
ဆောင်းပါး
========
ပတ္တမြား စီတပ်၊ လေးစင်းယပ်နှင့်၊ လျှပ်လျှပ်ရွှေဘုံ၊ မင်းခမ်းစုံလျက်
==============================================
ဆူးငှက်
ဝါတွင်းကာလရောက်လျှင် မန္တလေးက အလှူခံ တီးဝိုင်း အဖွဲ့တွေအကြောင်း လွမ်းဆွတ်သည်။ ဝါတွင်းဆွမ်းကြီး ကပ် ဝတ်တက် အရုဏ်တော်အသင်းကြီးတွေကို လွမ်း ဆွတ်သည်။ တော်သလင်းလပြည့်နေ့မှာ ဝင်းခင်းပြီး ဆွမ်းကပ်သော ရတနာပုံ ဗုဒ္ဓဘောဇနိယအရုဏ်တော် အုပ်အသင်းကြီးအကြောင်း ပြောမဆုံးဖြစ်နေတတ်သည်။
ရတနာပုံဗုဒ္ဓဘောဇနိယ အရုဏ်တော်အသင်း
ရတနာပုံဗုဒ္ဓဘောဇနိယ အရုဏ်တော်အသင်းကြီးကို ''အုပ်သင်း''ဟုခေါ် ကြသည်။ အသင်းတည်ရာက ဈေးချို အနီးမှာ။ ဤအသင်းကြီး၏ ထူးခြားမှုမှာ ဆွမ်းအုပ်များကို ဆိုင်းထမ်းဖြင့် ရှေ့နောက်တန်းသော ပိတ်ဖြူဝတ် အရုဏ် တော် အသင်းသားများသည် လူငယ်လေးတွေချည်းဖြစ်ပြီး ကြေးရတတ်သားလေးတွေချည်း ဖြစ်ကြသည်။ သူတို့ ထမ်းသောဆိုင်းထမ်း ထမ်းပိုးက ဟင်္သာပြဒါးသုတ် ရွှေရေး ချ ကနုတ်ပန်းညွန့်လေးနှင့်ဖြစ်၏။ ဆွမ်းအုပ်ကလည်း ရွှေအုပ်၊ ငွေအုပ်၊ မြအုပ်များဖြစ်သည်။ ဆွမ်းအုပ်ဆိုင်းကြိုး များမှာ ဇွန်၊ စံပယ်ပန်းတို့ဖြင့် အလှဆင်ထားသေးသည်။ ထိုကဲ့သို့ ဆွမ်းအုပ်များက ရာချီရှိ၏။ တစ်သီတစ်တန်းကြီး။ အုပ်သင်းမှာပါဝင်သောတူရိယာတွင် ဗုံတောင် ပလုတ် တုတ်ဝိုင်းအပြင် ရှမ်းအိုးစည်ဝိုင်းလည်း တခမ်းတနားပါ တတ်သည်။ ဈေးချိုအနီး လက်ဖက်ခြောက်ပွဲရုံ ပွဲစားကြီး များလည်း အုပ်သင်းမှာ ပါဝင်ကြတော့ ရှမ်းအိုးစည်ဝိုင်းလည်းပါဝင်ရမှာပေါ့။ ရတနာပုံဗုဒ္ဓဘောဇနိယ အရုဏ်တော် အသင်းကြီးကို ၁၂၈၅ခုနှစ် ကတည်းက ထူထောင်ခဲ့သဖြင့် ယခုအခါ သက်တမ်း ၉၇နှစ်ရှိပါပြီ။
မင်းနေပြည်ဖြစ်ခဲ့ဖူးသော မန္တလေးမှာ
မန္တလေးတွင် အလားတူ အရုဏ်တော် အသင်းကြီး များအနက် သက်တော်ရှည် အရုဏ်တော် အသင်းကြီး တစ်သင်းမှာ သူရဲတပ်အရုဏ်တော်အသင်း ဖြစ်သည်။ သူရဲတပ်အရုဏ်တော်က မူလအစ ရတနာပုံခေတ် မင်းတုန်းမင်းလက်ထက်ကတည်းက ရှိခဲ့သည်ဟုဆို၏။ ၁၂၈၂ ခုနှစ်တွင် ထပ်မံ ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ သူရဲတပ်အရုဏ်တော် ဝတ်အသင်းကြီးလည်း အခက်အခဲ ကြားမှ နှစ်စဉ် ဝတ်မပျက် အရုဏ်တော်လှည့်နေပါသေး သည်။
ယခုအခါ မန္တလေးတွင် နာမည်ကြီး အရုဏ်တော် အသင်းကြီးများ အတော်များများ ပျောက်ကွယ်သွားပါပြီ။ ယခင်က ရွှေလှံအရုဏ်တော်၊ ပေါက်ပေါက်တန်း အရုဏ်တော်များ ရှိခဲ့ဖူးပါသည်။ မိတ္တအရုဏ်တော်ကြီး လည်း အခုချိန်ထိတော့ ဆင်နွှဲနေဆဲဖြစ်၏။ မိတ်ဆွေနှင့် ကျွန်တော်လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း အရုဏ်တော် အသင်းတွေ အကြောင်းပြောကြတော့ မင်းနေပြည်ဖြစ်ခဲ့ ဖူးသော မန္တလေးမှာ လက်ထက်တော်အခါများဆီက မင်းခမ်းမင်းနားများ၏ ကြီးကျယ်ခမ်းနားပြီး မျိုးရိုးဇာတိ ဂုဏ်မြင့်မားခဲ့ကြမှုကို ပါတော်မူပြီးနောက် လွမ်းဆွတ် တသမှုများ ပိုကဲလာခြင်းကိုလည်း တစ်ဆက်တစ်စပ် ပြောမိကြ၏။
ထီးဖြူယပ်မား မင်းခမ်းတော်များထုံးစံ
ကိုယ့်မင်းကိုယ့်ချင်းအချိန်က ဘာသာသာသနာအပေါ် မြှောက်စားအားပေးခဲ့ပြီးနောက် တိုင်းတစ်ပါးသား လက်အောက်တွင် ဘာသာသာသနာအား မညှိုးမှိန်ရ အောင် ကိုယ့်အမျိုးသားအချင်းချင်း အားပေးချီးမြှင့်ကြ ရာတွင် ရှေးယခင်က ရှေးမြန်မာမင်းများကဲ့သို့ တုပ ချီးမြှောက်ရာမှ အရုဏ်တော်အသင်းကြီးများတွင် ရှေ့ဝင်း၊ နောက်ဝင်းများ မင်းခမ်းမင်းနားများပါဝင်လာကြသည်။ သာသနာ့အောင်လံ တံခွန် ကုက္ကား မုလေးပွားများနှင့် ရွှေထီး၊ ထီးဖြူ၊ ရွှေမောင်းငွေမောင်း၊ ရွှေယပ်၊ ရွှေယပ်မား၊ ရွှေကွမ်းတောင်၊ ရွှေဆွမ်းအုပ်များဖြင့် လှည့်လည်ကြသည်။ ထီးဖြူယပ်မား မင်းခမ်းတော်များ ထုံးစံအတိုင်းခင်းကျင်း သည်နှင့်ပတ်သက်၍ ကန္နီမြို့စစ်ကဲမင်းရာဇာက ဤသို့ ပြဆိုထား၏။
နန်းကြီးသဘင် တင့်ကဲတည်း
“ဘုန်းတော်ရောင်ခြည်၊ ဖြန့်ဝင်းလည်လျက်၊ အပြည် ပြည်မင်း၊ ခွန်သွင်းညွတ်ခ ရှိပန်သသည်၊ အမရအောင်ခန်း၊ တည်ဦးနန်းကို၊ စံမြန်းဖက်မဲ့၊ သင်္ချာဖွဲ့မှု၊ သုံးဆယ့်အလွန်၊ လေးနှစ်မွန်တွင်၊ မိုးစွန်စွင့်စွင့်၊ ဘုံသစ်တင့်၍၊ လှစ်ဖွင့် ဥကင်၊ မင်းပွဲယင်သော်၊ ပလ္လင်ရတနာ၊ မြတ်သီဟာမှ၊ ဝဲယာသင့်မှန်၊ ကျင်းစဟန်ကား၊ နဗဒဏ္ဍ၊ ထီးမြောက်နား၊ ရွှေယပ်မားနှင့် တစ်ပါးတင့်မော၊ မနောဟရ၊ သည်မှ မြောက်ပါး၊ ယပ်မားချပ်ကာ၊ အာပတ္တရ၊ ထီးမှမြောက်မှ၊ ဝိဇယာပတ္တရ၊ ဖြူလွရွက်ပြိုင်၊ လေးဆိုင်ဖားဖား၊ နှစ်ယပ် မားနှင့်၊ မပြားလက်ယာ၊ နည်းတူလာတွင်၊ ရှေးစာတမ်း ထွက်၊ လက်ဝဲဖက်ကာ၊ ကနက္ကဒဏ်၊ ရောင်ဝှန် တောက်ပ၊ သူရိယနှင့်၊ ပဒုမ သမုတိ၊ မည်ရှိ ညာက၊ ကမ္ဗုစသား၊ စန္ဒ ကုမုဒြာ၊ သည်သာ ဝိသကြုံ၊ မျက်စုံခြယ်နှိပ်၊ ဖြူဝန်း ရိပ်နှိုက်၊ ခြူးစိတ်မျက်မြွှာ၊ လက်တင်ကြာနှင့်၊ ကေသရာခံ၊ မင်းစံကွမ်းခွက်၊ ဆက်သာလည်းကောင်း၊ ကွမ်းလောင်း တော်ဝယ်၊ ရောင်နွှယ်သလပ်၊ လျှပ်လျှပ်ပြောင်ပြောင်၊ သလင်းမြောင်သစ်တိုင်း၊ ဆိုင်းဆိုင်းကျပ်လျား၊ ရှေးကား ဝင်းဝင်း၊ ခြေနင်းဖိနပ်၊ သားမြီးယပ်နှင့်၊ စပ်ကာသံလျက်၊ စီးမြက်တောင်ဝေး၊ စွေးစွေးဝင်းလျှံ၊ ခြင်္သေ့ခံကား၊ ရွှေကား အိုးပျစ်၊ ဦးသစ်စံမြောက်၊ မေးထောက်ကျီးခြေ၊ ရွှေမြူတာ နှစ်၊ ရွှေပန်းသစ်နှင့်၊ ရောင်လှစ်ဖြာဖြား မြတ်လက်ယာမူ၊ ရတနာပန်းတောင်း၊ မြတ်ကောင်း စီယှက်၊ ကွမ်းခွက် ရှစ်ထောင့်၊ ရည်ဖြောင့်မျက်ပြွံ၊ နဂါးခံကွမ်းခွက်၊ ဆက်ကာ စွင့်စွင့်၊ စလင့်ကြာနှစ်၊ သစ်သစ်ရောင်မောင်း၊ ကွမ်းလောင်းကြီးက၊ ညီးညီးလျှပ်လျှပ်၊ ကွမ်းချပ် ကွမ်း တောင်း၊ တင့်ကြောင့်စီလျည်၊ ရှေ့တစည်မူ၊ ကောင်းယဉ် အလုပ်၊ နန်းဆွဲအုပ်နှင့်၊ ရွှေရုပ်တင့်ဆန်း၊ မကာရ်းကရား၊ ရွှေသားအိုးဖြစ်၊ မျက်နှစ်ရေတင်၊ ရွှေစင်ပျတို့၊ ဆယ်ဖို့ ရည်ပြောင်း၊ တကောင်းဖလား၊ ရွှေသားပန်းပါ၊ မြူတာ ရောင်ဝှန်၊ နှလုံးမွန်စွ၊ တံခွန်ရွှေသား၊ ခုနစ်ပါးလည်း၊ လွှားလွှားစိုက်ထူ၊ မြတ်တူရှူဝယ်၊ မပြူရန်ငွေ့၊ လွင့်ဓလေ့ တည့်၊ ရှေ့ပလ္လင်ရင်း၊ ဝဲယာကျင်းသည်၊ နှစ်စင်းစီသာ၊ သိင်္ဂါရောင်ပြား၊ ပတ္တမြားစီတပ်၊ လေးစင်းယပ်နှင့်၊ လျှပ်လျှပ်ရွှေဘုံ၊ မင်းခမ်းစုံလျက်၊ ရောင်ဟုန်ညီးညီး၊ အံ့မပြီးသည်၊ နန်းကြီးသဘင် တင့်ကဲတည်း”ဟူ၍ဖြစ်၏။
ထားဝယ်အမှုထမ်းများ
သူရဲတပ် အရုဏ်တော်ကြီးတည်ရှိရာ အနီးတွင် ထားဝယ်ရပ်ကွက်လည်း ရှိသည်။ ထားဝယ်ရပ်မှာလည်း ဘုရင်၏စစ်သည်တော်များ နေထိုင်ခဲ့ရာအရပ်များဖြစ် သည်။ မင်းတုန်းမင်းလက်ထက်က စစ်တန်းလျားများ သာရှိပြီး အရပ်သားအိမ်များ မရှိသေးဟုဆို၏။ စစ်တန်း လျား ခြောက်လိုင်းရှိခဲ့သည်။ နောက်အရပ်သားများ နေရာ ချထားသောအခါ လက်မှုပညာ၊ ပန်းထိမ်အတတ်၊ ပန်းပဲ အတတ်ပညာသည်များ ပါဝင်လာကြသည်။ မန္တလေး ဆေးရုံကြီး တောင်ဘက်တွင်လည်း အလားတူစစ်တန်း လျားများရှိသေးသည်။ သူတို့ကို တောင်ထားဝယ်စု ခေါ်ခဲ့၏။
ထားဝယ်အမှုထမ်းများသည် ကိုယ်ရံတော်အမှုထမ်း များဖြစ်သည်။ ဘိုးတော်ဘုရားလက်ထက်တော်အခါက တောင်ထားဝယ်ဆောင်တွင် အိပ်ဖန်တက်နေထမ်းရွက်သူ များကို တောင်ထားဝယ် အမှုထမ်းဖွဲ့ခဲ့သည်။ တောင်ထား ဝယ် အမှုထမ်းများကို လက်ယာလက်ဖမိုး၌ ခြင်္သေ့ရုပ်ထိုး စေ၏။ တောင်ထားဝယ် အမှုထမ်း ၆၇၅ ယောက်ကို တစ်လလျှင် လစာတော် ကျပ် ၇၇၃ဝ သနားတော်မူသည် ဆို၏။ မြောက်ထားဝယ် အမှုထမ်း ၆၈၅ ယောက်ကိုလည်း လစာငွေကျပ် ၇၈၄ဝ သနားတော်မူခဲ့သည်။
ထားဝယ်အမှုထမ်းများသည် မြန်မာပြည်အောက်ပိုင်း တနင်္သာရီ၊ ရေး၊ မြိတ်၊ ထားဝယ် ဘက်က စစ်သည် အမှုထမ်းများဖြစ်သည်။ ဟံသာဝတီ ဆင်ဖြူရှင်လက်ထက် က ထားဝယ်မြို့ပါ သူရဲကောင်းသားမျိုးတို့ အဆက် အနွယ်များဟုဆိုသည်။ မြောက်ပြင် ထားဝယ်ရပ်တွင် ထားဝယ်ဓမ္မာရုံကြီးရှိခဲ့သည်။ ရတနာပုံခေတ်ကတည်းက သစ်သားရှေးဟောင်း ဓမ္မာရုံကြီး ဖြစ်သည်။ ၁၉၉၃ ခု ကျုံးပတ်လမ်းတိုးချဲ့ဖောက်လုပ်သောအခါ မူလဓမ္မာရုံကြီး အစား ဓမ္မနိဗ္ဗန္ဓ ထားဝယ်ဓမ္မာရုံအသစ်ကြီး ပေါ်ထွက်လာ ခဲ့သည်။
ရတနာပုံခေတ်၏ အငွေ့အသက်
ထားဝယ်ရပ်အနီးတွင်လည်း သပိတ်တန်းရပ်ကွက် လည်းရှိပါ၏။ သပိတ်တန်းဓမ္မာရုံလည်း တည်ရှိသည်။ သပိတ်တန်းရပ်ကွက်မှာ ရှေးက သပိတ်လုပ်ကိုင်သူများ နေထိုင်ခဲ့သည်။ ရှေးက သပိတ်လုပ်ခဲ့သော သံတိုသံစများ ကို ယခုထိတွေ့နိုင်ပါသေးသည်။ စည်သာလမ်းအနားက ဖိုပေါက်ဝင်းကတော့ ပန်းပဲဝန်၏ အဆက်အနွယ်များ နေထိုင်ခဲ့ကြသည်။ ယခုထိ စည်သာလမ်း တစ်ဖက် တစ်ချက်တွင် ပန်းပဲဖိုများ၊ ပန်းပဲဖိုထွက် သံထည်ပစ္စည်း များ အမြောက်အမြား ရောင်းချနေကြသည်။ ဖားဖိုများ၊ သံဒယ်အိုးများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ လယ်ယာသုံး ပစ္စည်းများ၊ ပန်းထိမ်ဖိုသုံးပစ္စည်းများလည်း ထုတ်လုပ် လျက်ရှိပါသည်။
တကယ်တော့ မြောက်ပြင်သည် ရတနာပုံခေတ်၏ အငွေ့အသက်အများဆုံးကျန်နေဆဲရပ်ကွက်ကြီး ဖြစ်ပါ ၏။ ။
- Log in to post comments