
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း
===============================================================
ဒီကနေ့ဆိုရင် ပြည်သူလူထုကို တင်ပြတဲ့ နေရာမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ဆက်စပ်နေ တဲ့ ကိစ္စတစ်ခုပေါ့။ နိုင်ငံအတွက်လည်း အင်မတန်မှ ကိုဗစ်ရောဂါနည်းတူ အရေး ကြီးတဲ့ ကိစ္စအကြောင်း ပြောချင်ပါတယ်။ အဲဒါကတော့ ကျွန်မတို့ရဲ့ အထွေထွေ ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုအထွေထွေရွေးကောက်ပွဲ တကယ်တော့စနေပါပြီ။ စနေပါပြီလို့ ပြောရ တဲ့အကြောင်းက နိုင်ငံခြားမှာဆိုရင် သံရုံး တွေမှာ၊ နိုင်ငံခြားမှာရောက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ စပြီးတော့ ကြိုတင်မဲ ပေးနေပါပြီ။
အဲဒီကြိုတင်မဲပေးနေတဲ့ အခြေအနေ ကလည်း အင်မတန်မှ ကျွန်မတို့အတွက် ဂုဏ်ယူစရာ ကောင်းတယ်လို့ ပြောနိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပရောက် နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ သူတို့ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်ကို ကျေပွန် စွာ ထမ်းဆောင်နေပါတယ်။ အင်နဲ့အားနဲ့ ကိုစပြီး ကြိုတင်မဲတွေကိုပေးပါတယ်။ အခု ဆိုရင် သံရုံးဌာန ၁၀ နေရာမှာ ကြိုတင်မဲ တွေ ပေးလို့ပြီးပါပြီ။ ပုံစံ (၁၅) ပေါ့နော်။ နိုင်ငံခြားမှာ ကြိုတင်မဲပေးဖို့ ပုံစံ (၁၅) မှာ ဖြည့်ထားတဲ့ နိုင်ငံသူ၊ နိုင်ငံသားပေါင်းဟာ ၁၀၉၀၀၀ ကျော်ဖြစ်ပါတယ်။ အခုဆိုရင် စနေ၊ တနင်္ဂနွေမှာစပြီး ပေးလိုက်တဲ့ ကြိုတင်မဲပေါင်းဟာဆိုရင် ၁၅၀၀၀ ကျော် သွားပါပြီ။ ၁၅၉၇၁ ယောက်ထင်ပါတယ်။ အဲဒီတော့ တော်တော်ကို မြန်မြန်ဆန်ဆန်နဲ့
b ရှေ့ဖုံးမှ
ကျွန်မတို့ ပြည်သူတွေဟာ တက်တက်ကြွကြွနဲ့ ကြိုတင်မဲတွေပေးနေတယ်ဆိုတာ သိရပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ နိုင်ငံ့အတွက် ကျေးဇူးတင်တာပါ။ နိုင်ငံအတွက် အင်မတန်မှ သိက္ခာရှိတဲ့ကိစ္စပါ။ နိုင်ငံသားများဟာ ဘယ်နေရာရောက်ရောက် ဘယ်လိုအခြေအနေမှာပဲ ရှိရှိ ဒုက္ခခံပြီး နိုင်ငံသားတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်တယ်ဆိုတာ ကျွန်မတို့အတွက် တစ်တပ် တစ်အားဖြစ်ပါတယ်။
ဒီအချိန်မှာဆိုရင် ကျွန်မတို့နိုင်ငံက အားလုံး စုပေါင်းပြီး၊ အင်အားတွေကိုစုပြီး၊ ကိုဗစ်ကိုလည်း ကျော်လွှားရမယ်။ ရွေးကောက်ပွဲကိုလည်း အောင်အောင် မြင်မြင်ဖြစ်အောင် ကျင်းပနိုင်ရမယ်။ ဒီနှစ်ခုကို အမြဲ တွဲပြီးစဉ်းစားပါတယ်။ ဘယ်လို စဉ်းစားလဲဆိုတော့ အထွေထွေရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ ပြည်သူ ပြည်သားများဟာ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ ရွေးကောက်ပွဲမှာ သွားပြီးမဲပေးနိုင်ဖို့ကို ကျွန်မတို့ စီစဉ် ပါတယ်။ အဲဒီအတွက်လည်း သေသေချာချာ လေ့ကျင့် ပါတယ်။ ဥပမာဆိုရင် မနက်ဖြန်မှာ ပထမဦးဆုံးအကြိမ် တကယ့်ကို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ဘယ်လိုပုံစံ နဲ့ မဲရုံတွေမှာ ကျင်းပမလဲ၊ ပြည်သူတွေက ဘယ်လိုပုံစံ နဲ့ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင် စီစဉ်မလဲဆိုတာ လေ့ကျင့်ပြီးတော့ သေသေချာချာ စစ်ဆေးပါမယ်။ ဘာလုပ်ဖို့လိုလဲ၊ ဘယ်လိုအကောင်းဆုံး ဖြစ်အောင် ကျွန်မတို့လုပ်ရမလဲ၊ ပြည်သူတွေအတွက် စိတ်လုံခြုံမှုလည်းရအောင်၊ တကယ်လည်းလုံခြုံအောင် လို့ ဘယ်လိုစီစဉ်ရမလဲဆိုတာတွေကို ကျွန်မတို့သတ်မှတ် ပါမယ်။ အဲဒီလို လေ့ကျင့်မှုကို ရွေးကောက်ပွဲမတိုင်မီ (၃)ကြိမ် လုပ်ပါမယ်။ (၃)ကြိမ်အပေါ်မှာ အခြေခံပြီး ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ချမှတ်မလဲဆိုတာ သေသေချာချာ စဉ်းစားပါမယ်။ နောက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ဦးဆောင်ပြီး အစီအစဉ်တွေကို အကောင် အထည်ဖော်ပါမယ်။
နောက်ပြီး ပြည်သူပြည်သားများဟာ ရွေးကောက် ပွဲမှာ မဲပေးခြင်းဟာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန် ဆိုတာသိပြီးသလို ကိုဗစ်ရောဂါ မကူးစက်အောင် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာခြင်းဆိုတာလည်း နိုင်ငံသူ၊ နိုင်ငံသားများရဲ့ တာဝန်ဆိုတာ နားလည် စေချင်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ အခုဆိုရင် တစ်နေ့တစ်နေ့မှာ ရောဂါကူးနှုန်းဟာ ၁၀၀၀ ကျော် လာပါပြီ။ ၁၀၀၀ ကျော်တော့ တချို့ကလည်း အင်မတန် မှ စိုးရိမ်တာပေါ့။ စိုးရိမ်တယ်ဆိုတာလည်း စိုးရိမ်သင့် သလောက် စိုးရိမ်ဖို့က မှန်ပါတယ်။ သိပ်ပြီးတော့လည်း စိုးရိမ်ကြောင့်ကြမှုမဖြစ်စေချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ အရင်အပတ်ကလည်း သတိပေးခဲ့ပါ တယ်။ မြန်မြန်ဆန်ဆန်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ Antigen Test Kit တွေနဲ့ စသုံးပြီဆိုတော့ များများ တွေ့မှာပါ။ များများကို မြန်မြန်တွေ့မယ်။ မြန်မြန်ကုသမှု ပေးနိုင်မယ်ဆိုတဲ့ သဘောလည်းရှိပါတယ်။ အခုဆိုရင် ရန်ကုန်မှာတင်မက တခြားတိုင်းဒေသကြီး၊ ပြည်နယ် တွေမှာလည်း Test Kit ကို စပြီးသုံးနေပါပြီ။ သုံးနေလို့ မြန်မြန်ရောဂါပိုးကို တွေ့မှာဖြစ်ပါတယ်။ စောစော ကုသမှုပေးနိုင်ရင် ပိုပြီးတော့ ပျောက်နှုန်းက ပိုများတယ်။ နောက်ပြီး မြန်မြန်ဆန်ဆန်လည်း ပိုပြီးပျောက်မယ်။ အဲဒါကို ပြည်သူပြည်သားတွေလည်း သိပြီးသားလို့ ထင်ပါတယ်။
အရေးကြီးတာကတော့ ရောဂါလက္ခဏာပြတာနဲ့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကို သွားဖို့ပါ။ တချို့က သွားတယ်ပေါ့။ ဆေးရုံတွေကို သွားတဲ့အခါကျတော့ ခုတင်တွေတောင်မှ နေရာမရှိဘူးလို့ ဆိုကြပါတယ်။ ဒါလည်း တချို့နေရာတွေမှာ ဖြစ်တယ်ဆိုတာ မှန်ပါ တယ်။ အဲဒီအတွက်လည်း ကျွန်မတောင်းပန်ပါတယ်။ ဒါပေမယ့် အခုဆိုရင် ဆေးရုံတွေလည်း လုံလုံလောက် လောက်ရှိအောင် ကိုဗစ်ရောဂါကိုကုသဖို့ တခြားဌာန တွေလည်း၊ ကျန်းမာရေးဝန်ကြီးဌာနကနေ ထူထောင် ထားတဲ့ ဌာနတွေမှာလည်း၊ နေရာလုံလုံ လောက်လောက် ရှိအောင် ကျွန်မတို့ စီစဉ်နေပါတယ်။ စီစဉ်တာလည်း တော်တော်ထိရောက်နေပြီ ဖြစ်ပါတယ်။ ဒီလိုစီစဉ်တဲ့ နေရာမှာ ကျွန်မတို့ကို ဝိုင်းဝန်းကူညီကြတဲ့ ပြည်သူ၊ ပြည်သားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဖွဲ့အစည်း များ၊ ပုဂ္ဂိုလ် တစ်ဦးချင်း တစ်ဦးချင်း၊ တတ်နိုင်တဲ့နည်းနဲ့ ပြည်တွင်းကရော၊ ပြည်ပကရော ကူညီတဲ့သူတွေ အားလုံး ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
ကျွန်မတို့နိုင်ငံမှာ တကယ်ကို အရေးကြီးရင် သွေးစည်း တယ်ဆိုတာ အခု ကိုဗစ်ရောဂါက ပြနေပါတယ်။ ကျွန်မ တို့ရဲ့ ပြည်သူပြည်သားတွေဟာ အရေးကြီးပြီဆိုရင် သွေးစည်းကြပါတယ်။ ဒါဟာ ကျွန်မတို့အတွက် အင်အား လည်းဖြစ်ပါတယ်။ ကူညီတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး များ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ များလွန်းအားကြီးလို့ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို နာမည်ဖော်ပြီးတော့ အခုဒီမှာ ကျေးဇူးတင်ကြောင်း မပြောနိုင်ပါဘူး။ သို့သော် လည်း အများဆုံးကူညီတဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အမည်စာရင်းတွေကို နိုင်ငံပိုင်သတင်းစာတွေမှာ ထည့်ပြီး ကြေညာပြီး ကျေးဇူးတင်ကြောင်း ပြောမှာဖြစ်ပါတယ်။ အဲဒီလိုပြောတဲ့အခါကျတော့ ပေးနိုင်တဲ့သူကိုပဲ ကျေးဇူး တင်သလားဆိုတော့ မဟုတ်ပါဘူး။ တစ်ဦးချင်း၊ တစ်ဦးချင်း ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်နေတဲ့ ပြည်သူ၊ ပြည်သား အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဘယ်သူ ကမှတော့ ရောဂါမရချင်ဘူး။ ဒါပေမယ့် မရချင်ရုံနဲ့ မလုံ လောက်ပါဘူး။ မရအောင်နေဖို့က အဓိက အင်မတန်မှ အရေးကြီးပါတယ်။
ကျွန်မ ထပ်တလဲလဲ ပြောနေတဲ့ကိစ္စပါ။ မရအောင် နေဖို့ဆိုတာ အခြေခံလိုအပ်ချက်ကတော့ မများပါဘူး။ အခြေခံလိုအပ်ချက်က လူစုလူဝေးရှိရာကို မသွားဖို့၊ အိမ် အပြင် မထွက်ဖို့ဆိုတာ အိမ်အပြင် မထွက်စေချင်လို့ မဟုတ်ဘူး။ အိမ်အပြင်ထွက်သွားရင် တခြားအပြင်မှာ ရောဂါရှိပြီးတော့ သေချာလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေ မလုပ်ထားတာ။ ဥပမာ လွယ်လွယ်နဲ့ ပြောရမယ်ဆိုရင် Mask မတပ်ထားတာပေါ့။ နှာခေါင်းစည်း မတပ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့မှုရှိရင် အန္တရာယ်ရှိမှာစိုးလို့ အပြင် မသွားဖို့ပြောတာပါ။ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေဖို့ပါ။ နောက်ပြီးတော့ ဈေးတွေဘာတွေဆိုရင်၊ လူများတဲ့နေရာ တွေမှာဆိုရင် မသွားဖို့၊ လူများတဲ့နေရာတွေမှာ မရှောင်သာ လို့ သွားရမယ်ဆိုရင် ဈေးကတော့ မရှောင်သာလို့ သွားရ မယ့်နေရာတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ကမိသားစုအတွက်တော့ စားဖို့သောက်ဖို့ သွားဝယ်ဖို့ လိုမယ်။ ဒါကြောင့် ကျွန်မတို့က တစ်ယောက်၊ လိုအပ်မှ တစ်ယောက်ထက်ပိုပြီး သွားပါဆိုတာလည်း အကြိမ်ကြိမ် ဆော်ဩပါတယ်။ အဲဒီလို သွားတဲ့အခါမှာလည်း Mask တပ်သွားပါ။ နောက်ပြီး ဈေးသွားတယ်ဆိုရင်လည်း လက်အိတ်ဝတ်ရင် အထောက်အကူအများကြီး ဖြစ်ပါ တယ်။ နောက်ပြန်လာတဲ့အခါကျ ချက်ချင်း လက်ကို သေသေချာချာ သန့်သန့်စင်စင်ဆေးဖို့၊ နောက်ပြီး အဝတ်အစားတွေလဲဖို့လိုရင် ချက်ချင်းလဲပြီး လျှော်ဖို့၊ ဒါတွေလည်း အများကြီးသတိပေးပါတယ်။
Mask တွေကို အထူးသဖြင့် ရန်ကုန်တိုင်းမှာပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာကတော့ ရောဂါပိုးပြန့်ပွားမှုဟာ များတဲ့တစ်နေရာဖြစ်နေတယ်။ အဲဒီမှာ Mask တွေမတပ် ဘဲ ဈေးတွေမှာသွားတာ များလွန်းလို့၊ လူစုလူဝေးရှိတဲ့ နေရာတွေ များလွန်းလို့ အခုဆိုရင် ငွေဒဏ်ရိုက်ဖို့ဆိုပြီး ဆုံးဖြတ်ပါတယ်။ အဲဒီတော့ Mask မတပ်ဘဲ ဈေးတွေ၊ လူစုလူဝေးရှိတဲ့နေရာတွေ သွားတဲ့သူတွေကို Mask တပ် ရမယ့်နေရာ တပ်ပါဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက နေပြီး စည်းကမ်းချက်ထုတ်ထားတဲ့ နေရာတွေမှာ Mask မတပ်ရင် အခုဆိုရင် စပြီး ငွေဒဏ်ရိုက်မှာဖြစ်ပါတယ်။ ငွေဒဏ်အများကြီး မရိုက်ပါဘူး။ ဒီလို ငွေဒဏ်ရိုက်တယ် ဆိုတာလည်း ပြည်သူတွေ ဒုက္ခပေးချင်လို့ မဟုတ်ဘူး။ ဒီအချိန်မှာ ကျွန်မတို့နိုင်ငံ တခြားနိုင်ငံများနည်းတူ စီးပွားရေးအကျပ်အတည်းတွေ ရှိတယ်ဆိုတာလည်း ကျွန်မတို့ နားလည်ပါတယ်။ ဒီလိုစီးပွားရေး အကျပ်အတည်း တွေ ရှိတဲ့အချိန်မှာ ပိုပြီးတော့ ပြည်သူတွေအတွက် မလို အပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ မပေးချင်ပါဘူး။ ဒါပေမယ့် လည်း ဒါဟာအရေးကြီးတယ်ဆိုတာ နားလည်စေချင်ပါ တယ်။ ဒါကြောင့် ငွေဒဏ်ရိုက်မယ်။ ငွေဒဏ်ရိုက်တဲ့ တစ်ချိန် တည်းမှာလည်း Mask တစ်ခုကိုလည်း ပေးမှာမဟုတ်ဘူး။ ဝယ်ခိုင်းမှာပါ။ ဒီငွေဒဏ်ထဲမှာ Mask တစ်ခုရဲ့တန်ဖိုးပါ တယ်။ ငွေဒဏ်တော့ ပေးရမယ်။ မများပါဘူး။ နှစ်ရာလို့ သတ်မှတ်ထားတယ်။ နှစ်ရာထဲမှာ ဒဏ်ရိုက်တာက (၁၅၀)၊ Mask ဖိုးက (၅၀)ပါ။ Mask တစ်ခုလည်း ပေးပါမယ်။ အဲဒီတော့ ချက်ချင်းတပ်သွားပြီး ဒီဟာကို အလေ့အကျင့် ဖြစ်အောင် လုပ်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
တချို့နိုင်ငံတွေမှာ အထူးသဖြင့် စီးပွားရေးတောင့် တင်းတဲ့ နိုင်ငံတွေမှာဆိုရင် ဒီလိုမျိုး စီးပွားရေးဘက်ကို ပြန်ပြီးတော့ စဉ်းစားကြပါတယ်။ ဒီရောဂါကို လုံးဝ ထိန်းချုပ်နိုင်ပြီလားဆိုတော့ မထိန်းချုပ်နိုင်သေးပါဘူး။ မထိန်းချုပ်နိုင်သေးပေမယ့် ရေရှည်မှာ ဘယ်လိုစီးပွားရေးမကျဆင်းအောင်စပြီးတော့ ဘယ်လိုလှုပ်ရှားနိုင်မလဲလို့ သူတို့စဉ်းစားတဲ့နေရာမှာ ပထမဦးဆုံး သူတို့စဉ်းစားမိတဲ့ အချက်တစ်ခုကတော့ လူအများဟာ Mask တပ်တဲ့အလေ့ အကျင့်ကို ဖြစ်အောင်ကိုလုပ်ရမယ်ဆိုပြီး သူတို့ ပြောကြပါ တယ်။ ဒါတကယ်တော့ ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး။ Mask တန်ဖိုးတွေကလည်း အများကြီး ကျလာပါတယ်။ ကျလာတယ်ဆိုတာ ပြည်သူတွေကို ဆော်ဩပါရစေ။ အပြင်ထွက်ရင် Mask တပ်ပါ။ လက်ဆေးတဲ့အလေ့အကျင့် ကို တစ်ခါတည်းကို အရိုးစွဲသွားအောင်လို့ လုပ်ပါ။ ပြန်လာ တာနဲ့ လက်ဆေးတာ၊ ပြင်ပကပစ္စည်းတစ်ခုခုကို ကိုင်ပြီး တာနဲ့ လက်ဆေးတာ၊ တစ်ယောက်ယောက်လာရင် ဘယ်လိုပဲပြောပြော အားနာတာမဟုတ်ဘဲနဲ့ ဧည့်သည် တွေ၊ ဘာတွေဆိုရင်လည်း မလိုအပ်ဘဲ လက်မခံဘဲနဲ့၊ လိုအပ်လို့ မဖြစ်မနေတွေ့ဖို့လိုလို့ လာတယ်ဆိုရင်လည်း Mask တပ်ပါလို့ပြောပါ။ လက်ကို လက်သန့်စင်ရည်နဲ့ ဆေးဖို့လိုတယ်ဆိုရင်ပေးပါ။ ဆေးဖို့ပြောပါ။ ဒီဟာတွေ ကတော့ ကျွန်မတို့ အလေ့အကျင့်တစ်ခုလို၊ ယဉ်ကျေးမှု တစ်ခုလိုဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ဒီလိုပြောလိုက်ရင် တချို့က ဘယ်လောက်ကြာကြာ ကိုဗစ်ရောဂါနဲ့ ရုန်းကန် နေကြရဦးမှာလဲလို့ မေးတဲ့သူတွေလည်း ရှိပါတယ်။ အရင်လည်းကျွန်မတို့ ပြောပြီးပါပြီ။ ကာကွယ်ဆေးရှိလာ၊ ပေါ်လာတဲ့အထိတော့ ဒီလိုပဲ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီအောင်နေရမှာပဲဆိုတော့ ကာကွယ်ဆေးတွေ ဘယ်တော့ပေါ်လာမလဲဆို အများမှန်းတာတော့ ဒီနှစ်ကုန် လောက်ဆိုရင် စပြီးသုံးနိုင်တဲ့ ကာကွယ်ဆေး ပေါ်လောက် ပြီလို့ မှန်းကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း ကျွန်မတို့ အနေနဲ့ ကာကွယ်ဆေးတွေ ထုတ်မယ့်နိုင်ငံတွေကို၊ မိတ်ဆွေ နိုင်ငံတွေကို ချဉ်းကပ်ထားပါတယ်။ ကျွန်မတို့နိုင်ငံကို ဦးစားပေးပြီးတော့ ကာကွယ်ဆေးများ ရရှိရေးပေါ့။ လှူလို့ ရမယ့်ဟာလည်း ရှိမယ်။ ဝယ်လို့ရတဲ့ဟာလည်း ရှိမယ်။ ဝယ်ဖို့လိုရင်လည်း ဝယ်မယ်။ ကျွန်မတို့ ပြည်သူပြည်သား တွေရဲ့ ကျန်းမာရေးအတွက် သုံးသင့်သုံးထိုက်တဲ့နေရာ မှာ မတွန့်တိုပါဘူး။ သုံးပါမယ်။ ဒီလိုကာကွယ်ဆေးတွေ ကို သုံးပုံသုံးနည်းကတော့ မသေချာသေးပါဘူး။ နှစ်စဉ် သုံးရတဲ့ ကာကွယ်ဆေးမျိုးလည်း ဖြစ်နိုင်တယ်။ တစ်သက်မှာ တစ်ခါနဲ့ပြီးတဲ့ ကာကွယ်ဆေးမျိုးလည်း ဖြစ်နိုင်တယ်။ အများမှန်းတာတော့ တစ်သက်မှာ တစ်ခါ ပြီးတဲ့ ကာကွယ်ဆေးမျိုးတော့ ဖြစ်ဖို့ကသိပ်မရှိဘူး လို့တော့ မှန်းကြပါတယ်။ ဒါကိုတော့ ကျွန်မတို့ ကြည့်သေးတာပေါ့။ ဘယ်လိုပဲပြောပြော ကာကွယ်ဆေး ရတဲ့အထိတော့ ကျွန်မတို့ပြည်သူတွေ အင်မတန်မှ သတိထားဖို့လိုပါတယ်။ သတိထားပါလို့ ကျွန်မ ထပ်ပြီး တော့ ပြောချင်ပါတယ်။
အခု ကျွန်မတို့နိုင်ငံမှာဆိုရင် တခြားနိုင်ငံတွေ နည်းတူ ကုန်စည်တွေသယ်ဖို့ သယ်ယူပို့ဆောင်ရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် သယ်ယူ ပို့ဆောင်တဲ့ယာဉ်တွေကို မောင်းသူတွေနဲ့ အတူလိုက်ပါ တဲ့ သူတွေရဲ့ ကျန်းမာရေးကိုလည်း ကျွန်မတို့ကနေပြီး တော့ ဂရုစိုက်ရပါတယ်။ အခုဆိုရင် Antigen Test Kit တွေနဲ့ မြန်မြန်ဆန်ဆန် ရောဂါပိုး ရှိ၊ မရှိ ဆိုတာကို သယ်ယူပို့ဆောင်ရေးနဲ့ပတ်သက်တဲ့ ယာဉ်မောင်းနဲ့ အဖော်တွေကို စမ်းသပ်တာတွေ လုပ်နေပါတယ်။ အဲဒီတော့ တစ်နေရာကနေတစ်နေရာ ပိုးတွေမပြန့် အောင်လို့ပါ။ မပြန့်ပွားရေးကို ကျွန်မတို့က ဦးတည် ရမှာပါ။ ဖြစ်ပြီးတာတွေကတော့ ဖြစ်ပြီးပြီ။ ဒါတွေ ကတော့ အကောင်းဆုံးကုသမှုပေးပါမယ်။ ဒါနဲ့ ပတ်သက်လို့လည်း ကျွန်မ ထပ်တလဲလဲပြောပါတယ်။ ကျန်းမာရေးအခြေခံမကောင်းတဲ့ သူတွေအတွက် ပိုပြီးတော့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးအခြေခံမကောင်းတဲ့သူများဟာ မြန်မြန်ဆန်ဆန် ရောဂါ ရှိတယ်လို့ ထင်တာနဲ့ မြန်မြန်ဆန်ဆန်ကုသဖို့ရာ သွားကြပါ။ အဲဒီလို သွားလည်းအလကားပဲလို့ ပြောတဲ့ သူတွေရှိပါတယ်။ အလကားမဟုတ်ပါဘူး။ တချို့ နေရာတွေမှာ ဟုတ်ပါတယ်။ နည်းနည်းအထစ်အငေါ့ တွေ ဖြစ်ခဲ့တယ်။ သွားသွားချင်း ကုသမှုခံယူဖို့ ခက်ခဲတာ တွေရှိခဲ့တယ်။ တချို့နေရာတွေမှာ၊ တချို့ဆေးရုံတွေမှာ ခုတင် မလုံလောက်ဘူးဆိုတာတွေ ဖြစ်ခဲ့တယ်။ ဒါပေ မယ့် ကျွန်မတို့ ဒီပြဿနာတွေကို ကျော်လွှားဖို့ အစီအစဉ် တွေ လုပ်တာလည်း အောင်မြင်ပါတယ်။ ဒါကြောင့် ယုံယုံကြည်ကြည်နဲ့ သွားပါ။ ကျွန်မတို့ပြည်သူတွေကို တတ်နိုင်သမျှ ကုသမှုတွေပေးပါမယ်။ ပြည်သူတွေ ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။
ရွေးကောက်ပွဲကာလမှာဆိုရင် ရွေးကောက်ပွဲမဲပေး တဲ့အခါမှာ ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ဆို အခု ကတည်းက စပြီး စီစဉ်ပါတယ်။ အခုကတည်းကနေစပြီး စီစဉ်တယ်ဆိုတာ ရွေးကောက်ပွဲအထူးရဲတွေကို လေ့ကျင့် ပေးတဲ့အခါမှာလည်း အထူးရဲတွေမှာ ရောဂါပိုး ရှိ၊ မရှိ အမြန်သိနိုင်တဲ့ Antigen Test Kit နဲ့ စစ်ပေးနေပါတယ်။ အဲဒီတော့ တစ်လှမ်းချင်း၊ တစ်လှမ်းချင်းပေါ့။ ကျွန်မတို့က ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပြည်သူတွေရဲ့လုံခြုံရေး၊ ပြည်သူတွေရဲ့ နိုင်ငံသားတာဝန်တင်မကဘူး၊ နိုင်ငံသားရဲ့ အခွင့်အရေးဖြစ်မြောက်ရေးကို အားလုံးအဘက်ဘက် ကနေကြည့်ပြီး လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ပြည်သူ တွေက ကိုဗစ်ရောဂါပြန့်ပွားမှုကြောင့် စိတ်ဓာတ်ကျတာ မဖြစ်စေချင်ပါဘူး။ သတိတော့ထားပါ။ ကြောက်တာတွေ၊ စိုးရိမ်တာတွေ လွန်လို့ရှိရင် ဘာမှအထောက်အကူမဖြစ် ပါဘူး၊ သတိကတော့ လွန်ကဲတယ်လို့ မရှိနိုင်ဘူးဆိုတာ ကြောင့် သတိကိုတော့ ဆက်ပြီးတော့ ထားစေချင်ပါ တယ်။
နိုင်ငံတော်အနေနဲ့ အတတ်နိုင်ဆုံးလုပ်နေပါတယ် ဆိုတာကို အားလုံးကနေပြီးတော့ ယုံစေချင်ပါတယ်။ ဥပမာဆိုရင် ကျွန်မတို့ အခုကတည်းကစပြီးတော့ Quarantine ဝင်နေတဲ့ ပြည်သူတွေ ကြိုတင်မဲပေးနိုင် ဖို့အရေး၊ နောက်ပြီးတော့ ဆေးရုံတက်နေရတဲ့ ပြည်သူ တွေ ကြိုတင်မဲပေးနိုင်ဖို့အရေး ဒါတွေကိုလည်း စီစဉ် နေပါတယ်။ ဘယ်လိုပုံစံနဲ့ ထိလည်းထိရောက်ရမယ်၊ လုံလည်းလုံခြုံရမယ်၊ အားလုံးဟာကိုယ့်ရဲ့နိုင်ငံသား အခွင့်အရေးကိုလည်း အပြည့်အဝရရှိနိုင်မှာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နိုင်ငံသားအခွင့်အရေးဆိုတော့ b စာမျက်နှာ ၃ မှ
အခုတချို့မြို့နယ်တွေမှာ ရန်ကုန်ကဆိုရင် ရန်ကုန် တစ်တိုင်းလုံးလိုပဲပေါ့။ တခြားတိုင်းနဲ့ ပြည်နယ်တွေမှာ Stay at Home အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့ အမိန့်တွေ ထုတ်ထားတဲ့ မြို့နယ်တွေရှိပါတယ်။ အဲဒီမြို့နယ်တွေမှာ ဆိုရင် တချို့တွေက အစတုန်းကတော့ ကိုယ့်ရဲ့မူလမြို့နယ်၊ ကိုယ့်ရဲ့မူလ မိသားစုရှိရာ မြို့နယ်တွေကို ပြန်ပြီးမဲပေးမယ် ဆိုပြီးတော့ စီစဉ်တဲ့သူတွေက အခုတော့ ဒီလိုလုပ်ဖို့ မလွယ်တော့ဘူးဆိုတာကို မြင်လာကြတယ်။ အထူးသဖြင့် ရန်ကုန်ဆိုပါတော့။ အခုနယ်မှာရောက်နေတဲ့ ကျွန်မတို့ ပြည်သူတွေက အစတုန်းကတော့ ရန်ကုန်မှာ ရွေးကောက် ပွဲအတွက် တစ်ရက်နှစ်ရက် ပြန်ပြီးတော့ မဲပေးမယ်ဆိုပြီး တော့ စဉ်းစားခဲ့တဲ့ပုဂ္ဂိုလ်များဟာ အခုအချိန်မှာတော့ ဒီလိုလုပ်လို့မဖြစ်တော့ဘူးဆိုတာ သဘောပေါက်လာပြီ လို့ ကျွန်မထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Quarantine စည်းမျဉ်းစည်းကမ်းတွေကြောင့်ပါ။
အဲဒါနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ကလည်း ထုတ်ပြန်တာတွေ ရှိပါလိမ့်မယ်။ ထုတ်ပြန်တာတွေကို သတိမပြုမိတဲ့ ပြည်သူတွေရှိရင် ကျွန်မအနေနဲ့ သတိပေး ချင်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မတိုင်ခင်မှာ ပုံစံ(၃)နဲ့ လျှောက်လို့ရပါတယ်။ ရန်ကုန်မှာပြန်ပြီးပေးတာ မဟုတ်ဘဲနဲ့ နယ်ရောက်နေတယ်ဆိုပါတော့။ နယ်က မကွေးမြို့လေးတစ်မြို့မှာ ရောက်နေတယ်ဆိုရင် အဲဒီမှာပဲ မဲပေးရေးအတွက်ကို ၁၀ ရက်နေ့မတိုင်မီ ပုံစံ(၃)နဲ့ လျှောက်လို့ရပါတယ်။ အဲဒါကြောင့် ပြည်သူ ပြည်သားတွေ ကိုယ့်ရဲ့အခွင့်အရေးကို သုံးပြီးတော့ ကိုယ်တာဝန်ယူ ထမ်းဆောင်နိုင်အောင်လို့ ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဘက်က သိရတာကတော့ တချို့တွေက အခုဆိုရင် အွန်လိုင်းကနေ မဲစာရင်းတွေနဲ့ ပတ်သက်လို့ ပြည်သူတွေလုပ်နိုင်ဖို့အတွက် ပြည်သူတွေက ဆက်သွယ်ပြီးတော့ UEC အစီအစဉ်တွေအရ မဲပေးဖို့ အတွက် ပါနိုင်ဖို့လုပ်တဲ့နေရာမှာ အထစ်အငေါ့တွေ အတိုင်း အတာတစ်ခုအထိတော့ ရှိခဲ့တယ်လို့ နားလည်ပါတယ်။ ဒီဟာတွေကိုလည်း ကျွန်မတို့ တတ်နိုင်သမျှ ပြုပြင်ပေးပါ မယ်။ ထင်သာတဲ့ အွန်လိုင်းသုံးတဲ့ ပြည်သူတွေများတဲ့အခါ ကျတော့ ကျွန်မတို့အစီအစဉ်တွေက မလုံလောက်တာတွေ ရှိမှာပေါ့။ မလုံလောက်တာတွေရှိတော့ ဒါတွေကို ဘယ်လို ပုံစံနဲ့ ပြင်မလဲဆိုတာကိုလည်း အခုချက်ချင်းလက်ငင်း စဉ်းစားနေပါတယ်။ အမြန်ဆုံးကျွန်မတို့ အကောင်အထည် ဖော်ပေးပါမယ်။ ဒါကြောင့် ကျွန်မ အရင်လည်းပြောဖူးပါ တယ်။ စိုးရိမ်မလွန်ကြပါနဲ့၊ သတိတော့ ရှိကြပါ။ ကျွန်မတို့ ပြည်သူတွေရဲ့ကျန်းမာရေးအတွက်ရော ပြည်သူတွေရဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့အခွင့်အရေး အပြည့်အဝရနိုင်ဖို့ အတွက်ကို အတတ်နိုင်ဆုံး လုပ်နေပါတယ်။ လုပ်တာ လည်း အောင်မြင်မှုရှိပါတယ်။
အောင်မြင်မှုရှိတယ်ဆိုတာ ဘာကြောင့်လဲဆိုတော့ အားလုံးကဝိုင်းပြီး ကူညီချင်တဲ့စိတ်တွေရှိလို့ပါ။ ကူညီချင် စိတ်ရှိရုံနဲ့တော့ မလုံလောက်ပါဘူး။ တကယ်ကူညီဖို့ တော့ လိုပါလိမ့်မယ်။ ကူညီချင်တဲ့စိတ်ရှိပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေးကို ကိုယ်မစောင့်ရှောက်ဘူးဆိုရင် နိုင်ငံတော် ကို ကူညီရာ မရောက်ပါဘူး။ ဒါကျွန်မထပ်တလဲလဲ ပြောနေ တဲ့ကိစ္စပါ။ ပြည်သူတွေ တစ်ယောက်ချင်းတစ်ယောက်ချင်း က ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ၊ ကျန်တဲ့ဟာတွေကို နိုင်ငံတော်က အတတ်နိုင်ဆုံးကြည့်ပြီး လုပ်ပေးပါ့မယ်။ ဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတဲ့ ရောဂါတစ်ခု ကို ထိန်းနိုင်ဖို့ဆိုတာကလည်း ပြည်သူပြည်သား တော်တော်များများက စိတ်ဓာတ်တက်တက်ကြွကြွနဲ့ ပါဝင်ပြီး ပူးပေါင်းလုပ်ဆောင်တဲ့အတွက် ဒီလောက်အထိ လုပ်နိုင်တယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျေးဇူးတင်တယ်လို့ပြောပါရစေ။ နောက်ဆုံးမှာတော့ ကျေးဇူးတင်စကားနဲ့ နိဂုံးချုပ်ပါရစေ။ ပြည်သူ ပြည်သား တွေကိုလည်း ကျေးဇူးတင်တယ်။ ပြည်တွင်းကနေပြီး ကျန်းမာရေးအရ ကိုဗစ်ရောဂါ မပြန့်ပွားအောင် တတ်နိုင် သမျှလုပ်ပေးတဲ့ ပြည်သူပြည်သားတွေကိုလည်း ကျေးဇူး တင်ပါတယ်။ နိုင်ငံခြားမှာရောက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသား များဟာ နိုင်ငံသူ၊ နိုင်ငံသားများ တာဝန်ကျေပွန်စွာနဲ့ကျွန်မ တို့ရဲ့နိုင်ငံသိက္ခာကို ထိန်းသိမ်းသောအားဖြင့် ရွေးကောက်ပွဲ မှာ တက်တက်ကြွကြွပါဝင်ပြီးတော့ ကြိုတင်မဲတွေ ပေးနေ တဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။
အားလုံး ကျန်းမာချမ်းသာစွာ နေနိုင်ကြပါစေ။ နေလည်း နေကြပါ။