်ငံခြားအဆက်အသွယ်များ ကို တိုက်ရိုက်/ သွယ်ဝိုက် ဖိအားပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးနှင့် သွင်းကုန် (လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်း မြင့်တက်ခြင်း၊ ဈေးကွက်တွင် ဝယ်လိုအားကျဆင်း ခြင်းများ ဖြစ်ခဲ့ပါကြောင်း။
USD (၅၀၈ ဒသမ ၈)သန်းအား ရောင်းချ
ဘဏ်ကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် နိုင်ငံတော်တာဝန် ထိန်းသိမ်းပြီး နောက်ပိုင်း ပုဂ္ဂလိကဘဏ်ကဏ္ဍ၌လည်း CDM ဆောင်ရွက်မှု များ၊ Online ငွေပေးချေမှုနှင့် ဘဏ်စနစ်များအား တွင်ကျယ်စွာအသုံးပြုနေကြသော်လည်း ပြည်ပနိုင်ငံ များ၏ ဘဏ်များဆီမှ ငွေများအစုလိုက်၊ အပြုံလိုက် ပြန်လည်ထုတ်ယူရေး၊ ဘဏ်စနစ်နှင့် လုပ်ငန်းများ ပြိုပျက်စေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည် မငြိမ်ဖြစ်စေရေးတို့အတွက် သွေးထိုးလှုံ့ဆော်ခဲ့ကြပါကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး အတွက် ဈေးကွက်အတွင်းလိုအပ်သည့် နိုင်ငံခြား ငွေဖြည့်တင်းရန်နှင့် စက်သုံးဆီ၊ စားသုံးဆီ၊ ကိုဗစ် ဆေးဝါး၊ လျှပ်စစ်နှင့် Telecom Sector များအတွက် သွင်းကုန်လုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ လိုအပ်ချက်အတွက် အထူးနိုင်ငံခြားငွေ ဈေးပြိုင် လေလံမှတစ်ဆင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ USD (၅၀၈ ဒသမ ၈)သန်းအား ရောင်းချပေးခဲ့ပါ ကြောင်း။
ပြည်တွင်းဖြစ်ကို အားပေး
ကုန်သွယ်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် ယာယီ စာရင်းများအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ ၏ ပြည်ပကုန်သွယ်မှုစာရင်းအရ ပို့ကုန်ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ သွင်းကုန် ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀ ဒသမ ၀၅ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၆၇၇ သန်းကျော် ရှိခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီ အနေဖြင့် ဒီမိုကရေစီပထမ အစိုးရသက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၊ ပြည်ပ ကြွေးမြီ စုစုပေါင်း ၁၆၂၇၃ကျပ်ဘီလီယံ၊ ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာနှစ်တွင် ပြည်တွင်း၊ ပြည်ပ ကြွေးမြီ ၅၂၄၈၈ ကျပ်ဘီလီယံအထိ များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီများ သည် တစ်နှစ်ထက်တစ်နှစ် တိုးမြင့်လာသည်ကို တွေ့ရှိရပါကြောင်း၊ ရေရှည်တွင် ကြွေးမြီခံနိုင်ရည်ရှိမှု ကို သုံးသပ်တွက်ချက် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သွင်းကုန်များ လျှော့ချနိုင်ရေးနှင့် ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးနိုင်ရန်အတွက် ပြည်တွင်းဖြစ်ကို အားပေးမှု၊ ပြည်တွင်းကုန်ထုတ်လုပ် မှုကို အားပေးမှုများ အထူးလိုအပ်ပါကြောင်း။
ဒေသအနှံ့အပြားတွင် ထုတ်လုပ်
ဥပမာအနေဖြင့် နိုင်ငံတွင်း၌ ဘိလပ်မြေစက်ရုံ များ အလုံအလောက် ရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ဘိလပ်မြေတင်သွင်းမှု ၉၅၆၈၂၅ တန် တင်သွင်းခဲ့ပြီး တန်ဖိုး ဒေါ်လာ ၇၃ ဒသမ ၆၁၀ သန်းရှိကြောင်း တွေ့ရပါကြောင်း၊ သံနှင့်သံမဏိ တင်သွင်းမှုအနေ ဖြင့် စုစုပေါင်း ဒေါ်လာသန်း ၈၅၉ ဒသမ ၄၆ တန်ဖိုး တင်သွင်းခဲ့ပါကြောင်း၊ နိုင်ငံတွင်း၌ ဘိလပ်မြေနှင့် သံမဏိ ထုတ်လုပ်နိုင်သည့် ထုံးကျောက်၊ သံရိုင်း၊ ကျောက်မီးသွေး၊ ဒိုလိုမိုက်စသည့် ကုန်ကြမ်းများ လုံလောက်စွာရှိသော်လည်း သံနှင့် သံမဏိစက်ရုံများ တည်ဆောက်ရန်အားပေးမှု၊ သံနှင့်သံမဏိစက်ရုံများ လည်ပတ်ရန် ကြိုးစားအားထုတ်မှု မရှိခဲ့သည့် အတွက် ပြည်ပမှ မှာယူတင်သွင်းခဲ့ရပါကြောင်း၊ ပြည်တွင်း၌လည်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရပါ ကြောင်း၊ မိမိတို့နိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ထွက်ခွာ အလုပ်လုပ်ကိုင်ခဲ့ရပါကြောင်း၊ ပြည်ပနိုင်ငံ များတွင် အလုပ်လုပ်ကိုင်နေရသည့် မိမိနိုင်ငံသား များသည် ပြည်ပနိုင်ငံများ၏ ဥပဒေနှင့် စည်းကမ်း များအတိုင်း နေထိုင်ကြရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် ယခင် က ရပ်ဆိုင်းထားသည့် သံနှင့် သံမဏိစက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အနိမ့်ဆုံးအဆင့် အဆောက်အဦ ဆောက်လုပ်ရေးတွင် အသုံးပြုသည့် သံချောင်း၊ သံလုံးများကို ဒေသအနှံ့အပြားတွင် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
စားသောက်မှုပုံစံ ပြောင်းလဲ
၂၀၂၁ ခုနှစ်တွင်စားအုန်းဆီအပါအဝင် ဆီတင် သွင်းမှုမှာ ၈၅၈၆၈၅ ဒသမ ၂၇၁ တန် (တန်ချိန် ၈ ဒသမ ၅ သိန်းကျော်ခန့်) ဒေါ်လာ ၈၆၆ ဒသမ ၇၁၁ သန်း တန်ဖိုးဖြစ်ပါကြောင်း၊ ပြည်တွင်း စားသုံးဆီ ဖူလုံရေး၊ ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ တွင် ခန့်မှန်းလူဦးရေ ၅၅ သန်းခန့်ရှိပါကြောင်း၊ ကျန်းမာရေးအရ လူတစ်ဦး တစ်ရက်တွင် အနည်းဆုံး စားသုံးသင့်သည့်ဆီ ၂ ဒသမ ၂ ကျပ်သားဖြစ်ပြီး တစ်နှစ်တာ စားသုံးသည့် ဆီမှာ ၈ ပိဿာနှင့် တွက်လျှင် တစ်နှစ်တွင် စားသုံးသင့်သည့်စားသုံးဆီ သည် တန်ချိန် ၇ သိန်းကျော် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံ၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်၊ ပန်းနှမ်းနှင့် ဆီအုန်းများမှ ဆီထုတ်လုပ်နိုင်သဖြင့် မိမိတို့ ပြည်သူ၊ ပြည်သားများ သည် လူတစ်ဦးတစ်ရက်တွင် အနည်းဆုံးစားသင့် သည့် စားသုံးဆီထက် ပိုမိုစားသုံးနေကြောင်း တွေ့ရှိရပါကြောင်း၊ စားသုံးဆီအလွန် အကျွံ စားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှုများ၊ ၎င်းမှ နိုင်ငံအဆင့် ကုန်ကျမှုများ များပြားလာမည် ဖြစ်သည့်အပြင် တစ်ဦးချင်း၏ ကျန်းမာရေး၊ နိုင်ငံ အဆင့် အမျိုးသားကျန်းမာရေးကိုပါ ထိခိုက်စေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ တစ်ဦးချင်း ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးကို ရှေးရှု၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီ ပမာဏကိုသာ သုံးစွဲနိုင်ရေး အသိပညာပေးမှုများ၊ စားသောက်မှုပုံစံ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ချက် များကို လုပ်ဆောင်လျက်ရှိပါကြောင်း။
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလို
အလားတူ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ၁ သန်းကျော်နှင့် ဆိုင်ကယ် ၆ သန်း ကျော်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စက်သုံးဆီတင်သွင်းခဲ့မှုသည် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တန်ဖိုးအမေရိကန် ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ပါကြောင်း၊ ထိုသို့ ဖြစ်ရခြင်းသည် မြန်မာနိုင်ငံတွင် အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ် (Public Transportation) အားနည်းခြင်းကြောင့် ကိုယ်ပိုင်ယာဉ်များကို အားထားလာခြင်းဖြစ်ပါကြောင်း၊ အများသုံး သယ်ယူ ပို့ဆောင်ရေးစနစ်ဖြစ်သည့် ရထား၊ ဘတ်စ်ကား၊ သင်္ဘောရေယာဉ်များ၏ ဝန်ဆောင်မှုကိုမြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီသုံးစွဲမှုကို ချွေတာခြင်း ဆောင်ရွက်၍ ၎င်းကိစ္စကို ဖြေရှင်းရမည်ဖြစ်ပါ ကြောင်း၊ အစိုးရအနေဖြင့် အများသုံးသယ်ယူပို့ဆောင် ရေးစနစ်ဖြစ်သည့် ရထားပို့ဆောင်ရေးစနစ်၊ ဘတ်စ်ကားယာဉ်များနှင့် ပို့ဆောင်ရေးစနစ်၊ သင်္ဘောရေယာဉ်များနှင့် ပို့ဆောင်ရေးစနစ်တို့ကို ဝန်ဆောင်မှု မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တိုင်းရင်းသားပြည်သူ လူထုအနေနှင့်လည်း ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို ချင့်ချိန်ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဝိုင်းဝန်း ကူညီကြရန် တိုက်တွန်းလိုပါကြောင်း၊ ဥပမာ-ဆိုင်ကယ် ၆ သန်းသည် တစ်ရက်လျှင် ဆီသုံးစွဲမှု နို့ဆီဘူးတစ်ဝက်ခန့် လျှော့ချလျှင် တစ်ရက် ဂါလန် ၁၂၅၀၀၀ သက်သာမည်ဖြစ်၍ ကားတစ်စီးသည်လည်း တစ်ရက်လျှင်ဆီသုံးစွဲမှု ၁ လီတာ ပုလင်းတစ်ဝက် လျှော့ချနိုင်ပါက တစ်ရက်လျှင် ဂါလန် ၁၂၅၀၀၀ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ တန်ဖိုးအားဖြင့် တစ်ဂါလန် ၆၀၀၀ ကျပ် ပျမ်းမျှဈေးဖြင့်တွက်ကြည့် လျှင်ပင် တစ်ရက် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံထိ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖြစ်လာရန်မှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလိုပါ ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန်လည်း ဆက်လက် နှိုးဆော်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျေးလက်နှင့် မြို့ပြကွာခြားမှု နည်းပါးရေးဖြစ်ပါ ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ် ဓာတ်အား ရရှိထုတ်လုပ်နိုင်မှုသည် များစွာအထောက် အကူပြုပြီး နိုင်ငံတိုင်းသည် နိုင်ငံ၏ လူနေမှု အဆင့်အတန်း မြင့်မားရေး၊
ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုအား နည်းလမ်းမျိုးစုံ ကြိုးပမ်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်စွမ်းအားသည် ပြည်သူများ၏ လူမှုစီးပွားဘဝများအတွက် များစွာအထောက်အကူပြုပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုသဖြင့် တန်ဖိုးဖြတ်၍ မရနိုင်သော အရာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်း သဘာဝအရင်းအမြစ်များဖြစ်သည့် နေအား၊ ရေအား၊ လေအားများ ရှိပြီးဖြစ်ပါကြောင်း၊ အစိုးရ အဆက်ဆက်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းကို အားပေးဆောင်ရွက် ထုတ်လုပ်ခဲ့သော်လည်း ပြီးခဲ့ သည့် အစိုးရလက်ထက် ရေအားလျှပ်စစ်ထုတ်လုပ် ရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ကိုအကြောင်းပြ၍ နိုင်ငံရေးအရ အသုံးချပြီး ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းအခက်အခဲ ဖြစ်စေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများအား အကောင်အထည်ဖော်ရာတွင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည်ကြီးမားပြီး ကုန်ကျစရိတ် တန်ဖိုးများအား တိကျစွာတွက်ချက်နိုင်သော်လည်း ပြန်လည်ရရှိသော အကျိုးအမြတ်မှာတန်ဖိုးဖြတ်၍မရအောင် ကြီးမားပါကြောင်း။
လျှပ်စစ်သုံးစွဲမှုကို ပိုမိုအထောက်အကူပြု
မြန်မာနိုင်ငံတွင် မိုးများသောဒေသများမှအပ ကျန်နိုင်ငံတစ်ဝန်းလုံးတွင် နေသာသည့်ရက် တစ်နှစ် လျှင်ရက် ၂၀၀ မှ ၂၅၀ ထိရှိသဖြင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံများ လုံလောက်စွာတည်ဆောက်ရေး ဆောင်ရွက်ပါက နိုင်ငံတော်လျှပ်စစ်ဓာတ်ကို လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာများ အတွင်း ဆိုလာပြားစနစ်သုံး လျှပ်စစ်ဓာတ်အား တပ်ဆင်ထုတ်လုပ်ပါက ကျေးရွာနေပြည်သူများ၏ လျှပ်စစ်သုံးစွဲမှုကို ပိုမိုအထောက်အကူပြုရုံသာမက လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုလည်း ရှိလာမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်သည်သာမက မြို့ပြစီမံကိန်းများ တည်ဆောက်ရာတွင် လျှပ်စစ်ကို အခြေခံသည့် လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းများနှင့် လျှပ်စစ်ရထားလုပ်ငန်းများကိုလည်း အထောက် အကူပြုစေပါကြောင်း။
လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်ကနိုင်ငံတော်တာဝန် ရယူမထိန်းသိမ်းမီ ဘာသာ၊ သာသနာ ဖျက်ဆီးခံရမှု အခြေအနေနှင့် ပတ်သက်ပြီး ဘာသာပေါင်းစုံ လွတ်လပ်စွာ ကိုးကွယ် ခွင့်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့(မဟန)ရှိပြီးဖြစ်၍ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကဲ့သို့သော ဘာသာ၊ သာသနာရေးနှင့် ပရဟိတ တွဲဖက်ဆောင်ရွက်သော အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အကြောင်း ပြချက်ဖြင့် ဘုရားပုထိုးများ ဖူးမြော်ခွင့်နှင့် ဘာသာ ရေးအဆောက်အဦအတွင်း ဘုရားဝတ်ပြု၊ ကြည်ညို ခွင့်များကို ပိတ်ပင်ခဲ့ပါကြောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းတော်များကြောင့် နိုင်ငံ့စီးပွားရေးကျဆင်း သယောင် ဝါဒဖြန့်ခဲ့ပါကြောင်း။
မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပညာရပ်များ သည် National Treasure များ ဖြစ်ပါကြောင်း၊ မြန်မာတို့သည် ရုပ်ပိုင်း၊ စိတ်ပိုင်း ယဉ်ကျေးသိမ်မွေ့သူများဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရသက်တမ်း ကာလတွင် မြန်မာ့ယဉ်ကျေးမှုအတွက် စိုးရိမ် ရေမှတ်အနေအထားဖြစ်လာရသည့်အပြင် ရွှေတိဂုံ စေတီပုံရိပ်ပေါ်၌ ဖိနပ်နင်းအက ကသည်အထိ ဘာသာရေးနှင့် ယဉ်ကျေးမှု နယ်ပယ်ပျက်စီးခဲ့ရပါ ကြောင်း၊ မြန်မာ့ဓလေ့ဖြစ်သည့် ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဟူသော မွန်မြတ်လှသည့် အလေ့အကျင့်များအပေါ် Online Media များ အသုံးချ၍ လူငယ်တို့၏ ယဉ်ကျေး သိမ်မွေ့မှု အခြေခံစိတ်ဓာတ်များအား ဖျက်ဆီးခဲ့ပါ ကြောင်း၊ ကျောင်းသားလူငယ်များထဲစိမ့်ဝင်နေမှု နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါအကြောင်းပြုပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများအား တားမြစ် ပိတ်ပင်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံ ပညာကျောင်း သင်ခန်းစာများတွင် မြန်မာ့ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသော၊ မြန်မာ့ယဉ်ကျေးမှု ကို ထိခိုက်ပွန်းပဲ့စေသော Sex Education သင်ခန်းစာများအား ထည့်သွင်းသင်ကြားစေခဲ့ပါ ကြောင်း၊ နိုင်ငံရေးသမားများက သမိုင်းအမှန်ကို ဖုံးကွယ်၍ လူငယ်ထုအတွင်း တပ်မတော်အား အမုန်း များရန်ပွားစေရန် နားယောင်ထိုးသွင်းလှုံ့ဆော်ခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း။
ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိ
တပ်မတော်က နိုင်ငံတော်တာဝန်ယူနောက် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည် အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီး အား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက် ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု စေရန်ရည်ရွယ်၍ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်၌ ကမ္ဘာပေါ်ရှိ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့် ဆုံးဖြစ်လာမည့် “မာရဝိဇယ” ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား တည်ဆောက် ပူဇော်လျက်ရှိပြီး ယခုအခါ ဆင်းတုတော်ကြီး၏ ပလ္လင်တော်အစိတ် အပိုင်းအား နေရာချထားမှုပြီးစီးခဲ့ပြီး ကျန်ဆင်းတုတော် အစိတ်အပိုင်းများကို CNC စက်ဖြင့် ဆက်လက် ထုဆစ်လျက်ရှိကြောင်း၊ ရင်ပြင်တော်ပတ်လည် အခြေခံတည်ဆောက်မှု အကြမ်းထည်ပြီးစီးပြီဖြစ် ကြောင်း၊ အလားတူ အဆိုပါဗုဒ္ဓဥယျာဉ်အတွင်း ပိဋကတ်သုံးပုံ ပါဠိတော်အဋ္ဌကထာဋီကာကျမ်းစာ များကိုလည်း စကျင်ကျောက်များပေါ်၌ ခေတ်မီစက် ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Roamnize Language တို့ဖြင့် ရေးထိုးပူဇော်သွားရန် ဆောင်ရွက် လျက်ရှိကြောင်း။
လူသားချင်းစာနာ ထောက်ထား
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလ အတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေး မှု၊ ဓလေ့စရိုက်များ ဖျက်ဆီးမှိုင်းတိုက်ဝါဒဖြန့် လှုံ့ဆော် မှု၏ အကျိုးဆက်ကြောင့်အချို့က Generazation-Z ဟု ခေါ်သော လူငယ်များမှာ နိုင်ငံရေးသမားတို့၏ အသုံးချမှုအပေါ် အယုံလွယ် လမ်းမှားရောက်ခဲ့ပြီး ဆရာ/ ဆရာမ ၃၇ ဦး သတ်ဖြတ်ပြီး အယောက် ၃၀ ကို ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခြင်း၊ ရဟန်းသံဃာ အပါး ၂၀ အား သတ်ဖြတ်စော်ကား ခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း ၅၀၄ ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ အစိုးရဒုတိယသက်တမ်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါ အကြောင်းပြ၍ ပိတ်ထားခဲ့သည့် ဗုဒ္ဓဘာသာ ဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာဘာသာ အလိုက် ဘာသာရေးအဆောက်အဦများတွင် ဘုရား ဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါ ကြောင်း၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG တို့၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်း အမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့ သည့်အတွက် အရေးယူခံရပြီး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်း ခံနေရသူ များကို လူသားချင်းစာနာ ထောက်ထားမှုများအားအလေးထားသောအားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက် အကျဉ်းသား၊ အကျဉ်းသူ ၄၇၈၇၉ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာ ခွင့်တို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။
ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် အကောင်အထည်ဖော်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အားအကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးနောက် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မဲမသမာမှုဖြစ်စဉ်ပေါ် မူတည်၍ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက် ကို ပထမအချက် လုပ်ငန်းစဉ်ထားခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကော်မရှင်အဖွဲ့အသစ်အား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်မှ ဆန္ဒမဲ လက်မှတ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်များတွင် ရှိသည့် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ မေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ နိုင်ငံသား စိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄၆၄၈၂၇၀ (၄ ဒသမ ၆ သန်းကျော်) အသက် ၁၈ နှစ် မပြည့်ဘဲ မဲပေးခဲ့သူ ၁၄၄၁၂ ဦး၊ အသက် ၁၀၀ နှင့်အထက် မဲပေးခဲ့သူ ၂၀၅၆၆ ဦး၊ ၂ ကြိမ်နှင့် ၃ ကြိမ်အထက် မဲပေးခဲ့သူ ၃၈၉၁၆၁၁ ဦး အပါအဝင် မဲမသမာမှုစုစုပေါင်း ၁၁၃ ၀၅၃၉၀ ဦး (၁၁ သန်း ၃ သိန်းကျော်) ရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ် မရှိဘဲ မဲပေးသူ ၄၆၄၈၂၇၀ (၄ ဒသမ ၆ သန်းကျော်)ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်များကိုအခြေခံပြီး တွက်ချက် ထားချက်အရ ၁-၄-၂၀၂၁ ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက် ခန့်မှန်းလူဦးရေ ၃၇၂၉၉၈၅၈(၃၇ ဒသမ ၂၉ သန်း)ဖြစ်ပြီး မှတ်ပုံတင် နိုင်ငံသား ကတ်မရှိသည့် နိုင်ငံသားများ ၃ ဒသမ ၄ သန်း ကျော်ရှိနေပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် အကျုံးဝင်သော (ဥပဒေအရ နိုင်ငံသား များ) အားလုံးကို “ပန်းခင်း” စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် သင့်သော ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် အတွက် ၃-၅-၂၀၂၁ ရက်နေ့မှစ၍ စစ်ဆင်ရေးတစ်ရပ် ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ မှတ်ပုံတင်ပြုလုပ်ရမည့် လူဦးရေ ၃၄၉၁၃၆၄ ဦး(၃ ဒသမ ၄ သန်းကျော်) အနက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ ၁၉၀၅၈၄၃ ဦး (၂ သန်းနီးပါး) ဆောင်ရွက်ပေးနိုင် ခဲ့ရာ ၅၅ ရာခိုင်နှုန်း နီးပါးပြီးစီးပြီဖြစ်ပြီး မှတ်ပုံတင် ဆောင်ရွက်မှု အချိန်ကာလအားဖြင့် ၁၈ လတာ ကြာမြင့်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲစနစ်နှင့် ပတ်သက်၍ ပြောကြားရာတွင် “လက်ရှိရွေးကောက်ပွဲစနစ်ဟာများသူ အနိုင်ယူ (FPTP) ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသား ၁၃၅ မျိုးနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုကျင့်သုံးရာမှာ သဟဇာတ မဖြစ်ကြောင်း တွေ့ရှိရပါတယ်၊ ဒီအတွက်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံနဲ့ သင့်လျော်ကိုက်ညီတဲ့ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးနိုင်ဖို့အတွက်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီများ ၄ ကြိမ်တွေ့ဆုံခဲ့ပြီးတော့မှ နိုင်ငံရေးပါတီအစုအဖွဲ့ ၆ ဖွဲ့ရဲ့ တင်ပြချက်စာတမ်းအရ အစုအဖွဲ့အားလုံးက လွှတ်တော်သုံးရပ်မှာ အချိုးကျ ကိုယ်စားပြုမှုစနစ် (PR) ပြောင်းလဲကျင့်သုံးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ရွေးကောက်ပွဲများကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြို့နယ် ၃၂၃ မြို့နယ်မှာကျင်းပပြီးစီးခဲ့ပါ တယ်၊ အဆိုပါရွေးကောက်ပွဲများမှာ ရွေးကောက်ပွဲ ဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့သော်လည်းပဲ ပြေလည် အောင်ဖြေရှင်းနိုင်ခဲ့ပါတယ်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ မြို့နယ် ပေါင်း ၃၁၅ မြို့နယ်တွင် ကျင်းပခဲ့ပါတယ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများသည် General Election ဖြစ်၍ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်အမတ်များအတွက် ကိုယ်စားလှယ်များ ရွေးချယ်ရပါတယ်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ မဲမသမာမှုများကို သက်ဆိုင်ရာအဖွဲ့ အစည်းများ၊ ပုဂ္ဂိုလ်များက ရင်ဆိုင်မဖြေရှင်းရဲတဲ့ အခြေအနေအထိ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်၊
ယင်းဖြစ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်မှုကို ယုံကြည်အားကိုးမှု အားနည်းစေပြီး တော့မှ နိုင်ငံ၏ပုံရိပ်ကိုလည်း များစွာကျဆင်းစေခဲ့ပါ တယ်၊ ထို့အတွက်ကြောင့် ရွေးကောက်ပွဲများကို ထိခိုက်အောင်လုပ်ခဲ့သူများကို တည်ဆဲဥပဒေများအရ အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါတယ်၊ အစိုးရ အနေနဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြုလုပ် သွားမည်ဆိုတဲ့ ကတိကို အကောင်အထည်ဖော်နိုင် အောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါ တယ်၊ ရွေးကောက်ပွဲဆိုတာ တည်ငြိမ်အေးချမ်း လုံခြုံတဲ့ အခြေအနေရှိမှ ပြည်သူများ လွတ်လပ်စွာ မဲပေးနိုင်မှာ ဖြစ်ပါတယ်၊ သန့်ရှင်းတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ ဖြစ်ပါတယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့နယ်အားလုံး ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖို့အတွက် ကြိုးပမ်းနေရာမှာ အစိုးရရဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက် များကို တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်း ဆောင်ရွက်ကြဖို့လိုအပ်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြောကြားသည်။
ထည့်သွင်းရေးဆွဲထား
ယင်းနောက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ် ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ လုပ်ငန်းစဉ် ၅ ရပ်တွင် ကမ္ဘာ့ကပ် ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကို ထည့်သွင်းရေးဆွဲထားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်၌ စတင်တွေ့ရှိခဲ့ပါကြောင်း၊ ကာကွယ်ကုသမှုအနေဖြင့် ကူးစက်မှုအမြင့်ဆုံးကာလ ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်များတွင် တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့ လူဦးရေ ၅၀၀၀ ကျော်ခန့်(၄၁ ရာခိုင်နှုန်း)အထိ ဖြစ်ပွားခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယ လှိုင်းကာလတွင် ဖြစ်ပွားမှု၊ သေဆုံးမှုများ လျင်မြန်စွာ ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံ၊ ဆေးခန်းများအပြင် ကုသမှုစင်တာပေါင်း (၁၆၇၄)ခုအထိ ဖွင့်လှစ်ကုသ ပေးနိုင်ခဲ့ပါ ကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်နိုင်ရေး အလျင်အမြန် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်မှ အောက်ဆီဂျင်စက်ရုံ (၂၂၅) ရုံ၊ ပုဂ္ဂလိကမှ (၂၄၂) ရုံ၊ စုစုပေါင်း (၄၄၆) ရုံ တည်ဆောက်ပေးပြီး ပြည်သူ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ် ပေးခဲ့ပါကြောင်း။
အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေး
မိမိအနေဖြင့် “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန် လုပ်၊ လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့် မူဝါဒချမှတ်ပြီး နည်းလမ်းပေါင်းစုံနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို နေ့မနားညမနား ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မိမိကိုယ်တိုင် ဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ အစည်းအဝေးများကို (၁၃) ကြိမ်တိုင်တိုင်ကျင်းပ၍ လိုအပ်သော အုပ်ချုပ်ထောက်ပံ့ရေး ကိစ္စရပ်များကို တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် Video Conferencing ပြုလုပ်၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံ များတွင် ဆေးဝါးဝယ်ယူနိုင်ရန်အတွက်လည်း ငွေကျပ် ဘီလီယံ ၃၀၀ လျာထားခဲ့ပြီး ဆေးရုံလုပ်ငန်း လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်ချောမွေ့စေရေး အတွက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေး ကော်မတီအစည်းအဝေးများကို ဒုတိယဝန်ကြီးချုပ် ဦးစီးဆောင်ရွက်ပြီး တစ်ပတ်လျှင် ၃ ကြိမ် ပြုလုပ်ကာ အနီးကပ်ဖြည့်ဆည်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက် မှု ကွင်းဆက်ပြတ်တောက်စေရေးအတွက် Stay at Home မြို့နယ် ပေါင်း ၁၁၉ မြို့နယ်အထိ သတ်မှတ် ပေးခဲ့ပါကြောင်း၊ လက်ရှိနောက်ဆုံးအခြေအနေမှာ မြို့နယ်အားလုံးကို ကန့်သတ်ချက်ဖယ်ရှားပေးခဲ့ပြီးဖြစ်သည့်အတွက် Stay at Home မြို့နယ်များ ကျန်ရှိခြင်းမရှိတော့သည်ကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာ အနှောင့်အယှက်အချို့နှင့် အဖျက်သမားများ ဝိုင်းဝန်းဝေဖန်နှောင့်ယှက်မှုများကို ကျော်လွှားနိုင်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက် စာရင်းအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအနေဖြင့် ပျမ်းမျှ ၁ ရာခိုင်နှုန်း ဝန်းကျင်သာရှိတော့ကြောင်း။
ယခင်အစိုးရလက်ထက် အိန္ဒိယနိုင်ငံမှ ကိုဗစ် ကာကွယ်ဆေး သန်း ၃၀ Dose အမေရိကန်ဒေါ်လာ သန်း ၁၅၀ နှင့် ဝယ်ယူခဲ့ပါကြောင်း၊ ၎င်းမှ ၂ သန်းသာ ရောက်ရှိလာခဲ့ပြီး နောက်ပိုင်း အိန္ဒိယနိုင်ငံတွင် လည်း ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်မားလာသည့် အတွက် ဆေးများ ထပ်မံရောက်ရှိခြင်း မရှိပါ ကြောင်း၊ ကိုဗစ်ရောဂါ ကာကွယ်ရေးတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကဖြစ်သည့်အတွက် အစိုးရ အနေနှင့် ကာကွယ်ဆေး ရရှိရန်လုပ်ငန်းကို အစမှ ပြန်လည်ကြိုးပမ်းရပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေ အသုံးပြုမှုအခြေအနေ အနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူမှု ကုန်ကျစရိတ်အနေဖြင့် ဒေါ်လာ ၂၇၆ ဒသမ ၆၄ သန်းတန်ဖိုး ဝယ်ယူခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံနှင့် နီပွန် ဖောင်ဒေးရှင်းတို့မှ ကိုဗစ်ကာကွယ်ဆေး ဆေး Dose ၁၇ ဒသမ ၁ သန်း (တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း) လှူဒါန်းမှုကို လက်ခံရရှိခဲ့ပါကြောင်း၊ ထို့ပြင် ကမ္ဘောဒီးယား၊ ထိုင်းစသည့်နိုင်ငံများမှလည်း ကိုဗစ် ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ပါကြောင်း။
၅၃ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေး အတွက် ကျပ်ငွေ ၆၄ ဘီလီယံကျော် သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးတွင် ဆေးရုံများအဆင့်မြှင့်တင်ရေးအတွက် ကျပ်ငွေ ၆၀ ဒသမ ၃ ဘီလီယံကျော် သုံးစွဲခဲ့သည့်အနက် ကိုဗစ်ဖြစ်သူ များအတွက် အရေးပေါ်လိုအပ်သော အောက်ဆီဂျင် နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုအနေဖြင့် ၁၂ ဒသမ ၂၃ ဘီလီယံကျပ် ပါဝင်သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါလူနာများအတွက် ကျွေးမွေးမှု စုစုပေါင်း ကုန်ကျစရိတ်အနေဖြင့် ကိုဗစ်-၁၉ ဗဟိုကော်မတီ ရန်ပုံငွေမှ ကျပ် ၂၃ ဒသမ ၁၂ ဘီလီယံနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ကျပ် ၄ ဘီလီယံ၊ စုစုပေါင်းကျပ်ငွေ ၂၇ ဒသမ ၁၂ ဘီလီယံ သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ဒီဇင်ဘာလတွင် ၅၀ ရာခိုင် နှုန်းအပြီး မျှော်မှန်းထားသော်လည်း ၅၁ ရာခိုင် နှုန်းကျော် ထိုးနှံပြီးစီးခဲ့ပါကြောင်း၊ လက်ရှိ ကာလအထိ ၅၃ ရာခိုင်နှုန်း ထိုးနှံပြီး ဖြစ်ပါကြောင်း။
လက်ရှိအစိုးရသက်တမ်းကာလ တစ်နှစ်အတွင်း Quarantine ဆေးရုံ၊ ဆေးခန်း တက်ရောက်သူများ အတွက် ကျွေးမွေးမှု ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၄ ဘီလီယံနီးပါး၊ ကိုဗစ်ဖြစ်ပွားသူများအတွက် အောက်ဆီဂျင် Plant ဝယ်ယူခဲ့ရာ ငွေကျပ် ၁၀ ဒသမ ၂၃ ဘီလီယံ ကုန်ကျခဲ့ပါကြောင်း၊ နိုင်ငံအတွင်း ဆေးရုံ ၁၀၇၇ ရုံ၊ ဆေးပေးခန်း ၁၁၄၂၇ ခုရှိပြီး ဆေးရုံ ၇၆၅ ရုံ၊ ဆေးပေးခန်း ၇၄၃၀ ခု လုပ်ငန်းဆောင်ရွက်နိုင်မှု ရှိခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ခန့်အပ် ဆရာဝန် ၁၄၆၇၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၀၅၈၃၄ ဦးရှိပြီး ၎င်းအထဲ မှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း အချို့ပျက်ကွက် ခဲ့ပြီး ၎င်းတို့သည် နိုင်ငံရေးဝါဒမှိုင်းများကြောင့် မိမိတို့ လုပ်ငန်းခွင်ကို စွန့်ခွာသွားသည့်သူများ ဖြစ်ကြောင်း၊ အဆိုပါ လိုအပ်သွားသည့်နေရာများတွင် တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကုသပေးခြင်းနှင့် တပ်မတော် ဆေးရုံများတွင် အများပြည်သူများကိုကုသပေးခြင်း များကို ခွင့်ပြုပေးခဲ့ကြောင်း၊ အလားတူ အငြိမ်းစားကျန်းမာရေးဝန်ထမ်းများနှင့် အငြိမ်းစား တပ်မတော် ဆေးဆရာဝန်များကလည်း ဆေးကုသမှုများကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည့်အတွက်ကြောင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ် တိုက်ဖျက်ရေးတွင် များစွာ အကူအညီရခဲ့ပါကြောင်း။
အင်အားဖြည့်တင်းဆောင်ရွက်
ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း တာဝန်သိ ကျန်းမာရေး ဝန်ထမ်းများသည် ၎င်းတို့၏ လူနာရှင် များကို မပစ်ခွာဘဲ တာဝန်သိသိသစ္စာရှိရှိ တာဝန် ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ငွေကျပ် ၁၀ ဒသမ ၉၄ ဘီလီယံကို အစိုးရမှ ဆုချီးမြှင့်ခဲ့ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်ရန် လိုအပ်သည့် ပြည်သူ များအတွက် တပ်မတော်ဆေး တပ်ဖွဲ့များမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြင်ပလူနာ ၃၂၉၇၅၉ ဦး၊ အတွင်းလူနာ ၉၈၃၂၈ ဦး၊ မွေးလူနာ ၁၉၅၂၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းဆိုင်ရာရောဂါ၊ အရိုး/အကြောဆိုင်ရာရောဂါ၊ မျက်စိ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ရောဂါ၊ နှလုံးနှင့် ဆိုင်သော ရောဂါများ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း၊ အငြိမ်းစားဆေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများမှလည်း ကာကွယ်ဆေးထိုးနှံ ရေးလုပ်ငန်းများတွင် အင်အားဖြည့်တင်း ဆောင်ရွက် ပေးနိုင်မှုများကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ကြောင်း။
ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံး အချက်မှာ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဖြစ်ပါ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၆၀,၅၉၆,၄၀၀ Dose (၆၀ ဒသမ ၅ သန်းကျော်) ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၉ ရက် အထိ ထိုးနှံပြီးစီးခဲ့သည့် Dose ၄၀,၈၅၆,၀၀၀ ရှိပြီး၊ ၂ ကြိမ် အပြည့်ထိုးနှံပြီးသူ ၁၈,၇၉၂,၀၉၉ ဦး၊ တစ်ကြိမ် ထိုးနှံပြီးသူ ၃,၂၇၁,၈၀၂ ဦး၊ Booster Dose ထိုးနှံပြီးစီးသူ ၂၁၆၆၈ Dose ထိုးနှံပြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံး မျှော်မှန်းချက်ထက် ၅၃ ရာခိုင်နှုန်းကျော် အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီးဖြစ်ပါကြောင်း၊ နေ့စဉ်ထိုးနှံနိုင်မှုသည် ၃ သိန်းကျော် ရှိပါကြောင်း၊ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါသည် အချိန်ကာလ အတိုင်းအတာတစ်ခု အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ပြည်တွင်း၌ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး မူဝါဒ အား ချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကနဦးခြေလှမ်းအနေဖြင့် တရုတ်နိုင်ငံထုတ် (Sino- pharm) ကာကွယ်ဆေးကို ပုလင်းအတွင်း ဖြည့်သွင်း ရန်အသင့် (Ready to Fill Bulk) စနစ်ဖြင့် ဝယ်ယူ ထုတ်လုပ်နိုင်ရေးအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော် ဝါရီလအတွင်း ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စတင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် အတွင်း Doses ၁၀ သန်းခန့် ထုတ်လုပ်သွားမည် ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်မှုအရ ကာကွယ်ဆေးဈေးနှုန်းမှာ လည်းမူလကုန်ချော ဈေးနှုန်း၏ ထက်ဝက်မျှသာ ရှိသော ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း။
လက်ရှိအခြေအနေအရ ၂၀၂၁ ခုနှစ်၊ နှစ်ကုန် ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲစိတ် အိုမီခရွန် အား တွေ့ရှိလျက်ရှိပြီး နိုင်ငံတွင်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား စစ်ဆေးလျက် ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ပြည်ပမှ ပြန်လည်ဝင်ရောက်သူများတွင် အိုမီခရွန် ရောဂါပိုး စတင်တွေ့ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိ ၂၈၃ ဦး တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် ကိုဗစ် ရောဂါနှင့်ပတ်သက်၍ မပေါ့ဆကြရန်နှင့် လိုက်နာရန် သတ်မှတ်ထားသည့် တစ်ကိုယ်ရေ အကာအကွယ် စည်းမျဉ်းများကို လိုက်နာသွားရန် လိုအပ်ပါကြောင်း။
ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစား
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်း များဖြင့် အမြန်ဆုံးကုစားသွားမည် ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းနိုင်ငံ များနည်းတူ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်မှုများ ရှိခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း များကို ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားနိုင်ရန် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးအတွက် ကုမ္ပဏီ/လုပ်ငန်း ၆,၃၃၄ ခုအား ချေးငွေပမာဏ ငွေကျပ် ၁၆၆ ဒသမ ၆၄၆၃ ဘီလီယံ ထုတ်ချေး ထားပါကြောင်း၊ လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက် မှုများအပေါ် ကုစားမှုကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေး ဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးအတွက် ကုမ္ပဏီ/ လုပ်ငန်း ၁၁၆ ခုသို့ ချေးငွေများ ခွင့်ပြုခြင်း ဆောင်ရွက်ခဲ့ပါကြောင်း။
စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှု အနေဖြင့် မြန်မာနိုင်ငံသည် စိုက်ပျိုး/မွေးမြူရေး နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်း များ ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် မှုများမှတစ်ဆင့် စိုက်ပျိုး/ မွေးမြူရေးထုတ်ကုန်များ ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စနစ်တကျခေတ်မီ စေရေးအတွက် အရေးပါသည့် အသိပညာရှင်၊ အတတ် ပညာရှင်များ၊ ကျွမ်းကျင်သူများ ပေါ်ထွက်လာရေး အတွက် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် စိုက်ပျိုးမွေးမြူရေးကျောင်းများကို သိပ္ပံကောလိပ် အဆင့်တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် နေပြည်တော်၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုပြုလုပ်သည့် မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ တွင် နိုင်ငံအရပ်ရပ်က ကျွဲ၊ နွား၊ ဆိတ်၊ သိုးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ဒေသပြည်တွင်းမျိုး၊ ကပြားမျိုး၊ နိုင်ငံခြားမျိုးများအထဲတွင် ဒေသ ပြည်တွင်းမျိုးကောင်းများကို တွေ့ရပါကြောင်း၊ စနစ် တကျကျွေးမွေး၍ မွေးမြူမည်ဆိုလျှင် တိုင်းပြည် အတွက် များစွာအကျိုးဖြစ်ထွန်း စေနိုင်မည်ဖြစ်သည့် အတွက် ခေတ်မီမွေးမြူရေး ပညာရှင်များ မွေးထုတ် ဆောင်ရွက်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း။
စဉ်ဆက်မပြတ် အကောင်အထည်ဖော်
ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မည်” ဟု မူဝါဒချထားပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ် ကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက် ရှိပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်ရန် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီ (၃) ရပ် ဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သောလုပ်ငန်းကော်မတီ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ညှိနှိုင်းရေးကော်မတီတို့ ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်
တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ပေါင်း အကြိမ် (၂၀) ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲပေးခဲ့ပါကြောင်း၊ ဆက်လက်၍ ယခုနှစ်ကုန် ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိ၏ ၂၀၂၂ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် “ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် စတုတ္ထ အချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေး နိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။
အချိုးကျကိုယ်စားပြုခြင်း (PR) စနစ်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး” ဆိုသည့် အချက်နှင့်ပတ်သက်၍ နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံ သားတိုင်း မဲပေးခွင့်ရရှိရေးအတွက် လိုအပ်လျက် ရှိသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ တိုင်းရင်းသားအားလုံး တူညီသည့် အခွင့်အရေးများရရှိရန် အချိုးကျကိုယ်စားပြုခြင်း စနစ် (Proportional Representation - PR) ကို အသုံးပြုနိုင်ရေး နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများနှင့် စုပေါင်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဖြင့် ဆွေးနွေးလျက်ရှိပါ ကြောင်း၊ အချိုးကျကိုယ်စားပြုခြင်း (PR) စနစ် ကျင့်သုံးမည့် အလားအလာနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ၄ ကြိမ် ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း။
ဦးတည်ချက် (၉) ရပ် အကောင်အထည်ဖော်မှု နှင့်စပ်လျဉ်း၍ နိုင်ငံရေး ဦးတည်ချက်များနှင့် ပတ်သက်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ပထမဆုံးအချက်အဖြစ် ဦးတည်ချက် ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ် များ၊ လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူ အဆသဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းလည်း ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ပါတီများ အပါအဝင် နိုင်ငံရေးပါတီများသည် ၎င်းတို့ကိုထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စား ပြုသည့် လူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မတူ ကွဲပြားသည့် ကိုယ်စားပြုမှုများရှိပြီး ပါတီများသည် ဝါဒရေးရာအရဖြစ်လာသော ပါတီများဖြစ်ပါကြောင်း၊ ဝါဒရေးရာပါတီများဖြစ်၍ ဒီမိုကရေစီလမ်းကြောင်း ချင်း အနည်းငယ်ကွဲပြားနိုင်ပါကြောင်း၊ လူမျိုးရေး နှင့်ပတ်သက်သည့် ပါတီများသည် လူမျိုးစုအလိုက် ကိုယ်စားပြုသည့် ပါတီများဖြစ်ပြီး ဒေသအလိုက် ကိုယ်စားပြုသည့် ပါတီများ အနည်းငယ်ရှိပါ ကြောင်း၊ ထိုပါတီများတွင် ကိုယ်စားပြုမှုပေါ် မူတည်ပြီး ၎င်းတို့၏ ထောက်ခံသူများရှိပါကြောင်း။
အများဆန္ဒအတိုင်း ဆောင်ရွက်
ပါတီများ၊ တိုင်းရင်းသား လူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရေးအတွက် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို သွားရမည်ဖြစ်ပါ ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဒီမို ကရေစီနှင့်ပတ်သက်၍လည်းကောင်း၊ ဖက်ဒရယ် နှင့်ပတ်သက်၍လည်းကောင်း မည်သို့ပင်အယူအဆ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတ ဖြစ်သည့်စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ် သည့်အပြင် ဒီမိုကရေစီနှင့်ပတ်သက် ၍ အများဆန္ဒ အတိုင်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လူနည်းစု၏ ဆန္ဒကိုလည်း အလေးထားရန်လိုအပ်မည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရဆောင်ရွက်မည့် ဖက်ဒရယ်သည် မတူကွဲပြား သည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ လူမျိုးများ၊ လူမျိုးစု များ၊ စုစည်းထားရာမှ အချုပ်အခြာအာဏာဖြစ်သည့်
အာဏာ (၃) ရပ်ကို ခွဲဝေကျင့်သုံးခြင်းနှင့် ထိုသို့ ဆောင်ရွက်ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား အာဏာခွဲဝေဆောင်ရွက် သွားခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိ စေမည် ဖြစ်ပါကြောင်း။
ဒုတိယအချက်ဖြစ်သည့် “တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါအတိုင်း အလေးထားလုပ်ဆောင်ရေး” ဆောင်ရွက် မှုအား ရှေ့လုပ်ငန်းစဉ် ၅ ရပ် စတုတ္ထအချက်၌ ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအချက်ဖြစ်သည့် “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံ ခြားရေး မူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး “မူ” ကို ဆက်လက်လိုက်နာကျင့်သုံးရေး” နှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ (၃) ရပ်ကို ပြဋ္ဌာန်းထားခဲ့ပါကြောင်း၊ အစိုးရ အနေဖြင့် ပထမတစ်နှစ်တာ ကာလအတွင်းတွင် နိုင်ငံတကာဆက်ဆံရေးကောင်းမွန်ရန် အမြဲရှေးရှု လျက်ရှိပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ ပြည်ပနိုင်ငံများ ပထမဦးဆုံး ခရီးစဉ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာတွင် ကျင်းပသည့် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို တက် ရောက်ခဲ့ပါကြောင်း။
ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်
ဒုတိယခရီးစဉ်အဖြစ် ၂၀၂၁ ခုနှစ်၊ ဇွန် ၂၀ ရက်မှ ၂၇ ရက်အထိ ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ ကို တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် မိတ်ဆွေနိုင်ငံသာရှိပြီး ရန်သူနိုင်ငံဟူ၍ မရှိပါ ကြောင်း၊ မိမိတို့အပေါ် ရန်သူသဖွယ်ဆက်ဆံနေလျှင် လည်း ၎င်းနိုင်ငံများ၏ သဘောထားကို ပြောင်းလဲ လာစေရန်၊ မိတ်ဆွေဖြစ်လာစေရန် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် နိုင်ငံ၏ နယ်စပ်ဒေသများကို ထာဝရတည်ငြိမ်အေးချမ်းသည့် နယ်စပ်ဒေသဖြစ်ရန်နှင့် နယ်နိမိတ်ချင်းထိစပ်နေ သည့် နိုင်ငံများနှင့် ထာဝရတည်ငြိမ်အေးချမ်းပြီး ချစ်ခင်သည့် အိမ်နီးနားချင်း ဆက်ဆံရေးကို ထူထောင်သွားမည် ဖြစ်ပါကြောင်း၊ အိမ်နီးချင်း ဆက်ဆံရေးမှာလည်း မတူသည့်မူဝါဒ၊ ယဉ်ကျေးမှု များရှိသည့် နိုင်ငံများနှင့် ဆက်ဆံခြင်းဖြစ်သည့် အတွက် နိုင်ငံတစ်နိုင်ငံချင်းပေါ်မူတည်၍ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များကို ထိတွေ့ဆက်ဆံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအနေ အထားတွင် ခေတ်အဆက်ဆက် တည်ရှိခဲ့သည့် အိမ်နီးချင်းဆက်ဆံရေးနှင့် ထာဝရငြိမ်းချမ်းသည့် အိမ်နီးချင်းဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးမှုများ ရှိပြီးဖြစ်သည့်အတွက် ပိုမိုခိုင်မာမှုရှိစေရန် ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် ဆွေးနွေး ခဲ့ရာတွင် အာဆီယံထိပ်သီးအစည်းအဝေး ဘုံသဘော တူညီချက် ၅ ရပ်နှင့်ပတ်သက်၍ ဦးတည်ဆွေးနွေးခဲ့ပြီး ပထမဆုံးအချက်ဖြစ်သည့် အကြမ်းဖက်မှုတွင် ပါဝင် ပတ်သက်နေသူများအနေဖြင့် အကြမ်းဖက်မှု ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသား လက်နက် ကိုင်နှင့် အကြမ်းဖက်များ၏ ကွဲပြားခြားနားမှုများ၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အမြဲမပြတ်ဆောင်ရွက်နေမှုများနှင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် ပါဝင်နိုင်ရေး ဖိတ်ခေါ်ဆွေးနွေးနိုင်ခဲ့ပါ ကြောင်း၊ ထို့အပြင် အာဆီယံလူသားချင်းစာနာ ထောက်ထားမှုနှင့် သက်ဆိုင်သည့် အထောက်အပံ့ ပစ္စည်းများ ကူညီထောက်ပံ့နိုင်ရေးဆိုင်ရာ ကိစ္စများ ကိုလည်း ဆွေးနွေးနိုင်ခဲ့ပြီး အစိုးရအနေဖြင့် လက်ခံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို လည်း ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ချစ်ကြည်ရေးခရီးစဉ် တွင် ကောင်းမွန်ထူးခြားသည့်ရလဒ်များ ရရှိခဲ့ပြီး ခရီးစဉ်နှင့်ပတ်သက်၍ ပူးတွဲသတင်းထုတ်ပြန်ချက် များအား ထုတ်ပြန်ခဲ့ပါကြောင်း။
အကောင်းဆုံး ပူးပေါင်းဆောင်ရွက်
ထို့အပြင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ ဇန်နဝါရီလ ၂၆ ရက်နေ့ Video Conferencing နှင့် တွေ့ဆုံဆွေးနွေးရာတွင်လည်း အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ၏ ပါဝင်ဆောင်ရွက်မှု၊ အာဆီယံနိုင်ငံများ အတွင်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင် ရွက်မှုအနေဖြင့် ဆောင်ရွက်ရန် လိုအပ်သည့် အခြေ အနေ၊ မြန်မာနိုင်ငံအနေနှင့် အကောင်းဆုံးဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ၊ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ စေလွှတ် သွားမည့် အခြေအနေနှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် လာရောက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ် အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များကို မထိခိုက်စေဘဲ နိုင်ငံတကာ နှင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
စီးပွားရေးဦးတည်ချက်အပေါ် အကောင်အထည် ဖော် ဆောင်ရွက်မှုအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး အတွက် မြန်မာနိုင်ငံ၏ အခြေခံနှင့် ပြည်သူအများစု လုပ်ကိုင်နေရသည့် စီးပွားရေးဖြစ်သော စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင် စေလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုး/မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည့် ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင်နှုန်းခန့်ရှိပါကြောင်း၊ မွေးမြူရေး လုပ်ငန်း များအနေဖြင့် မိမိတို့နိုင်ငံ၏ ဒေသအများစုတွင် မွေးမြူ၍ရသော ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စသည့် မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ပမှ နို့ထွက် ပစ္စည်းတင်သွင်းနေမှုကို လျှော့ချနိုင်ရန်အတွက် နိုင်ငံအတွင်း ရာသီဥတုနှင့် မြေအခြေအနေကောင်း သည့် နေရာများတွင် နို့စားနွားများမွေးမြူ၍ နို့ထွက် ပစ္စည်းများ ပြည်တွင်းဖူလုံရုံမျှမက ပိုလျှံစေရန် မွေးမြူဆောင်ရွက်လျက်ရှိသည်သာမက အသားစား နွား၊ အသားတိုးဝက်၊ အသားတိုးကြက်များ မွေးမြူ၍ ပြည်တွင်းတွင် အသားစိုရိက္ခာဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက် ရှိပါ ကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “မြန်မာနိုင်ငံမှာ လူဦးရေ ၅၅ သန်းခန့်ရှိရာမှာ လူဦးရေရဲ့ ၇၀ ရာခိုင် နှုန်းကျော်ဟာ ကျေးလက်နေပြည်သူများ ဖြစ်ပြီးတော့ ၃၀ ဒသမ ၂ ရာခိုင်နှုန်းဟာ ဆင်းရဲနွမ်းပါးတဲ့ အောက်ကို ရောက်ရှိနေတဲ့သူများ ဖြစ်ပါတယ်၊ အများဆုံးခံစားရတဲ့ ဒေသများဟာ ကျေးလက်ဒေသ များ ဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်ဒေသများရှိ ပြည်သူများရဲ့ ဆင်းရဲနွမ်းပါး မှု လျှော့ချနိုင်ဖို့အတွက် ထိရောက်တဲ့ နည်းလမ်းများကို အသုံးပြုပြီး မြို့ပြနဲ့ ကျေးလက်ဒေသများအကြား ကွာဟချက်ကျဉ်းမြောင်းစေဖို့နဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝမြှင့်တင်နိုင်ဖို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းမှာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ ကျေးလက်ဒေသ သောက်သုံးရေဖူလုံရေး အတွက် ရေကန်များ၊ မြေအောက်ရေများ တူးဖော် ခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်၊ ကျေးလက်ကျေးရွာများ အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်တဲ့ လမ်းများ အဆင့်တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကျေးလက် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေး လူထုအခြေပြု စီမံကိန်းများ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား လုပ်ငန်းများ၊ ကျေးလက်အိမ်ရာတည်ဆောက်ခြင်း စတဲ့ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားသည်။
ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည်
ထို့နောက် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျေးလက်အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန်၊ ကျေးလက်နေပြည်သူများမှ လူမှုစီးပွား ဆိုင်ရာ အခြေခံအဆောက်အဦများနှင့် ဝန်ဆောင်မှု များကို ရယူသုံးစွဲနိုင်စေရန်အတွက် ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ကြောင်း၊ အလားတူ အုပ်ချုပ်မှု ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အုပ်ချုပ်ရေးစနစ်၌ ပြည်သူလူထုအား ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် လက်ရှိမိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ၇၅ ခရိုင်ရှိရာမှ သင့်တော်သည့် နေရာ များတွင် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း။
ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး နှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက ၎င်းတာဝန် ယူစဉ်ကာလ၌ ဦးစားပေးဆောင်ရွက်မည့် စီးပွားရေး ကိစ္စရပ် (၁၇) ရပ်အား အဆိုပြုထားပါကြောင်း၊ Living Document အဖြစ် သတ်မှတ်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးကဏ္ဍနှင့်ပတ်သက်၍ ဦးစားပေးလုပ်ငန်းများကို ကမ္ဘောဒီးယားနိုင်ငံက ဆက်လက်အဆိုပြုသွားရန်ရှိပါကြောင်း၊ ထို့အပြင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင် အထည်ဖော်မှုအောက်မှ ၂၀၂၂ အတွင်း ဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၁၃၈ ခုအား ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံ သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင် ရန် ရည်ရွယ်ပြီး သဘောတူစာချုပ်၊ သဘောတူညီ ချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာ စုစုပေါင်း စာချုပ်စာတမ်း ၃၃ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၎င်းစာချုပ်စာတမ်း ၃၃ ခုနှင့် စပ်လျဉ်းသည့် စီမံကိန်း များ အဆင်ပြေချောမွေ့စွာ ဆက်လက်အကောင် အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေး
မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီမံကိန်းများ ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်း ထားခဲ့ရသော်လည်း မကြာမီလုပ်ငန်းများ ပြန်လည် စတင်နိုင်ရေးနှင့် ဂျပန်နိုင်ငံသားများ မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေး အဆင်ပြေချောမွေ့ရေး၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက် ရေး စသည့်ကဏ္ဍများတွင် အကူအညီနှင့် ချေးငွေများလည်း အဓိကထား ပေးအပ်လျက်ရှိပါ ကြောင်း၊ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲကို virtual စနစ်ဖြင့် ကျင်းပပြုလုပ် ဆွေးနွေးခဲ့သည့်အပြင် မြန်မာ-ရုရှား စီးပွားရေး လုပ်ငန်းရှင်များ ဆွေးနွေးပွဲများကိုလည်း ပြင်ဆင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး အနေဖြင့် ပြည်တွင်းအားပေးမှုအနေဖြင့် ပြည်တွင်း ထုတ်ကုန် အားပေးရန်နှင့် ပြည်တွင်းထုတ်လုပ် နိုင်သော ကုန်ပစ္စည်း များကို လျှော့ချတင်သွင်းနိုင် ရေး ဆောင်ရွက်ခဲ့ကြောင်း။
နိုင်ငံတော်အစိုးရသည် ပြည်တွင်းကုန်ထုတ်လုပ် မှုနှင့် ပြည်တွင်းဖြစ်စီးပွားရေးကို အားပေးလျက် ရှိပါကြောင်း၊ အထူးသဖြင့် မရှိမဖြစ်သည့် စားကုန်၊ သောက်ကုန်၊ လူသုံးကုန်များ၊ ဘိလပ်မြေနှင့် သံနှင့် သံမဏိ လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ကဏ္ဍ (၁၂) ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃,၅၅၂ ဒသမ ၃၉၆ (၃ ဒသမ ၅၅ ဘီလီယံ)၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကဏ္ဍအလိုက် ခွင့်ပြုပြီး လုပ်ငန်းများအနေဖြင့် ကဏ္ဍပေါင်း (၁၂) ခုမှ လုပ်ငန်းပေါင်း ၃၇ အတွက် ငွေကျပ်သန်းပေါင်း ၃၃၂,၉၆၆ ဒသမ ၃၈၀ (၃၃၂ ဒသမ ၉၆ ဘီလီယံ) ဖြစ်ပါကြောင်း။
လူမှုရေးဦးတည်ချက်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှု စစ်မှန်သော မျိုးချစ်စိတ်ဓာတ် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက် ရေးနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်သည် နိုင်ငံ၏ (၇၅) နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် အစိုးရ အနေဖြင့် (၁) ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာ စေရေးလုပ်ငန်းစဉ်၊ (၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် (၇၅) နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို တိုင်းရင်းသား အားလုံးအတွက် တခမ်းတနား ကျင်းပဆောင်ရွက်သွားပါမည် ဖြစ်ပါကြောင်း။
မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်
တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်ရန် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် မတူကွဲပြားသော ယဉ်ကျေးမှု များ ပေါင်းစည်းထားသည့်နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော နိုင်ငံကြီး ၂ ခုကြား တွင် တည်ရှိနေခြင်းကြောင့်လည်း ဘိုးဘွားအမွေ အနှစ် အနုပညာရပ်များကို သမားစဉ်မပျက် ထိန်းသိမ်းရန် နိုင်ငံတော်အစိုးရနှင့် နိုင်ငံသားတိုင်း တွင် တာဝန်ကိုယ်စီရှိပါကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြန်လည်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက် ရှိပြီး နှစ်စဉ်ကျင်းပပေးခြင်းဖြင့် မိရိုးဖလာယဉ်ကျေးမှု များကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင် မည်ဖြစ်ပါကြောင်း။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာ ရည် မြင့်မားရေးနှင့်ပတ်သက်ပြီး နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်နိုင်ရန် လူသားအရင်း အမြစ် (Humen Resources)က အဓိကဖြစ်သည်ကို လက်ခံထားကြပါကြောင်း၊ လူသားအရင်းအမြစ် ဆိုသည်မှာ “ပညာ” အပေါ် အဓိကမူတည် တည်ဆောက်ခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအလေးထား လုပ်ဆောင်ကြခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်နှင့် အထက် အရွယ်ရောက်ပြီးသူများထဲမှ အလယ်တန်း အဆင့်နှင့် ၎င်းအဆင့်အောက် ပညာသင်ကြားခဲ့ ရသူပေါင်း ၁၈ ဒသမ ၂ သန်းနီးပါးခန့်ရှိသည်ကို တွေ့ရှိရသည့်အတွက် နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံ ခန့်သည် ပညာရေးအားနည်းသည်ကို တွေ့ရပါ ကြောင်း၊ ထို့ကြောင့် ပညာရေးမြှင့်တင်ရေးလုပ်ငန်း များကို အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်း အဆင့် ကျောင်းပေါင်း ၆,၁၇၈ ကျောင်း၊ အလယ်တန်း အဆင့် ကျောင်းပေါင်း ၁၅,၈၇၇ ကျောင်း၊ မူလတန်း အဆင့် ကျောင်းပေါင်း ၂၅,၇၀၅ ကျောင်း စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၄၇,၇၆၀ ကျောင်း ရှိပါကြောင်း၊ စာသင်ကျောင်းများကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ် နိုင်သည့်အတွက် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထိုသို့ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့် ၅,၂၀၉ ကျောင်း၊ အလယ်တန်း အဆင့် ၁၂,၇၈၆ ကျောင်း၊ မူလတန်းအဆင့် ၂၁,၂၄၇ ကျောင်း စုစုပေါင်း ၃၉,၂၄၂ ကျောင်း ဖွင့်လှစ်နိုင် ခဲ့ပြီဖြစ် ပါကြောင်း၊ CDM ပြုလုပ်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်နှောင့်ယှက်ခြင်းများကြောင့် ကျောင်း အချို့ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါကြောင်း၊ အခြေခံ ပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၄၂၅,၇၉၇ ဦး၊ အလယ်တန်းအဆင့် ၁,၅၀၉,၅၈၂ ဦး၊ မူလတန်းအဆင့် ၃,၂၈၀,၅၉၂ ဦး စုစုပေါင်း ၅,၂၁၅,၉၇၁ ဦး စာရင်းသွင်း ထားရှိပါ ကြောင်း၊ လက်ရှိ အတန်းတက်ရောက်မှုအနေဖြင့် အထက်တန်းအဆင့် ၃၆၃,၃၇၂ ဦး၊ အလယ်တန်း အဆင့် ၁,၂၄၃,၁၆၀ ဦး၊ မူလတန်းအဆင့် ၂,၆၁၉,၃၅၅ ဦး၊ စုစုပေါင်း ၄,၂၂၅,၈၈၇ ဦး ကျောင်းတက်ရောက် လျက်ရှိပါကြောင်း၊ ကျောင်းတက်ရောက်မှုအနေဖြင့် ၈၁ ရာခိုင်နှုန်းရှိသည့်အတွက် ရာနှုန်းပြည့် ကျောင်း တက်နိုင်ရေးကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် ကျောင်းသားများ ပညာ သင်ကြားခွင့် မနစ်နာစေရေးအတွက် ကျောင်းများ အားလုံး ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းခြင်း၊ လိုအပ်သော ဆရာ၊ ဆရာမများ ခန့်ထားခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ကာယကံရှင်များမှ မိမိတို့ သား၊ သမီးများ ဘဝတိုးတက်စေရေးအတွက် ကိုယ်တိုင် ဆန္ဒဖြင့် ကျောင်းတက်နိုင်ရေး ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ကျောင်း မတက်ရေး လှုံ့ဆော်ချက်များသည် တိုင်းရင်းသား ပြည်သူလူထု၏ သားသမီးများကို ပညာမဲ့များ ဖြစ်စေ ပြီး တိုင်းပြည်နှင့် လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေခြင်းဖြစ်သဖြင့် သတိရှိကြရန် လိုအပ်ပါကြောင်း။
တတ်နိုင်သမျှ ချီးမြှောက်သွားမည်
အခြေခံပညာ ဆရာ၊ ဆရာမများအနေနှင့်လည်း အထက်တန်းပြ ၃၂,၈၄၇ ဦး၊ အလယ်တန်းပြ ၁၀၅,၀၂၈ ဦး၊ မူလတန်းပြ ၁၆၀,၀၂၉ ဦး၊ စုစုပေါင်း အခြေခံပညာဆရာ၊ ဆရာမပေါင်း ၂၉၇,၉၀၄ ဦး ရှိပါကြောင်း၊ လက်ရှိ စာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအနေဖြင့် အထက် တန်းပြ ၃၁,၈၃၇ ဦး၊ အလယ်တန်းပြ ၁၀၂,၉၀၁ ဦး၊ မူလတန်းပြ ၁၅၅,၄၇၀ ဦး၊ စုစုပေါင်း ၂၉၀,၂၀၈ ဦး စာသင်ကြားပေးလျက် ရှိပါကြောင်း၊ တာဝန်ကျေပွန်စွာ ထမ်းဆောင်နေ ကြသော ဆရာ၊ ဆရာမများအား နိုင်ငံတော်က တတ်နိုင်သမျှ ချီးမြှောက်သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပညာရေးမြှင့်တင်ရေး လုပ်ငန်းများကို အလေးထား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေ ဖြင့် ကျောင်းနေအရွယ် ကလေးငယ်တိုင်း (KG+9) (အခြေခံပညာအလယ်တန်းအဆင့်) အဆင့်ပြီးဆုံး သည်အထိ ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး KG+9 သည် လက်ရှိအစိုးရ၏ ပညာရေးရည်မှန်းချက်သာ ဖြစ်ပါကြောင်း၊ KG+9 အဆင့် အနည်းဆုံး ပြီးမြောက်မှ Vocational Training ကို ကူးပြောင်းနိုင်မည်ဖြစ်ပါကြောင်း၊ KG+9 ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားရန်အတွက် အခြေခံရသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်းပညာသင် ကျောင်းများသို့ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အထက်တန်းပညာ၊ အဆင့်မြင့်ပညာ များဆီသွားနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းအချက်သည် တိုင်းပြည်ပညာရေးကို မြှင့်တင်ခြင်းဖြစ်ပြီး ထိုသို့ မြှင့်တင်နိုင်မှလည်း တိုင်းပြည်၏ အနာဂတ် ဒီမို ကရေစီနိုင်ငံ တစ်ခုတည်ဆောက်နိုင်ရန် အထောက် အကူရမည်ဖြစ်ပြီး အထူးအလေးထားနိုင်ရန် လိုအပ် မည်ဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရေး အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း။
ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်း
တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ် ဆေးဝါးအန္တရာယ်တားဆီးနှိမ်နင်းရေးနှင့် ပတ်သက် ၍လည်း မူးယစ်ဆေးဝါး တရားမဝင်ရောင်းချသူ များသည် လူငယ်များကို ပစ်မှတ်ထားလာကြကာ အချို့ဒေသများတွင် စာသင်ကျောင်းများ ပတ်ဝန်းကျင် သို့ပင် ရောက်ရှိလာကြကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ အထိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှုအမှု ပေါင်း ၆,၄၄၄ မှု (တန်ဖိုးငွေကျပ် သိန်း ၉,၇၂၇,၈၉၁ ဒသမ ၉၈၃ ခန့်) နှင့် ဖမ်းဆီးရမိ သူ ကျား/မ စုစုပေါင်း ၉,၂၄၉ ဦးထိ ရှိခဲ့ပါကြောင်း၊ ကြီးမားသောအန္တရာယ်ကို ဘက်ပေါင်းစုံမှ တားဆီး နှိမ်နင်း၍ ကာကွယ်လျက်ရှိပါကြောင်း။
အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေ
နိုင်ငံတော်၏ လက်ရှိအခြေအနေအရ နိုင်ငံတော် တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် အခြေအနေ များနှင့်ပတ်သက်၍ ရှေ့ပိုင်းတွင် နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ဆောင်ချက်များ ကို အကျဉ်းချုပ်တင်ပြပြီး ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော် တာဝန်ရယူထားချိန်တွင် တာဝန်များအား စွမ်းအား ရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့သော်လည်း ပြည်တွင်း/ပြည်ပ နှောင့်ယှက်ဟန့်တားမှုများ ရှိခဲ့ပါကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေများအား ခြုံငုံသုံးသပ် ကြည့်လျှင် ပြည်တွင်း/ ပြည်ပ အကြမ်းဖက်သမား များနှင့် ၎င်းတို့ကို အားပေးနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီ ထက် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေပါကြောင်း၊ လက်ရှိအခြေအနေမှာလည်း ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအချို့တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဖျက်ဆီးမှုများ ရှိနေသကဲ့သို့ နိုင်ငံအတွင်း မြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်ထားရန် ရှိနေပါကြောင်း၊ ထို့ကြောင့် လွတ်လပ်၍ တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကို ပုဒ်မ ၄၂၉ အရ ကျင်းပနိုင်ရန်အတွက် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ကျန်ရှိနေပါသေးကြောင်း၊ အစီရင်ခံတင်ပြခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ၆ လတိုးမြှင့်သွားရန် လိုအပ်သည်ဟု တင်ပြလိုပါကြောင်း၊ အဆိုပါ ကာလအတွင်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အထူး ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆောင်ရွက်မှသာ ပြည်သူ့လိုလားချက်ဖြစ် သည့် “စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်” လမ်းကြောင်းမှန်ကို ပြန်လည် ရောက်ရှိလာမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်ဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အစွမ်းကုန် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ “စစ်မှန် စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်” နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ” ကို အာမခံပါကြောင်း၊ ကတိကဝတ်များအတိုင်း ဆောင် ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်နှင့် ပြည်သူလူထု တို့၏ ကောင်းသောအနာဂတ် ဖြစ်လာစေရေး ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနှိုးဆော်အပ်ပါ ကြောင်းဖြင့် ပြောကြားသည်။
သဘောတူထောက်ခံ
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအဖွဲ့ဝင်များက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တင်ပြသည့် အရေးပေါ် အခြေအနေကြေညာထားသည့် ကာလ အား သက်တမ်းတိုးမြှင့်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ၆ လ ထပ်မံ သက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ယာယီသမ္မတ ဦးမြင့်ဆွေ ကစတင်၍ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီဝင်များက အလှည့်ကျ ဆွေးနွေးကြပြီး သဘောတူထောက်ခံပါကြောင်း အတည်ပြု တင်ပြကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဖြည့်စွက်ဆွေးနွေးရာတွင် “ကျွန်တော်တို့ ပြီးခဲ့တဲ့ ကာလအတွင်းမှာ ပဋိပက္ခတွေဖြစ်ပွားတဲ့ အခါ တတ်နိုင်သလောက် သွေးထွက်သံယိုမှု အနည်းဆုံး၊ အာဃာတ တရားအနည်းဆုံးဖြစ်အောင် ရည်ရွယ်ပြီးတော့မှ ထိန်းသိမ်းဆောင်ရွက်ခဲ့တာ ရှိပါတယ်၊ အထူးသဖြင့် ပြည်သူတွေကို ကာကွယ် တဲ့နေရာမှာ ပြည်သူများအားလုံးကို ကျွန်တော်တို့ ကာကွယ်မှုမပေးနိုင်တာတော့ ရိုးသားစွာဝန်ခံ ပါတယ်၊ ဒါကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေကိုလည်း လိုအပ်တဲ့နေရာမှာ တစ်နိုင်ငံလုံးဖြန့်ကြက်ပြီးဆောင်ရွက်ရတဲ့အတွက် ကြောင့် ကျွန်တော်တို့ဒီမှာ ပြည်သူအားလုံးကိုလည်း အလုံးစုံကာကွယ်မှုတော့ မပေးနိုင်ခဲ့ပါဘူး၊ တချို့ ပြည်နယ်နှင့် တိုင်းများဖြစ်တဲ့၊ အခုအခြေအနေမှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အချို့မြို့နယ်တွေမှာ အကြမ်းဖက်မှု ဖြစ်စဉ်များ ရှိနေဆဲဖြစ်ပါတယ်၊ ဒါကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်လျက် ရှိပါတယ်၊ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များ လုပ်ကြံ သတ်ဖြတ်ခံရခြင်းဖြစ်ပါတယ်၊ ပြည်နယ်နဲ့ တိုင်း အသီးသီးမှာရှိတဲ့ မြို့နယ် ၁၀၉ မြို့နယ်မှာ ဖြစ်စဉ် ပေါင်း ၂၇၂ ကြိမ် ရှိပြီးတော့မှ လုပ်ကြံသတ်ဖြတ် ခံရသူပေါင်း ၂၈၂ ယောက် ရှိခဲ့ပါတယ်၊ တစ်ခါ ဒီထက်ဆိုးတာကတော့ ပညာရေးဝန်ထမ်းများ နဲ့ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခြင်း ဖြစ်ပါတယ်၊ ကျောင်းဆရာ၊ ဆရာမ ၃၀ ဦးကို သတ်ခဲ့တာ ရှိပါတယ်၊ ကျောင်းတွေ မီးရှို့ဖျက်ဆီး ခဲ့တာ ၅၀၄ ကြိမ် ရှိပါတယ်၊ ကျန်းမာရေးဝန်ထမ်း များကို သတ်ဖြတ်ခဲ့တာရှိပါတယ်၊ တိုက်ခိုက်ခဲ့တာ ရှိပါတယ်၊ ဒါကြောင့်အများပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ ပညာသင်ကြားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေဒီထက်ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် အချိန်တစ်ခုပေးပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်၊ ဒါလည်းကောင်စီဝင် များအနေနဲ့ ထည့်သွင်းစဉ်းစားပြီးတော့မှ ထားဖို့ တင်ပြလိုပါတယ်၊ ထောက်ခံတင်ပြပေးတဲ့အတွက် လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် လုပ်ဆောင်ရတဲ့ လုပ်ငန်းပမာဏကလည်း တော်တော်လေး ကြီးမားပါတယ်၊ အခုဆိုရင်လည်း ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ထိန်းချုပ် နိုင်ပြီဆိုသော်လည်းပဲ အိုမီခရွန်တွေ့ရှိမှုကလည်း ရှိနေပါတယ်၊ တွေ့ရှိမှုရှိတဲ့အတွက်ကြောင့် ဒါကို လည်း သတိကြီးစွာထားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်၊ ဒါကိုထိန်းချုပ်နိုင်ဖို့အတွက် တစ်ဖက်က နေထိုင်မှု စည်းကမ်းတွေကို ထိန်းချုပ်သလိုပဲ တစ်ဖက်ကကာကွယ်ခြင်း ကုသခြင်း အပိုင်းတွေ၊
လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးဝါးနဲ့ ပစ္စည်းတွေကို လည်း ကျွန်တော်တို့ ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ တော်တော့်ကို ကြိုးစားရမှာ ဖြစ်ပါတယ်၊ ဒါတွေကစဉ်ဆက်မပြတ် သုံးရမှာ ဖြစ်တဲ့အတွက်ကြောင့် ငွေကုန်ကြေးကျ များမှာ ဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းပြည်စီးပွားရေး မြှင့်တင်ဖို့အတွက်လည်း လိုပါတယ်၊ ဒါ့ကြောင့် ကျွန်တော်က တိုင်းပြည်ရဲ့ အဓိကထုတ်ကုန်ဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကုန်ထုတ်လုပ်မှုနဲ့ စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းတွေ အားလုံးကို ပြည်တွင်းမှာပဲ ဖူလုံအောင်ထုတ်ရမယ်၊ ပြည်ပ ကနေ လုံးဝမသွင်းရဘူးဆိုပြီး မူဝါဒချမှတ်ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပါတယ်၊ ဖေဖော်ဝါရီလကနေ ကျွန်တော်တို့ ဒီဘက်ပိုင်းကိုတော့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ သက်ဆိုင်ပါ တယ်၊ ကျွန်တော်တို့ တော်တော်လေးထိန်းထိန်း သိမ်းသိမ်းဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် ဒေါ်လာ သန်းပေါင်း ၆၄၀ လောက် ပိုငွေပြခဲ့ပါတယ်၊ လက်ရှိအခြေအနေမှာ ဇန်နဝါရီလအထိ ၉၉ သန်း ပိုပါတယ်၊ ကုန်သွယ်မှုပိုငွေရှိပါတယ်၊ ဒီဖေဖော်ဝါရီ လမှာလည်း သေချာပေါက်ပိုငွေရှိပါတယ်၊ အဓိက တော့ တောင်သူတွေကနေ၊ ကျေးလက်နေ ပြည်သူ များရဲ့ ကုန်ထုတ်လုပ်မှုတွေကို မြှင့်တင်ပေးမယ် ဆိုရင် ကျွန်တော်တို့ အိမ်နီးနားချင်းတိုင်းပြည်တွေ မှာတင် ကျွန်တော်တို့ ဈေးကွက်ရှိပါတယ်၊ တရုတ် ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ အိန္ဒိယရယ်၊ ဒီသုံးနိုင်ငံက ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန် တွေ အကုန်ယူပါတယ်၊ သူတို့က၊ ကျွန်တော်တို့ ဈေးကွက်ကြီး ရှိနေတယ်၊ တောင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် တစ်ဖက် က သူတို့ရဲ့ အခြေခံစီးပွာရေးကောင်းလာရင်၊ ဝင်ငွေကောင်းလာရင်၊ လူမှုစီးပွားတက်လာလို့ရှိရင် သူတို့ရဲ့ လူမှုစီးပွားဘဝတက်လာလိမ့်မယ်၊ မြင့်လာ လိမ့်မယ်၊ ပညာသင်ကြားနိုင်လာလိမ့်မယ်၊ ပိုက်ဆံ မရှိလို့ မသင်ရတဲ့ ဆင်ခြေမျိုးတွေ လျော့သွားမှာ ဖြစ်ပါတယ်၊ တစ်ဖက် တိုင်းပြည်ဝင်ငွေလည်းရမယ်၊ တိုင်းပြည်အတွက် အခွန်အခလည်းရမယ်၊ ဒါကြောင့် ကျွန်တော်က ပြည်တွင်း စီးပွားရေးကိုတော့ အလေးထားတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြား ကလည်း ဝေဖန်မှုတွေ ရှိပါတယ်၊ ကျွန်တော်တို့ ပြည်တွင်းကို အလွန်အကျွံ အားပေးတယ်ဆိုပြီး တော့ ဒါတွေလည်း ဝေဖန်မှုတွေရှိတယ်၊ ကျွန်တော် ထင်ပါတယ်၊ ဒါကတော့ အဖျက်လုပ်ငန်း လုပ်တယ် လို့ ထင်ပါတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ သိရှိနိုင်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ ပြည်တွင်း ရေးကို အင်အားခိုင်မာအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်၊ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်း မှာပဲ ရှိပါတယ်၊ ဘယ်မှာမှ သွားရှာလို့မရပါဘူး ပြည်တွင်းအားကိုပဲရအောင် လုပ်ရမှာဖြစ်ပါတယ်၊ ပြည်တွင်းစီးပွားရေးအား၊ ပြည်တွင်း နိုင်ငံရေး ခိုင်မာမှုအင်အား၊ ပြည်တွင်း ကာကွယ်ရေးစွမ်းပကား၊ ဒီအားသုံးအားကို ကျွန်တော် ဒီရတဲ့အချိန်လေး အတွင်းမှာ ကြိုးစားတည်ဆောက်သွားမယ်ဆိုတာ ကျွန်တော်တင်ပြလိုပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေက နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အခက်အခဲပေါင်းစုံကြားမှ စနစ်တကျ စီမံဆောင် ရွက်၍ ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက် ခဲ့ခြင်းကြောင့် နိုင်ငံအနေဖြင့် ထိုက်သင့်သလောက် တိုးတက်မှုရှိလာသည်မှာ အားလုံးအသိပင်ဖြစ် ကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်အောင် ဆောင်ရွက်မှုများ အောင်မြင်လာ ပြီဖြစ်ကြောင်း၊ ယနေ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက်များအရ ကောင်စီဝင်များ အားလုံး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အခက် အခဲများမှ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့်များမရှိပါက ယခုထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအရ အရေးပေါ်အခြေအနေ ကြေညာ ထားသည့် ကာလအား ၆ လ သက်တမ်းတိုး လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၂) အားရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်